Thursday, August 15, 2013
အစားအစာ၊ အလေ့အကျင့် နှင့် သွားကျန်းမာရေး
စနစ်မှန်သွားတိုက်နည်းအကြောင်းကို ပြောခဲ့ပြီးပြီဆိုတော့
ခုတစ်ခေါက်တော့ သွားနဲ့ခံတွင်း ကျန်းမာရေးကို
အထောက်အပံ့ဖြစ်စေတဲ့ အစားအစာတွေနဲ့ ထိခိုက်စေနိုင်တဲ့
အစားအစာတွေကို ပြောပြပါမယ်...
သွားနှင့်ခံတွင်းကျန်းမာရေးကို အထောက်အပံ့ဖြစ်စေသော အစားအစာများ
လူတိုင်းကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်ဖို့ရာ အစားအစာတွေကို
နေ့စဉ်စားသုံးနေကြပါတယ်..ခံတွင်းထဲမှာရှိတဲ့ သွားများကျန်းမာပြီး
ရောဂါကင်းနေမှသာ ယင်းအစားအစာများ ကိုကြေညက်အောင်
ဝါးစားနိုင်မှာဖြစ်ပါတယ်..သွားနဲ့ခံတွင်းကျန်းမာရေးကို အထောက်အပံ့
ဖြစ်ပေတဲ့ အစားအစာတွေကတော့ ကြက်ဥ၊နွားနို့၊ငါးကလေးများနဲ့
လတ်ဆတ်သော အသီးအနှံများပဲဖြစ်ပါတယ်...
သွားနှင့်ခံတွင်းကျန်းမာရေးကို ထိခိုက်စေနိုင်သောအစားအစာများ
အစားအစာများတွင် ချို၊ချဉ်၊ငံ၊စပ်၊ဖန်၊ဆိမ့်၊ခါး စသဖြင့် အရသာအမျိုးမျိုး
ရှိကြရာ လူတို့ဟာ မိမိနှစ်သက်ရာအစားအစာများကို ဦးစားပေးစားသုံး
ကြပါတယ်..ထိုအရသာများအနက် အချိုလွန်ကဲသော (သို့မဟုတ်) ချိုပြီး
စေးကပ်သော အစားအစာများကိုစားသုံးခြင်း၊ငုံထားခြင်းတို့သည်
ရေရှည်မှာ သွားများကို ထိခိုက်စေနိုင်ပါတယ်...ဒါကြောင့်အထက်ပါ
အစားအစာများကို လျှော့စားခြင်း ၊စားပြီးလျှင်ပလုတ်ကျင်းခြင်း၊
စနစ်မှန်သွားတိုက်နည်းဖြင့် သွားတိုက်ခြင်းတို့ဖြင့် သွားနှင့်ခံတွင်းရောဂါများကို
ကာကွယ်နိုင်ပါတယ်....
သွားနှင့်ခံတွင်းကျန်းမာရေးကို ထိခိုက်စေသော အလေ့အထများ
လူတို့ဟာမိမိကြီးပြင်းနေထိုင်ရာ ပတ်ဝန်းကျန်အခြေအနေအလိုက်
နေထိုင်စားသောက်ပုံ ကွာခြားနိုင်ပါတယ်..အချို့ဟာသွားနှင့်ခံတွင်း
ကျန်းမာရေးကိုထိခိုက်စေသောအလေ့အထများ၏ဆိုးကျိုးကို
ဂရုမစိုက်ဘဲ နှစ်သက်စွဲလန်းနေတတ်ပါတယ်..ဥပမာ- (ဆေးလိပ်၊
အရက်နဲ့ကွမ်းတို့ကို အလွန်အကျွံစားသုံးခြင်း)..ဒီလိုအလေ့အထတွေကို
ငယ်စဉ်ကတည်းကပင်ရှောင်ကြဉ်ဖို့ လိုအပ်လှပါတယ်...
ထို့အတူပဲ တစ်ခြားအလေ့အထများဖြစ်တဲ့ သွားကိုအသုံးပြုပြီး
ပစ္စည်းများကို ကိုက်ခြင်း ပုလင်းဖုံးဖွင့်ခြင်း စတာတွေကိုလည်း
ရှောင်ရှားသင့်ပါတယ်...
ခံတွင်းထဲမှာရှိတဲ့ စူးရှချွန်ထက်သော သွားအချွန်များ၊ နှစ်ကြာမြင့်စွာ
တပ်ဆင်အသုံးပြုထားလို့ ပျက်စီးနေတဲ့ သွားတုပစ္စည်းများကလည်း
သွားဖုံး၊ပါး၊လျှာ စတာတွေနဲ့ထိပါက အနာဖြစ်စေတတ်တာကြောင့်
ဖယ်ရှားပစ်သင့်ပါတယ်....
ပါး၊လျှာပေါ်၊လျှာအောက် နဲ့ အာခေါင်များမှ အဖု၊အကျိတ်၊အဖြူ၊အနီကွက်များ
ကိုတွေ့ရှိပါက သွားဘက်ဆိုင်ရာဆရာဝန်ထံအမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်.
အထက်ပါအမူအကျင့်များအနက် ဆောင်ရန်အကျင့်များကို လိုက်နာခြင်း၊
ရှောင်ရန်အကျင့်များကိုရှောင်ရှားခြင်း၊စနစ်မှန်သွားတိုက်ခြင်းနဲ့အချိန်မှန်
သွားတိုက်ခြင်းကို ဆောင်ရွက်ခြင်းအားဖြင့် တစ်သက်တာ
သွားနှင့်ခံတွင်းကျန်းမာရေးဆုလ်ာကိုရယူပိုင်ဆိုင်နိုင်ကြပါစေ.....
from Heath Education notes (PCD)
Dr.နှင်းငယ်
ကျွန်မကိုပြန်ခြောက်လှန့်နေသော ကျွန်မ၏အရိပ်
အသက်ငါးနှစ်...
မွေးစကတည်းကမီးရောင်ရှိမှအိပ်ပျော်တတ်သော
ကျွန်မအဖို့ မီးပျက်သွားလျှင် အိပ်ရာကအလိုလို
နိုးလာတတ်သည်မှာ အကျင့်တစ်ခုပင်ဖြစ်သည်။လပြည့်ညဖြစ်သဖြင့်
အခန်းထဲတွင်လရောင်များဖြာကျနေသော်လည်း ထိုလရောင်များက
ကျွန်မ၏အိပ်စက်ခြင်းကိုတော့ မကူညီနိုင်ပေ။ပတ်ဝန်းကျင်တွင်
လေတိုးသံတိုးတိုးကလေးမှအပ တစ်ခြားအသံများမကြားရအောင်ကို
တိတ်ဆိတ်လျက်။အခန်းထဲက အိပ်ရာထက်မှာတော့ ကျွန်မတစ်ယောက်တည်း
စောင်လေးကိုခြုံလျက် ပတ်ဝန်းကျင်းကို လေ့လာအကဲခတ်နေသည်။
တိတ်ဆိတ်ခြင်းကိုဖြိုခွဲသယောင်ဖြစ်နေသော ထိုလေတိုးသံများက
ကျွန်မစိတ်ကိုခြောက်ခြားစေသည်။မှန်ပြတင်းပေါက်အပြင်ဘက်မှာ
ှရှိနေသော သစ်ပင်ကြီးဆီမှလည်း သစ်ရွက်မြည်သံတို့ လွင့်ပျံလာလျက်။
တုန်လှုပ်သောစိတ်ကို ထိန်းချုပ်ခြင်းအလို့ငှာ အခန်းနံရံတွေဆီသို့
မျက်နှာလွှဲမိသည်။အရိပ်တွေ...သစ်ပင်တွေကိုလရောင်ထိုးထားသောကြောင့်
အခန်းနံရံမှာဖြစ်ပေါ်နေသော အရိပ်များ.လှုပ်ရှားနေသောထိုအရိပ်များကို စိတ်ကူးဖြင့်
ကျွန်မပုံဖော်နေမိသည်။ဒီအရိပ်က မေမေနဲ့တူတယ်..ဒီအရိပ်ကတော့ ကျွန်မ
မောင်လေး...ဒီအရိပ်ကတော့ ဆင်ကြီး..ဆင်အရိပ်ကြီးကိုကြည့်ရင်းနဲ့က
အစွယ်ဖွေးဖွေး ဘီလူးရုပ်ကြီးသို့ပြောင်းသွားသည်။ကြောက်လိုက်တာ..
ဘီလူးကြီးက တင်းပုတ်ကြီးကိုင်လို့ လှုပ်ရှားနေပါလား...နောက်...
ဘီလူးကနေ သရဲအဖြစ်သို့......ခန္ဓာကိုယ်ကအကြီးကြီးနဲ့
ပါးစပ်ပေါက်ကလေးက အပ်ပေါက်လောက်သေးသေးလေး..ထိုသရဲမျိုးက
ဘယ်လောက်စားစားဝတယ်ရယ်လို့မရှိဘူးတဲ့..အမြဲဆာလောင်နေသတဲ့..
နင့်ကိုလာစားမယ်..ဟားဟားးဟားးးးဆိုသောအသံနက်ကြီးကိုပေးလျက်
ကျွန်မဆီလာနေသယောင်..ခြုံထားသော စောင်ကို ခေါင်းပါလုံအောင် ခြုံပစ်
လိုက်သည်။ရသမျှ ဘုရားစာကို တတ်သလောက်မှတ်သလောက်လေး
ရေရွတ်မိသည်။လေတိုးသံများကလည်းပိုမိုကျယ်လောက်လာသည်။
စိတ်ထဲတွင်တော့လေတိုးသံများလို့မထင်မိ..ဘီလူးသရဲတို့ ကျွန်မကို
လာခေါ်သည့်အသံများဟု ထင်မိသည်။ထို့ကြောင့်စောင်ကိုမျက်နှာမပေါ်အောင်
ဖုံးလျက် နားကိုပိတ်..မျက်စိကိုမှိတ်ကာ အတင်းကြိတ်မှိတ်အိပ်ပျော်အောင်
ကြိုးစားလိုက်သည်။ကျွန်မကြောက်သော အရိပ်မည်းကြီးတွေရယ်..
ကျွန်မဆီကို မလာပါနဲ့နော်။။။။။။။။
အသက်နှစ်ဆယ့်ငါးနှစ်
ကိုယ့်မွေးရပ်မြေမှာ မဟုတ်ဘဲ တစ်ြခားမြို့နယ်မှာ တာဝန်ကျသောကျွန်မအဖို့တော့
အိမ်ပြန်ဖို့ခွင့်ရက်ရသည့်အချိန်တွေသည်အပျော်ဆုံးပဲဖြစ်ပေသည်။မောင်နှင့်
လက်ထပ်ပြီးကတည်းက ခွဲနေခဲ့ရသည်မှာ ကြာပေပြီ။အနည်းဆုံးတစ်လ
တစ်ခေါက်မှ ပြန်ဖြစ်သဖြင့် တူနှစ်ကိုယ်တိုင်းပြည်ဟူသော ဘ၀လေးကို
ခုချိန်ထိမခံစားခဲ့ရဖူးပေ။မောင်နှင့်က အိမ်နီးနားချင်းတွေဖြစ်သဖြင့်
ငယ်ငယ်လေးကတည်းက သံယောဇဉ်တွယ်ခဲ့ကြသည်။ငယ်သူငယ်ချင်းဘ၀မှ
တစ်ဆင့်တက်ကာ ချစ်သူဘ၀..ထို့နောက်တွင်မှ အိမ်ထောင်သည်ဘ၀..
ကျွန်မဘ၀တွင်အယုံကြည်ရဆုံးလူသားကိုပြပါဆိုလျှင် မောင့်ကိုပဲပြမည်မှာ
မလွဲဧကန်ပါပေ။တစ်ယောက်နှင့်တစ်ယောက်ခွဲနေရသော်လည်း မောင့်သစ္စာကို
ယုံကြည်သဖြင့် ဘယ်တော့မှ မစစ်ဆေးတတ်ပေ။ကျွန်မတို့အိမ်ထောင်ရေးသည်
အချစ် မေတ္တာ ကရုဏာ နားလည်မှု စတာတွေအပြင် သစ္စာနှင့်ပါ
တည်ဆောက်ထားခဲ့လေသည်။
ဒီတစ်ခေါက်တော့ကျွန်မအလုပ်ကနေ ခွင့်ရက်ရှည်ရသည်။ကျွန်မ အလုပ်မှာ
ကြိုးစားမှန်းသိသဖြင့် အလုပ်ရှင်သူဋ္ဌေးက ခွင့်ရက်ကို ပြန်နေကျအချိန်ထက်
စော၍တိုးပေးလိုက်ခြင်းဖြစ်သည်။ရုတ်တရက်ရလာသော အခွင့်အရေးဖြစ်သဖြင့်
မောင့်ကိုကျွန်မ မပြောမိ။ထိုအခွင့်အရေးကိုအသုံးချလျက် ကျွန်မ မောင့်ကို
အံ့သြ၀မ်းသာသွားအောင်လုပ်မည်။ဟုတ်ပြီ။မောင့်ကိုမပြောဘဲ အိမ်ကို
တိတ်တဆိတ်ပြန်သွားမည်။မမျှော်လင့်ဘဲကျွန်မကိုမြင်လျှင် မောင်တစ်ယောက်
ပျော်သွားလိုက်မည့်ဖြစ်ခြင်း။
ယူနေကျသေတ္တာလေးတစ်လုံးကိုဆွဲလျက် အိမ်ရှေ့ဆီသို့ တိတ်တဆိတ်
လှမ်းလာခဲ့သည်။ဒီနေ့ရုံးပိတ်ရက်ဆိုတော့ မောင်အလုပ်မသွားဘဲအိမ်မှာပဲ
ရှိနေမှာသေချာသည်။အိမ်ရှေ့ကခြံတံခါးကိုအသာတွန်းဖွင့်လိုက်သည်။
ဟင်..သော့ခတ်မထားပါလား..မောင်တစ်ယောက်ကတော့ တံခါးကို
သေချာလည်းမခတ်ပါလားလို့ စိတ်ထဲကအပြစ်တင်မိသည်။
အိတ်လေးကိုဆွဲကာ ခြေသံလုံလုံထားလျက် အိမ်တံခါးမဆီိသို့
လှမ်းလာခဲ့သည်။အိမ်ရဲ့ဘေးပတ်ပတ်လည်ကမှန်ပြတင်းပေါက်တွေကာထားသဖြင့်
ပြတင်းပေါက်မှတစ်ဆင့်အိမ်ထဲသို့ ခိုးကြည့်လိုက်သည်။
အရိပ်နှစ်ခု ကိုနံရံမှာ မြင်လိုက်ရသည်။ဆံပင်အရှည်အကောက်ကလေးနှင့်
မိန်းကလေးတစ်ယောက်က ကျွန်မအမြဲတမ်းမှတ်မိနေသော ပုံရိပ်တစ်ခုကို
ဖက်ထားသည်။ထို့နောက် ခိုးခိုးခစ်ခစ် ရယ်သံများ...တစ်ချိန်က ကျွန်မ ပိုင်ဆိုင်ခဲ့သော
ပုံရိပ်လေးတစ်ခုက ထိုဆံပင်အကောက်ကလေးကို ပွေ့ချီလျက်....ကျွန်မ မျက်နှာ
လွှဲလိုက်မိသည်။ထို့နောက်ကျောခိုင်းကာ ထိုအိမ်ကလေးဆီက လှည့်ထွက်ခဲ့သည်။
ထိုအရိပ်များ ကျွန်မ နောက်ကို လိုက်မလာပါစေနဲ့။ထိုအရိပ်များနှင့်လည်း
တစ်သက်လုံးကင်းကွာရပါလို၏။မျက်ဝန်းမှ မျက်ရည်တစ်စက် လိမ့်ဆင်းလာသည်။
အသက်လေးဆယ့်ငါးနှစ်
တစ်ယောက်တည်းဘ၀ကို ဖြတ်သန်းလာခဲ့တာ အနှစ် နှစ်ဆယ်ရှိပြီ။
ဘ၀ကို ရှင်သန်ရပ်တည်နိုင်ရန် အတွက် ကြိုးစားရုန်းကန်ရသည်။
ထမင်းတစ်နပ်အတွက် သမ္မာ တာရော မသမာတာရော အကုန်လုပ်ရသည်။
ဒါပေမဲ့ဘ၀ကပေးသော သင်ခန်းစာများအရ ကျွန်မ အရိပ်တွေကိုကြောက်သည်။
ငယ်ငယ်အရွယ်က ပတ်ဝန်းကျင်ကြောင့်ဖြစ်ပေါ်လာသော အရိပ်တွေ..
လူတစ်ဦးတစ်ယောက်ကြောင့်ဖြစ်ပေါ်လာတဲ့အရိပ်တွေကိုကြောက်သည်။
ယခုအသက်အရွယ်ရလာတော့ ကိုယ့်အရိပ်ကို ကိုယ်ပြန်ကြောက်လာသည်။
နေပူထဲထွက်လျှင် ကိုယ့်အရိပ်မည်းကြီးက ကိုယ့်နောက်မှာ အစဉ်အမြဲ
ကပ်ပါလာလျက်။မကောင်းမှုလုပ်ခဲ့တာ နင်လေ..နင်အသက်ရှင်ဖို့
တစ်ခြားသူတွေကို စတေးခဲ့ရတာ..အဲ့ဒါနင်လေ..
ကျွန်မ အရိပ်က ကျွန်မကို ပြန်ပြီးလက်ညှိုးထိုးနေသယောင်..
ထိုအရိပ်များနှင့် ကျွန်မ ဝေးကွာလိုသည်။အမြဲတမ်းခြောက်လန့်နေသော
အရိပ်မည်းကြီးတွေ ကျွန်မနောက်ကိုဆက်မလိုက်စေရန် ဆုတောင်းမိသည်။
သို့ပေမဲ့အချည်းနှီး။သစ်ပင်ကအရိပ်ကိုကြောက်လန့်ခဲ့တုန်းက မျက်လုံးကို
ဇွတ်မှိတ်ပြီး နေခဲ့ဖူးသည်။ဖောက်ပြန်သော ယောက်ျားနှင့်မိန်းမ အရိပ်တွေကို
မမြင်ချင်တုန်းက ကျောခိုင်းလှည့်ထွက်ကာ အရိပ်တွေကို ရှောင်ခဲ့ဖူးသည်။
ယခု ကျွန်မ အကုသိုလ်ကပေးနေသော ကျွန်မအရိပ်...ထိုအရိပ်မည်းကြီးနဲ့
ဝေးကွာလိုသော ကျွန်မ...ဘယ်လိုရှောင်ပုန်းရပါ့မလဲ...............
(၀န်ခံချက်..ဆယ်တန်းတုန်းက ဆရာချယ်ရီမြေပြောပြသာ
Shadow ဆိုတော့ စာနှစ်ပိုဒ်အား မှတ်မိသ၍ ရေးသားထားခြင်း
ဖြစ်ပါသည်.နောက်ဆုံးအပိုဒ်ကတော့ ကျနော့်စိတ်ကူးသက်သက်ပါ)...
နှင်းငယ်
Wednesday, August 14, 2013
ကန္တာရဆူး - အပိုင်း ၄ (ဇာတ်သိမ်းပိုင်း)
ကန္တာရ ဆူး
အပိုင်း ( ၄ ) ဇာတ်သိမ်းပိုင်း..
"မေမေ..မေမေ...သားသားခေါ်နေတာကြာပြီ..ဖေဖေ့ပုံကိုထည့်ဆွဲမယ်လို့ပြောနေတာ..
မေမေကပြန်လည်းမပြောဘူး."....
ကျွန်မတွေးတောနေမိတာ ဘယ်လောက်တောင်ကြာပြီလဲမသိ....သားသားကကျွန်မနောက်ကျောကနေသိုင်းဖက်ပြီး
နားနားလေးကိုကပ်လျက် စကားလာပြောတော့မှ ကျွန်မ အတွေးတို့ရပ်တန့်သွားသည်....
"အော်..အေး..သားထည့်ဆွဲလေ...ဆွဲလို့ရပါတယ်သားရဲ့."...
သားငယ် ချက်ချင်းခဲတံလေးကိုကောက်ကိုင်လျက်မိသားစုသုံးယောက်နှင့်
ဒိုင်နိုဆောချခန်းကိုဆက်ဆွဲလေသည်..ကျွန်မ မျက်လုံးအိမ်မှာ မျက်ရည်တို့တွဲခိုလျက်.
"တိတ်..တိတ်..မယ်နု..နင်ငိုလို့မဖြစ်ဘူး....နင့်သားရှေ့မှာ နင်မျက်ရည်ကျလို့ လုံးဝမဖြစ်ဘူး...
နင်ငိုရင် နင့်သားငိုမယ်...နင့်သားကို စိတ်ဓာတ်ပျော့ညံ့မှုတွေပေးတဲ့ မိခင်တစ်ယောက်လုံးဝမဖြစ်စေရဘူး...
ထိန်းစမ်း..ကိုယ့်စိတ်ကိုပြန်ထိန်း"...
ကျွန်မ မငိုမိပါ..ကျွန်မသားရှေ့မှာ ကျွန်မ ဘယ်တော့မှမငိုစေရလို့ လည်း ဟိုးအရင်
ကတည်းက စိတ်ပိုင်းဖြတ်ထားပြီးသားဖြစ်သည်...
........................................................................................................
သားလေးမွေးပြီး ကျွန်မတို့မိသားစုသုံးယောက်လုံးကျွန်မ မိဘအိမ်ပြန်လာခဲ့ကြသည်..
ကျွန်မကျောင်းဆက်တက်သည်...သူလည်းကျောင်းဆက်တက်သည်...
ကျွန်မ သားလေးကိုရင်ခွင်ထဲထည့် နို့ချိုတိုက်ကျွေးရင်း စာကျက်ခဲ့ရသည့်ညတွေမနည်း...
ကျွန်မကြိုးစားသည်..ကျွန်မ ဆရာဝန်တစ်ယောက်ဖြစ်မှဖြစ်မည်..ဒီယောက်ျားကဘယ်အချိန်ကျွန်မကို
စွန့်ပစ်သွားမည် မသိ.....တရားရုံးမှာလင်မယားကွာရှင်းကြလျှင်ကျွန်မသားကို ကျွန်မပိုင်ဆိုင်ခွင့်ရဖို့
ကျွန်မ ပညာတတ်မှရမည်..အစစအရာရာကျွန်မ သူ့ထက်သာနေမှရမည်...ထိုစိတ်တို့ဖြင့်ကျွန်မ စာကျက်သည်...
ကျွန်မသာတစ်တန်းပြီးတစ်တန်းအောင်ပေမဲ့ သူကတော့စာစိတ်မ၀င်စားသဖြင့်တစ်တန်းပြီးတစ်တန်းကျလေသည်.
.နောက်ဆုံးသူကျောင်းထွက်လိုက်သည်..အပြင်အလုပ်လုပ်သည်..ဒီကြားထဲ ကျွန်မအိမ်ပေါ်တက်နေလျက်နှင့်
ရိုက်လားပုတ်လားကလည်း လုပ်သေးသည်.....ကျွန်မသည်းခံပါသည်.
.ကျွန်မသားလေးဖခင်မဲ့မည်ဆိုသောစိတ်ကလေးတစ်ခုတည်းဖြင့် ကျွန် အတိုင်းအဆမရှိသည်းခံခဲ့လေသည်...
ကျွန်မ မိဘတွေလည်းမသိစေရ..သားလေးလည်းမသိစေရဘဲ ကျွန်မ ငိုခဲ့ရသည့်ညတွေမနည်း...
မှတ်မှတ်ရရ ကျွန်မနောက်ဆုံးနှစ်ကျောင်းသူဘ၀ ဒုတိယနှစ်ဝက်စာမေးပွဲဖြေခါနီးမှာ
သူအိမ်ပေါ်ကဆင်းသွားလေသည်..ကျွန်မတို့ကျောင်းထက် သူတို့ အဝေးသင်ကစာပိုများသည်တဲ့..
ကလေးပဲထိန်းနေရတော့သူ့စာကိုသူမကျက်ရသဖြင့် ကျွန်မတို့မိသားစုက
သူ့ကိုအသေသတ်နေသည်ဆိုသော အကြောင်းပြချက်ဖြင့် ကျွန်မအိမ်ပေါ်က ဆင်းသွားလေသည်..
ကျွန်မ မတားမိ...သူအိမ်ပေါ်ကဆင်းသွားကတည်းကသူအပါအ၀င်သူ့မိသားစု
တစ်ယောက်တစ်လေမျှ ကျွန်မကို မဆက်သွယ်..အချိန်ကြာလာတာနှင့်အမျှသွေးအေးခြင်းနှင့်အတူ စိတ်နာလာသည်...
ကျွန်မ နောက်ဆုံးနှစ်စာမွေးပွဲကိုလည်း အလွတ်အောင်သည်..ကျွန်မ ဆရာဝန်တစ်ယောက်ဖြစ်ပြီ..
နာမည်ရှေ့မှာဒေါက်တာတပ်ခေါ်ခံရတော့မည်..
တွေးရင်းကျွန်မအားရှိလာသည်..ကျွန်မ ထိုယောက်ျားကို မပေါင်းချင်တော့...
ဒီလိုနဲ့ပဲကျွန်မဘေးမှာသားလေးကအမြဲအဖော်ပြုရင်း ကျွန်မရင့်ကျက်လာခဲ့သည်..
သားလေးကလည်းအရွယ်နဲ့မလိုက်အောင်အရမ်းသိတတ်လွန်းသည်..
သူ့အဖေအကြောင်းပြောလျှင်ကျွန်မ မျက်နှာပျက်မှန်းသိတော့ ကျွန်မရှေ့ဘယ်တော့မှမပြော..
သူ့အဘွား(ကျွန်မ အမေ)က တစ်ခါတစ်ခါ "နင့်အဖေကလေ" ဟုသုံးနှုန်းလိုက်လျှင်
သူ့အဘွားပါးစပ်ကိုသူ့လက်ညှိုးကလေးနဲ့အသာသွားပိတ်ပြီး.
"ဘွား..မပြောနဲ့..မေမေ ငိုလိမ့်မယ်" တဲ့...
တစ်ခါကလည်း ကျွန်မကို သူတောင်းဆိုသည်...သူ့တောင်းဆိုချက်ကိုကြားရပြီး
ကျွန်မ လန့်ဖျက်ခြင်းနှင့်အတူ ငေးငိုင်သွားခဲ့ရသည်..
"မေမေတဲ့..သားသားကိုဖေဖေတစ်ယောက်လောက်ရှာပေးပါတဲ့..ဟိုသားသားအဖေအရင်းကို
ပြောတာမဟုတ်ပါဘူး..ဖေဖေ့လိုဖေဖေနောက်တစ်ယောက်ပါတဲ့"..
ကြားကြားချင်းကျွန်မရယ်လိုက်မိပေမဲ့ ချက်ချင်းသူ့ရင်ထဲကတောင့်တချက်ကိုကျွန်မမြင်လိုက်ရချိန်မှာ
ကျွန်မ မရီနိုင်တော့..သူ့မူကြိုမှာ မိဘအစုံအလင်နှင့်လာကြိုနေကြတဲ့သူငယ်ချင်းတွေကြား...
သူဘယ်လောက်ခံစားရမလဲ ကျွန်မမမှန်းဆနိုင်..သူ့မှာသူများတွေလိုဖခင်လိုသည်...သူများဖခင်တွေလို သူနဲ့တူတူ
ကစားပေးမည့် ယောက်ျားကလေးတစ်ဦးကို သူအလိုရှိသည်...
သူအားကိုးရာ သူအားထားရာ သူ့ရှေ့မှာရပ်တည်ပေးမည့် ယောက်ျားသားတစ်ဦးကိုသူတောင့်တသည်..
သူ့အဖေကိုကျွန်မ မုန်းမှန်းလည်းသိတော့ သူ့အဖေကိုတော့သူ မတောင်းဆို..
ဘယ်လောက်တောင်မှ ကျွန်မအပေါ် နားလည်ပေးသည့်သားလေးပါလိမ့်...
အဲ့ဒီညက ကျွန်မ အိပ်မပျော်..ကျွန်မငိုသည်..
အိပ်ပျော်နေသည့်သူ့မျက်နှာလေးကို ပွတ်သပ်နမ်းရှုပ်ရင်း ငိုမိလေသည်..
သားလေးနှင့်သူ့အဖေကွဲကွာသွားသည်မှာ နှစ်နှစ်ကျော်ခဲ့ပြီ...စစချင်းခွဲခွာကာစကတော့တော်တော်မေးသည်.
နောက်ပိုင်းကျ ကျွန်မချစ်ခြင်းတွေနှင့်အတူ သူ့အဖေကိုမေ့စေခဲ့လေသည်.
.ပြီးခဲ့သည့်စနေနေ့က ကျွန်မတို့မိသားစု ရိုက်ထားခဲ့သော ဟိုးလွန်ခဲ့တုန်းကပုံကို သားတွေ့သွားသည်..
သူ့ကိုချီပိုးထားသော သူ့အဖေကိုရုတ်တရက်သူမမှတ်မိ..
မေမေ ဒါဘယ်သူလဲတဲ့...ကျွန်မချက်ချင်းဘာပြန်ဖြေရမှန်းမသိ...
မေမေ့သူငယ်ချင်းလို့ ကျွန်မလိမ်ညာဖြေလိုက်မိသည်...မေ့နေခဲ့တာကြာပြီဖြစ်တဲ့
သူ့အဖေကို ကျွန်မ သတိမရစေလိုတော့..သားခဏတွေဝေသွားသည်..ပြီးတော့..
ကျွန်မကိုလက်ညှိုးထိုးလျက်
.".မေမေနော်..မေမေလျှောက်ပြောနေတာ..အဲ့ဒါသားသားဖေဖေတဲ့".
သားသားကသာ သားဖေဖေကိုသတိရနေတာပါ...သားဖေဖေကတော့နောက်ထပ်ကောင်မလေးတစ်ယောက်
ရနေပြီတဲ့..အဲ့ဒီကောင်မလေးက သူ့ကိုသိပ်ချစ်တာဆိုပဲ...
ဒီအကြောင်းတေကိုကျွန်မ မစုံစမ်းရစေဘဲ ကျွန်မနားထိရောက်အောင် သူ့အဖေက ပြောခဲ့လေသည်...
ကျွန်မ၀မ်းမနည်းမိ...
အမှန်တိုင်းပြောရလျှင် ထိုကောင်မလေးကို ကျွန်မ သနားသည်..
ကိုယ့်သွေးသားကိုတောင် စွန့်ပစ်သွားသော ထိုယောက်ျား၏ချစ်တယ်ဆိုသောစကားကို ထိုကောင်မလေးယုံလေသည်...
ဒါပေမဲ့ကျွန်မ မှာပြောပိုင်ခွင့်မရှိ..
ပြောပိုင်ခွင့်ရှိစေဦးတော့ ကျွန်မ ဘယ်တော့မှပြောမည်မဟုတ်...
ဝဋ်ကြွေးဆိုသည့်အမျိုးကပါလာလျှင်ဘယ်လိုမှရှောင်လွှဲလို့မရမှန်း ကျွန်မကိုယ်တိုင်
ကောင်းကောင်းကြီးခံစားဖူးသဖြင့် သိလေသည်....
မိန်းမတွေမှာ မာနရှိသည်..
အထူးသဖြင့် ဒဏ်ရာတွေအလူးအလဲနှင့်ဖြစ်နေသောမိန်းမတစ်ယောက်၏ မာန က ပိုကြောက်ဖို့ကောင်းလေသည်..
ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးကြတော့ သားလေးကို ဖခင်ကစွန့်လွှတ်ကြောင်း..
မိခင်ဖြစ်သူကျွန်မ ကသာ အုပ်ထိန်းကြောင်းထည့်ချုပ်လေသည်....
မခေါ်ချင်လို့သာရမယ်..မတော်ချင်လို့မရဘူးဆိုသော စကားအတိုင်း သားလေးရဲ့အဖေက သူဆိုတာ
ဒီတစ်သက်ဖျောက်လို့မရမှန်းလည်းကျွန်မ သိသည်.သားလေးတော်တော်နားလည်သည့်
အရွယ်ရောက်လျှင်တော့ ကျွန်မ အားလုံးကိုဖွင့်ပြောမည်..ခုအရွယ်ကတော့
အတော်ငယ်ရွယ်သေးသဖြင့် မပြောမိ..ဒီအချိန်မှာတော့ ကျွန်မစိတ်ထဲတွေးထားတာ
တစ်ခုပဲရှိသည်..ကျွန်မအသက်ရှင်နေတာ ကျွန်မ အတွက်မဟုတ်..ကျွန်မသားအတွက်
ကျွန်မ ရှင်သန်နေခြင်း...ကျွန်မသားကို ကျွန်မတစ်ယောက်တည်းရအောင်ပြုစုပျိုးထောင်ပြမည်..
ဒီမိန်းမတစ်ယောက်တည်းနှင့် ဒီသားလေး ဒီလိုလူလားမြောက်လာတာပါလားလို့ ကျွန်မ ပြချင်သည်..
ကျွန်မသားအတွက် ကျွန်မက အမြဲစံပြဖြစ်နေရမည်...
ကျွန်မသားအတွက် ကျွန်မက ဂုဏ်ယူစရာအမေ အမြဲဖြစ်နေစေရမည်....
..........................................................................................
.
ကျွန်မဘ၀မှာ ထိုယောက်ျားတစ်ယောက်သာချစ်ခဲ့..ထိုယောက်ျားတစ်ယောက်နှင့်သာ
ယူခဲ့ရသော်လည်း ထိုယောက်ျား၏ ချစ်ခြင်း ကြင်နာခြင်း ဂရုစိုက်ခြင်းတို့ကိုတော့စိုးစဉ်းမျှမရရှိခဲ့ပေ..
တစ်ခါတစ်ရံ ပင်ပန်းလွန်းသဖြင့် ကိုယ့်ကိုဂရုစိုက်သော ကိုယ့်ကိုချစ်သော
သူစိမ်းယောက်ျားလေးများအပေါ် စိတ်ညွှတ်မိလေသည်..
ထိုအချိန်မျိုးတွင် သားလေးကခေါင်းထဲအမြဲရောက်လာတတ်လေသည်..
မဖြစ်ဘူး..မဖြစ်ဘူး...အဲ့ဒီယောက်ျားလေးဘက်မှာလည်း အသိုင်းအ၀ိုင်းဆိုတာရှိတယ်...
င့ါသားလေးအနှိမ်ခံရမှာ...ပြီးတော့ ငါလည်းအမေတစ်ယောက်..
င့ါသားကိုဆိုရင်ရော..တစ်ခုလပ်ကလေးအမေနဲ့သဘောတူမလား..
အဲ့လိုပဲ အဲ့ယောက်ျားကလေးရဲ့အမေကရော သဘောတူပါ့မလား...
ထိုအတွေးတို့ဝင်ဝင်လာပြီး ကိုယ့်နှလုံးသားနှင့် သားလေးဘ၀ကိုလဲလှယ်လိုက်ရသည့် အချိန်တွေလည်းရှိခဲ့လေသည်....
မိန်းမတစ်ယောက်ရဲ့ဘ၀မှတ်တိုင်တွေမှာ လင်ယောကျာ်းနှင့်ကွာရှင်းခြင်းဆိုတဲ့
ထိပ်ဆုံး မှတ်တိုင်အကြီးကြီးလဲကျခဲ့မှတော့ ကိုယ့်နှလုံးသားရဲ့ဒဏ်ရာဆိုတာ
ပြောပလောက်တဲ့ ဒဏ်ရာမှမဟုတ်တော့တာပဲ........
ခုသားလေးသူငယ်တန်းရောက်နေပြီ...သူနဲ့အတူတူ ၀ လုံးရေးရသည်..
သူ့ကိုကျောင်းပို့ ကျူရှင်ပို့နှင့် ကျွန်မအချိန်တွေကိုမအားရအောင်ကျွန်မအစီအစဉ်ဆွဲထားသည်..
ပြီးတော့ သားလေးသိပ်ကြိုက်သော အော်ဂင်တီးကိုကျွန်မသင်နေသည်..
မနေ့က အေဘီစီဒီ တီးလုံးတီးပြတော့ တိုက်ခန်းတစ်ခန်းလုံးကို
မေမေ တီးတာအရမ်းကောင်းတာပဲ လို့ ကြွားနေသံကြားရသည်...ကျွန်မပျော်သည်..
ကျွန်မ ပင်ပန်းရကျိုးနပ်သည်...
အချိန်တွေဆိုတာကုန်မြန်လွန်းလှသည်...ဒီနေ့သူငယ်တန်းတက်နေသောသားလေး
နောက်တစ်ချိန်ကျလျှင် ကျွန်မ အရွယ်ကိုရောက်လာတော့မည်...
အမေဖြစ်သူကျွန်မက သူ့ကိုဘယ်တော့မှ မပစ်သွားပေမဲ့ သူ့ဘ၀မှာ အမေထက်ချစ်သောမိန်းကလေးရှိလာတော့မည်.....
သူ့ဘ၀ကိုသူတည်ဆောက်ဖို့ရန် ကျွန်မကိုတစ်ချိန်မှာခွဲသွားတော့မည်....
ထိုအချိန်များကိုတွေးလိုက်မိတိုင်းကျွန်မ နွမ်းလျစွာခံစားရသည်....
ဒါပေမဲ့သူ့အဖေလိုမျိုး ခင်ပွန်းမပီသသောယောက်ျားတစ်ယောက်မဖြစ်ရန်..
ဖခင်မပီသသော အဖေတစ်ယောက်မဖြစ်စေရန်ကျွန်မ သွန်သင်ဆုံးမရပေဦးမည်.......

ကန္တာရဆူး - အပိုင်း ၃
ကန္တာရဆူး -အပိုင်း ( ၃ )
ထိုနေ့မနက်ပိုင်းကတည်းက ကျွန်မ နေမကောင်း...ခါးရိုးတွေ အဆမတန်အောင် ကိုက်ခဲနေသည်...
ကိုယ်ဝန်ကလည်း လရင့်လှပြီ....ဆရာဝန်မကြီးပြောထားသော ရက်အတိုင်းဆိုလျှင်တော့
နှစ်ပတ်လောက်လိုသေးသည်..ဒါပေမဲ့ဒီနေ့ကျမှ ခါးရိုးတွေ မနေနိုင်မထိုင်နိုင်အောင်
ကိုက်ခဲလှသည်..ထိုင်လျှင်လည်းထိုင်၍ ထလျှင်လည်းထ၍ မရနိုင်အောင် နာကျင်လှသည်.
ညရောက်တော့လည်း တော်တော်နှင့်အိပ်မပျော်...၁၁နာရီလောက်မှမှေးခနဲအိပ်ပျော်သွားသည်.
ည တစ်နာရီ.....
"အား".....ကျွန်မ စူးဝါးစွာအော်မိသည်..ဘာဖြစ်လို့လည်းမသိ..ဗိုက်ထဲကထိုးနာလာသည်..
ဘာများအစားမှားလို့ပါလိမ့်...ကလေးကလည်းရက်ကလိုသေးတယ်..ဗိုက်နာတာကရိုးရိုးနာတာလား
ကလေးမွေးချင်လို့နာတာပဲလားလည်းမသိ..အိမ်သာထဲကိုကျွန်မပြေးသွားမိသည်.
အိမ်သာတက်ချင်တာလည်းမဟုတ်..ခနနေတော့ဗိုက်နာတာပျောက်သွားသည်.....
ငါ အစားမှားတာပဲနေမှာပါလေ..တွေးပြီး အိပ်လိုက်မိသည်..နောက်လေးဆယ့်ငါးမိနစ်လောက်
နေတော့ထပ်နာလာသည်...အိမ်သာထဲတစ်ခေါက်သွားသည်..မဟုတ်..သေချာပြီ....
ငါရင်သွေးလေးမွေးရတော့မည်..
"မောင်..ထ..ထ ..ကျွန်မ ဗိုက်နာတယ်...ကလေးမွေးချင်တာလားမသိဘူး..
ဆေးခန်းလိုက်ပို့ပါ"...
ဘယ်လိုနှိုးနှိုး မောင်ကတော့မနိုးပါ..မနိုးဆို ညက အရက်တွေနင်းကန်သောက်လာသည်ကိုး..မနိုးဘူးပေါ့..
မောင့်ကိုနှိုးမရသည့်အဆုံးတော့ ဗိုက်နာလာလျှင် အိပ်လို့လည်းမရသည့်အတူတူလမ်းထလျှောက်သည်.
ပျောက်သွားလျှင် ခန၀င်အိပ်သည်........
နာလိုက် ပျောက်လိုက် အချိန်ကလည်း တစ်ချိန်နဲ့တစ်ချိန် စိပ်စိပ်လာသည်...
"ရင်သွေးလေးကိုမီးဖွားချင်လို့ နာတဲ့အနာက ဘယ်လိုနာတာမျိုးနဲ့မှ မတူဘူးသမီး"
လို့ တစ်ချိန်ကပြောခဲ့ဖူးတဲ့အမေ့အသံလေးကို ပြန်လည်ကြားယောင်လာသည်..
အမေ..အမေဆိုမှ ဒီနေ့လည်းအမေ့ဆီ ဖုန်းမဆက်ဖြစ်...ဒီလိုအချိန် အမေင့ါဘေးနားရှိနေရင်တော့ အားရှိမှာသေချာသည်..
အော်..အမေလည်းတစ်ချိန်တုန်းကငါ့ကိုဒီလိုဗိုက်အနာခံပြီးမွေးခဲ့တာနေမှာ....
ခုတော့အမေ့ကျေးဇူးတွေကိုငါဒီလိုဆပ်ခဲ့မိပြီ....တွေးရင်းဝမ်းနည်းလာသည်...
ဒီလိုနဲ့ပဲ အမေ့ကိုတမ်းတရင်း နာကျင်တဲ့ဒဏ်ကိုကျိတ်မှိတ်ခံလျက်က မိုးစင်စင်လင်းခဲ့လေပြီ...
မနက်ရှစ်နာရီလောက် မောင်က ဆေးရုံ ကိုလိုက်ပို့သည်...
ကလေးမီးဖွားခန်းက နှစ်ထပ်မှာ...အဲ့ဒီထိ လမ်းလျှောက်လျက် ကျွန်မသွားသည်..
ဆေးရုံမှာ ကျွန်မလိုမိခင်လောင်းတွေ တွေ့ရသည်..ဗိုက်နာလျက် မီးဖွားရန်အသင့်စောင့်စားနေကြသော
မိခင်လောင်း လေးယောက်လောက်ကို ကျွန်မနဲ့တူတူတစ်ခန်းတည်းမှာထားသည်..
ထိုအခန်းကိုတော့မည်သည့်ယောက်ျားလေးကိုမှ ၀င်ခွင့်မပြုပေ..
တာဝန်ကျဆရာဝန် ဆရာဝန်မလေးများက အမြဲဗိုက်ကို လာလာစမ်းသည်..
ဗိုက်နာတာပျောက်သည့်အချိန်ကလည်း ခဏသာကြာတော့သည်.
နာကျင်သည့်အချိန်သာပိုပိုများလာသည်..ကျွန်မ မခံစားနိုင်...ခုနက ဆရာဝန်လေးလာစမ်းတော့ ပြောသွားသည်..
ညနေသုံးနာရီလောက်မှမွေးမတဲ့...
အမလေး....ခုမှ မနက်ဆယ်နာရီလောက်ပဲရှိသေးတယ်...
မဖြစ်ဘူး......နာကျင်တဲ့ဒဏ်ကိုမခံစားနိုင်တော့ဘူး...
"ဆရာမ...သမီးကိုခွဲမွေးပေးပါ"....နာကျင်စွာ အော်ဟစ်ရင်းပြောဆိုမိသည်..
"သမီး..သမီးမှာ ဘာရောဂါအခံမှလည်းရှိတာမဟုတ်ဘူး.
.အရွယ်လည်းငယ်သေးတယ်..ဒါပထမဆုံးသားဦးမို့နာတဲ့ဒဏ်ကို မခံစားနိုင်တာ..
.ရိုးရိုးမွေးတာက သမီးအတွက်ကောင်းလို့မို့ ဆရာမက ရိုးရိုးမွေးခိုင်းတာ."....
ဆရာမက ကျွန်မ ဗိုက်ကလေးကိုညင်သာစွာကိုင်ထားရင်းပြောပြသည်...
ဒုတိယထပ်ပြတင်းပေါက်ဘေးက ခုတင်လေးမှာကျွန်မ အိပ်ရင်းအင်္ဂုလိမာလသုတ်ကို ရွတ်ဖတ်နေမိသည်..
ကျွန်မလုံချည်နဲ့ အိပ်ရာခင်းတွေမှာလည်း သွေးတွေကမြင်မကောင်း..
ကိုယ့်ကိုကိုယ်ကြည့်ရင်းလန့်လာသည်..တစ်နေကုန်ဘာအစားမှလည်းမစားနိုင်..
သွေးတွေအလိမ်းလိမ်းဖြစ်နေလို့လုံချည်တွေလည်း လဲရတာ ခဏခဏ....
နောက်ဆုံးနာကျင်သည့်ဒဏ်က ပိုပိုဆိုးလာတော့ ပြတင်းပေါက်ကခုန်ချမည်ဟု ကျွန်မကြံစည်မိသည်...
"မရတော့ဘူး..လွှတ်ပါ..ကျွန်မကိုလွှတ်ပါ...ဒီထက်နာတဲ့ဒဏ်ကိုမခံနိုင်တော့ဘူး..
ဒီအောက်ကို ခုန်ချတော့မယ်"....
ရုန်းရင်းဆန်ခတ်ကျွန်မ ရုန်းမိသည်...ဘေးနားကကျွန်မကို လာစောင့်တဲ့အန်တီကြီးက
"သမီး..သမီးရင်သွေးလေးက အပြင်ကိုထွက်ချင်လို့ တွန်းနေတာလေ..စိတ်ထိန်းမှပေါ့"..
"ဟုတ်တယ်..ငါ့ရင်သွေးလေးကိုငါမွေးရတော့မယ်..ငါခုန်ချလို့မဖြစ်ဘူး..
ငါ အမေတစ်ယောက်ဖြစ်နေပြီ..င့ါမှာ င့ါရင်သွေးလေးရတော့မယ်"....
..........................................................................................
စူးခနဲ ခံစားလိုက်ရသည်..ချွန်ထက်ထက်အရာတစ်ခုခုနဲ့ဆွဲဖြဲလိုက်သလိုပဲ..
ဒါပေမဲ့ ဗိုက်နာသည့်အရှိန်က ပိုပြင်းလို့လားမသိ...ဓားလေးနဲ့ခွဲလိုက်တာကိုကျွန်မ သိပ်မခံစားမိ......
"အူဝဲ..အူဝဲ."........
"အယ်...ယောက်ျားလေးတော့......ယောက်ျားလေးမွေးတယ်.....ဖြူဖြူလေးပဲ."...
ဆရာမက ကလေးလေးကိုပွေ့ထားရင်းပြောသည်..
၁၂နာရီကျော်လောက်သေတော့မတတ်နာကျင်ခဲ့ရသည့်ဝေဒနာတို့ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်သည်..
ကလေးမွေးသည့်ခုတင်ပေါ်မှာအိပ်လျက်က ကျွန်မ ထကြည့်သည်..သားလေးခြေလက်အင်္ဂါမှစုံရဲ့လားလို့.....
စုံသည်...ဗိုက်မှာချက်ကြိုးလေးတန်းလန်းနှင့်....
အူဝဲ..အူဝဲနှင့် စူးစူးဝါးဝါးလေးငိုနေလေသည်...
"အမလေးးမယ်မင်းကြီးမရယ်..အသာအိပ်နေပါ..ခေါင်းထောင်မကြည့်ပါနဲ့.
..
ခုမှသွေးနုသားနုနဲ့..မူးလဲနေပါဦးမယ်....ခနနေညည်းသားကို ချိုချိုလာတိုက်မှာပါ...
ခုတော့သန့်ရှင်းရေးလုပ်ပေးမယ်...ပြီးရင်ဘီပိုးကာကွယ်ဆေးထိုးပေးရမယ်."..
နပ်စ်မကြီးကပြောရင်းသားလေးကိုပွေ့ချီသွားသည်..ကျွန်မလည်ပြန်သည်ထိသားလေးကိုကြည့်မိသည်...
ချစ်စရာလေး..မောင်နဲ့တူတာ..အသားဖြူဖြူလေးနဲ့.....တွေးရင်းပီတိတွေဖြစ်နေမိသည်..
သူနဲ့တူတဲ့ သူလိုချင်တဲ့ သားလေးကို ကျွန်မမွေးပေးခဲ့ပြီးပြီ.....
ခနနေတော့အနှီးထုပ်လေးထဲမှာငြိမ်သက်နေတဲ့ နီတာရဲသားလေးကိုကျွန်မဆီခေါ်လာပြီး ချိုချိုတိုက်သည်....
ရင်ထဲမှာအတိုင်းမသိတဲ့ပီတိတို့ကျွန်မခံစားလိုက်ရသည်..
သူများတွေပြောဖူးတာကြားဖူးသည်..မိခင်နို့ရည်ဆိုတာ တကယ်တော့ အဲ့ဒီမိခင်ရဲ့သွေးတွေတဲ့..
ကလေးလေးကနီနီရဲရဲ အရည်တွေဆိုရင်လန့်မှာစိုးလို့
အဖြူရောင်အဖြစ်ပြောင်းပေးထားတာတဲ့...
ဟုတ်လောက်သည်....
ကျွန်မ သားလေးကိုကျွန်မ ထွေးပွေ့ထားမိရင်းတစ်ချိန်တည်းမှာပဲကျွန်မ မိခင်ကိုကျွန်မ သတိရလာလေသည်...
အမေ..အမေ့မြေးလေးကိုဒီနေ့ပဲ သမီးအင်္ဂါစုံလင်စွာမွေးဖွားခဲ့ပါတယ်...
အမေလည်း သမီးကိုမွေးတုန်းက ဒီလိုပဲ ဗိုက်အနာခံခဲ့ရမှာနော်..သမီးတုန်းက ပိုဆိုးတာပေါ့...
သူများတွေလိုခေါင်းကနေထွက်ခဲ့တာမဟုတ်ဘူး..
လောကကြီးကိုစုံကန်တဲ့အနေနဲ့ ခြေထောက်ကနေမွေးခဲ့ရတာ..အမေပိုပြီးခက်ခဲပင်ပန်းစွာ မွေးခဲ့ရမှာနော်...
သားလေးကိုကြည့်လျက်က ကျွန်မ သတိရစိတ်တို့နှင့် မျက်ရည်လည်လာခဲ့လေသည်..
ထိုအချိန်မှာကျွန်မ မောင့်ကိုလည်းမတွေ့ချင်..ဘယ်သူ့ကိုမှလည်းမတွေ့ချင်...
ကျွန်မ အမေ့ကိုသာတွေ့ချင်သည်...အမေ့ကိုဖက်ပြီးငိုလိုက်ချင်သည်..
ဒါပေမဲ့ဒီစိတ်ကူးတို့သည် စိတ်ကူးအဖြစ်တွေးလိုက်မိပြီးကတည်းကပင်
ပျောက်ကွယ်သွားပြီးဖြစ်သည်...အဘယ်ကြောင့်ဆိုသော်....
အမေနဲ့ကျွန်မရဲ့ဝေးကွာနေသော ခရီးမိုင်က ရှည်လျားလွန်းသောကြောင့်ပေတည်း..........

ကန္တာရ ဆူး- အပိုင်း ၂
ကန္တာရဆူး - အပိုင်း( ၂ )
ဒီလိုနဲ့ကျွန်မ ကိုယ်ဝန်လေးလလောက်အရမှာ ကျွန်မတို့မွေးရပ်မြေမှာလူသိရှင်ကြားမင်္ဂလာဆောင်ခဲ့ကြသည်။
ဒါပေမဲ့မောင်ကတော့ကျွန်မမိဘတွေနဲ့တူတူနေခွင့်မပေးခဲ့..သူ့စိတ်ထဲမှာ သူတွေးထားတာတစ်ခုရှိသည်..
အိမ်ထောင်ကျပြီးသွားရင် ဘယ်မိဘအိမ့်မှ လိုက်မနေဟု..ဒီလိုနဲ့ပဲကျွန်မအသိုင်းအ၀ိုင်းနှင့်ကျွန်မကို
မိုင်ပေါင်းများစွာဝေးကွာထားခဲ့လေသည်...
...............................................................................
"ခွမ်း....."
"မင်း..ဟိုကောင်နဲ့စကားပြောနေတာ..ဖောက်ပြန်ချင်လို့မလား"..
ရေနွေးဓာတ်ဘူးကိုပေါက်ခွဲပစ်ရင်း ကျွန်မကိုလက်ညှိုးငေါက်ငေါက်ထိုးလျက်ရန်ရှာသည်..
အမှန်က အိမ်နီးချင်းမို့ တစ်ဖက်ကလည်းရိုးရိုးသားသားမိတ်ဖွဲ့လို့စကားပြောမိတာပါ..
ဒါကိုမောင်ကစွပ်စွဲပြောဆိုသည်..ရေနွေးဓာတ်ဘူးကိုခွဲလို့မှအားမရသေး...
ကျွန်မနားကပ်လာလျက် ကျွန်မဗိုက်ကိုလက်သီးနဲ့ထိုးသည်..........
ဆစ်ခနဲနာကျင်စွာ ခံစားလိုက်ရသည်..ကလေးလေး..ကျွန်မရဲ့ရင်သွေးလေး..
ကျွန်မသွေးသားလေးက ကျွန်မဗိုက်ထဲမှာ..တရစပ်ထိုးကျနေတဲ့လက်သီးချက်တွေ
ကျွန်မဗိုက်ကိုမကျအောင် ကျွန်မနောက်ကျောနဲ့ခုခံကာကွယ်ထားရင်း..
"မောင်မလုပ်ပါနဲ့..မောင့်ကလေးက ကျွန်မဗိုက်ထဲမှာ..တော်ပါတော့..
ဒီလောက်တောင်သ၀န်တိုနေရင်လည်း ကျွန်မရော ကျွန်မကလေးရော သေပေးပါ့မယ်..
ဒီလိုဖောက်ပြန်တဲ့စကားတွေလည်းမပြောပါနဲ့..ကျွန်မအဲ့လိုလူစားမျိုးလည်းမဟုတ်ပါဘူး".....
"မင်းတကယ်သေမှာလား...ပြော..ရတယ်..ဒီမှာပိုးသတ်ဆေးဘူး..သောက်"...
ကျွန်မမျက်စိရှေ့မှာကျရောက်လာတဲ့ပိုးသတ်ဆေးဘူး..စိတ်ထဲတွင်စဉ်းစားလိုက်သည်..
ဒီလိုနှိပ်စက်တဲ့ဒဏ်ကိုလည်းမခံနိုင်တော့..ကိုယ်မဟုတ်ဘဲစွပ်စွဲပြောဆိုတာမျိုးလည်းမခံနိုင်.
သေမဲ့သေတော့ ငါတို့သားအမိနှစ်ယောက်လုံးသေမှအေးမယ်လို့ တွေးမိပြီး..
ပိုးသတ်ဆေးဘူးကိုဖွင့် အကုန်မျိုချလိုက်သည်...မောင်ကလည်းကျွန်မဒီလိုလုပ်တာကိုထမဆွဲပါ..
အေးဆေးစွာပဲထိုင်ကြည့်နေသည်..ထို့နောက်ကျွန်မအိပ်ရာပေါ်သွားအိပ်လို့
ဘုရားတရားကိုသာအာရုဏ်ပြုနေလိုက်သည်..ခနနေငါဘ၀ကူးတော့မှာပါလားလို့..
မျက်စိဖွင့်ကြည့်လိုက်တော့ ကျွန်မ မြင်နေကျအရာများအတိုင်းသာ...လက်ကိုဆွဲဆိတ်ကြည့်သည်..
ငါမသေသေးပါလား..ဘာလို့များပါလိမ့်..စဉ်းစားရင်းနဲ့ အဖြေကပေါ်လာသည်.
အော်..ငါဝဋ်ကြွေးမကုန်လို့.....ငါသူ့အပေါ်ဝဋ်ကြွေးတွေဆပ်ရမယ်...
ခုမကျေသေးလို့ ငါသေချင်တာတောင်မသေတာပေါ့....
ဟုတ်တယ်..ဒီဘ၀မှာတင်ငါအကျေဆပ်ရမယ်..နောက်ဘ၀ကျငါပျော်ပျော်ရွှင်ရွှင်နေချင်တယ်....
..........................................................................................
ဒီင်္လိုနဲ့ကျွန်မ ရင်သွေးလေးကိုမမွေးဖွားခင်ထိသူနှိပ်စက်တဲ့ဒဏ်တွေကို လူးလိမ့်နေအောင်ခံစားခဲ့ရသည်...
တစ်ခါတစ်ခါအိမ်နီးချင်းများကလာမေးသည်..
"ညီမရယ်..ညည်းကကိုယ့်ယောက်ျားစိတ်ဆတ်မှန်းသိရက်နဲ့မခံချင်အောင်သွားသွားစတာကိုး"...
"မဟုတ်ဘူးအမ...ကျွန်မဘာဆိုဘာမှမပြောတာပါ..သူ့ဘာသာအပြင်မှာ
အဆင်မပြေဖြစ်လာတိုင်းကျွန်မကိုရန်လာရှာတာပါ"..
နောက်ဆုံးပိုင်းကျ အိမ်နီးချင်းများကလည်း နားလည်သွားသည်..
ဒီလိုအမြဲရန်ဖြစ်နေတာဟာ မောင်ကပြသနာရှာလို့ဆိုတာ.....

မောင်ကအပြင်မှာပွဲစားလုပ်သည်..အရင်ကဆိုပိုက်ဆံတွေကိုအိမ်မှာထားခဲ့သည်..
ယခုကျွန်မ မိဘအိမ်ကိုကျွန်မထွက်ပြေးမှာစိုးသဖြင့် ထောင်ဂဏန်းလောက်သာအိမ်မှာထားခဲ့တော့သည်...
တစ်ခါကလည်းသူပိုက်ဆံထားခဲ့တာနည်းနေသဖြင့် ကျွန်မ ဟင်းချက်စရာ သိပ်မ၀ယ်နိုင်..
ညနေကျ သူစားဖို့ရာ ဟင်းကကုန်သွားသည်..ဒါနဲ့
" မောင်ကပိုက်ဆံမှ သိပ်မထားခဲ့တာ..
ကျွန်မဈေးဝယ်ဖို့ ပိုက်ဆံမလောက်ဘူးပေါ့" လို့ပြောမိသည်..ဒီစကားကိုနားထောင်ပြီး..
"မင်း အဲ့လောက်ပိုက်ဆံသိပ်မက်နေလည်း ချမ်းသာတဲ့ကောင်ကိုယူပေါ့ကွ..
ဘာလို့ငါ့ကိုလာယူနေလဲ"..ပြောရင်း ဒေါသတွေပါလာသည်....ထို့နောက်လက်ပါလာသည်..
ကျွန်မလက်နှစ်ဖက်ကိုချုပ်လျက် အုတ်နံရံအကြမ်းနဲ့တိုက်သည်..
ပူခနဲ..ပူခနဲ....
တော်ပါသေးသည်..ဟိုတစ်ခါလိုကျွန်မရင်သွေးလေးကို မထိခိုက်လို့...
ငါ့ကိုလုပ်တာကတော့ကြိုက်သလောက်လုပ်စမ်းပါစေ..င့ါသွေးသားလေးကိုမထိတာကိုပဲ ငါကျေးဇူးတင်လှပါပြီ....

"ညီမလေး..ကျောင်းပြန်တက်ပါလား...ခုဟာကကိုယ်ဝန်ကြီးနဲ့မို့ကျောင်းကတစ်နှစ်နားထားတာမလား..
ညီမပုံလေးက ထက်မဲ့ပုံလေး....ညီမမျက်လုံးလေးတွေမှာ ထက်မြက်တဲ့...
ရိုးသားတဲ့အရိပ်လေးတွေ တွေ့နေရတယ်...ခုတော့ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျ..
ယောက်ျားချစ်ခြင်းကိုမခံရဘဲ နှိပ်စက်တဲ့ဒဏ်ကိုခံနေရတော့ မျက်လုံးလေးတွေမှေးမှိန်နေတယ်."....
ကျွန်မဆံပင်များကိုဖြီးသင်ပေးရင်း အိမ်နီးနားချင်းအမကပြောသည်...
"အမရယ်..ပြန်တက်ချင်တာပေါ့...တစ်ခါတစ်ခါသူများစာကျက်သံကြားရင် ကိုယ့်ကျောင်းသူဘ၀ကို
သိပ်သတိရတာပဲ...အမေတို့ဆီဖုန်းလည်းမဆက်ရဲဘူး...
ကိုယ်မှားခဲ့တာလေ...သူတို့တားနေတဲ့ကြားထဲက ခိုးရာကိုလိုက်ပြေးခဲ့တာလေ.
ဒီလိုနှိပ်စက်ခံနေရတာကို အမေတို့ကိုမပြောချင်ဘူး...အမေတို့စိတ်ဆင်းရဲမှာစိုးလို"့..
"ညီမ တွေးတာတွေမှားနေပြီညီမ...မိဘဆိုတာကိုယ့်သားသမီးကို ဘာပဲဖြစ်နေဖြစ်နေ
ခွင့်လွှတ်ပြီးသား...ညီမရှိခိုးပြီးတောင်းပန်လိုက်ပါ...ကိုယ်လည်းမကြာခင်မိခင်တစ်ယောက်ဖြစ်တော့မှာပဲ...
အမေ မေတ္တာဘယ်လောက်ကြီးလဲ ညီမလည်းသိမှာပါ"...
"ဟုတ်ကဲ့ပါအမရယ်..ကျွန်မသူမသိအောင်အိမ်ကိုဖုန်းခိုးဆက်ပါ့မယ်..
အမေတို့ကိုကျောင်းပြန်တက်ချင်တယ်လို့လည်းပြောမယ်...
ပြီးတော့ အမေတို့နဲ့ပြန်လာနေချင်လို့ သမီးကိုလာခေါ်ပါလို့လည်းပြောမယ်"

ထိုနေ့ညက ကျွန်မ အိပ်မပျော်...အမေ့ဆီဖုန်းဆက်မယ်..အမေနဲ့ဖုန်းပြောမယ်ဆိုတဲ့အသိနဲ့တင်
ကျွန်မပျော်နေမိသည်...မိဘအရိပ်နဲ့ဝေးသွားတော့မှ မိဘအရိပ်ဆိုတာဘယ်လောက်အေးမြလည်း ကျွန်မသိခဲ့ရသည်...
ကျွန်မကိုမှ မရရင်သေတော့မတတ်ဖြစ်ခဲ့ရတဲ့...ကျွန်မကိုချစ်လှပါချည်ရဲ့ဆိုတဲ့မောင်တစ်ယောက်လည်း
အပြောင်းလဲကြီးပြောင်းလဲသွားခဲ့လေပြီ..ကျွန်မ ဘာတတ်နိုင်မည်နည်း....သူနဲ့ခုချိန်ကွဲလျှင်
မမွေးရသေးတဲ့ဗိုက်ထဲကရင်သွေးလေး ဖခင်မဲ့ရတော့မည်....မကွဲပြန်တော့လည်း ကျွန်မသေမတတ်နှိပ်စက်ခံရသည်...
အတွေးတွေ..အတွေးတွေများစွာဖြင့်...အိပ်မပျော်ခဲ့..
အရင်ညတွေတုန်းကတော့တစ်ယောက်တည်းကျိတ်ငိုခဲ့ရသည့်ညတွေများသည်..
ခုတော့နောက်ရက်တွေဆို အမေ့ဆီဖုန်းဆက်မည်..အမေ့အသံကိုမကြားရတာလချည်ရှိနေပြီ....
ကျွန်မ အမေ့ကိုလွမ်းလှပြီ....
ထိုညက ကျွန်မ အမေ့ကိုအိပ်မက် မက်သည်...အမေက သမီးလေး ဆိုပြီးလာခေါ်သည်...
ကျွန်မ အမေ့ရင်ခွင်ထဲ ပြေးသွားမိသည်..အမေကကျစ်ကျစ်ပါအောင်ဖက်ထားသည်....
ကျွန်မ ရှိုက်ကြီးတငင် ငိုမိသည်....
"ဟေ့...ထတော့လေ..ဘာဖြစ်နေတာလဲ..တရှုပ်ရှုပ်နဲ့ငိုလို့ပါလား...
ဟိုမှာဈေးသည်လာနေပြီ...ဈေးသွားဝယ်ဦး."....
မနက်လင်းတိုင်းကြားနေကျအသံနဲ့အတူ ကျွန်မကိုယ်ကိုလှုပ်နှိုးလိုက်တဲ့လက်တစ်စုံ...
အော်..မနက်တောင်လင်းပါပေါ့လား..ကျွန်မမျက်နှာမှာလည်းမျက်ရည်တွေနဲ့......
ဒါပေမဲ့ဒီနေ့အတွက်တော့ သူဆူလည်းအပြုံးပျက်မည်မဟုတ်ပေ..
ဘာလို့ဆို အမေ့ဆီဖုန်းဆက်ရမည်လေ......
------------------------------------------------------------------------------------------------------------------

ကန္တာရဆူး- အပိုင်း ၁
ကန္တာရဆူး (၁)
"မေမေ..မေမေ.........
သားခုပုံဆွဲနေတာ ဖေဖေ့ပုံဆွဲချင်လို့...ခုသားစစ်တိုက်တဲ့ပုံဆွဲနေတာ..
ဟိုဘက်က ဒိုင်နိုဆောတွေလေ..သားနဲ့မေမေက ချရမှာ..အဲ့ဒါနှစ်ယောက်တည်းဆို မနိုင်မှာစိုးလို့...
ဖေဖေ့ကိုပါထည့်ဆွဲမယ်နော်..ဖေဖေပါရင် နိုင်မှာသေချာတယ်ဗျ"..
ရောင်စုံခဲတံလေးတွေနဲ့စာရွက်လေးပေါ် ပုံတွေလျှောက်ဆွဲနေသောငါးနှစ်တောင်မပြည့်သေးသည့် သားလေးက ကျွန်မကိုလာပြောသည်..ကျွန်မရင်ထဲ စူးနင့်စွာခံစားလိုက်ရသည်...ထည့်ဆွဲလို့ပဲပြောရမလား..
မဆွဲနဲ့လို့ပဲပြောရမလား..ကျွန်မ မသိ...သားကိုဖြေလိုက်စရာ အဖြေကျွန်မမှာမရှိခဲ့...
ရုတ်တရက် စကားလုံးတို့ ဆွံ့အသွားခဲ့ရသည်....အသက်ရှူသံတို့လည်း ရုတ်တရက်တိတ်ဆိတ်လျက်...
ထို့အတူ ကျွန်မ အတွေးတို့က ဟိုးအတိတ်ဆီသို့......
..................................................................................................
မောင့်ကိုကျွန်မသိပ်ချစ်သည်..ဆယ်တန်းထိမိဘရိပ်မှာနေခဲ့ရသောကျွန်မအဖို့
တစ်ခြားယောက်ျားကလေးများနဲ့ သိပ်ထိတွေ့ခွင့်မရခဲ့..တက္ကသိုလ်ဒုတိယနှစ်ရောက်တော့ မောင်က ပထမနှစ်...
အနေအေးအေးလေးနှင့် စကားသိပ်မပြောတတ်သော မောင့်ကိုထိုစဉ်ကတည်းက ကျွန်မဘက်က စတင်စိတ်ဝင်စားခဲ့မိတာပါ..
ကံဆိုးချင်တာလား..ကံကောင်းချင်တာလားမသိ..မောင့်မိဘတွေနှင့်ကျွန်မမိဘတွေက
အရင်ကတည်းကလူချင်းသိကြသတဲ့....ကျွန်မငယ်ငယ်အရွယ်တုန်းက မောင်တို့အိမ်မှာသွားဆော့ဖူးသတဲ့......
ကျွန်မက မောင့်ထက်တစ်တန်းကြီးပေမဲ့ အသက်ကျတော့ ရှစ်လပဲကွာသည်..
ကျောင်းဖွင့်ပြီးသိပ်မကြာခင်မှာပဲ မောင့်အမေကမောင့်ကိုကျွန်မဆီလာအပ်သည်..
"သားက စာကျက်သိပ်ပျင်းတာ..သမီးကဂရုစိုက်လိုက်ပါတဲ့"...
ဒီလိုနဲ့မောင်နဲ့ကျွန်မ မောင်နှမလည်းမက သမီးရည်းစားလည်းမကျတဲ့အခြေအနေတစ်ရပ်ကို့
တစ်နှစ်လောက်ဖြတ်သန်းခဲ့ကြသည်..................
ကျွန်မစာမေးပွဲပြီးလျှင် မောင့်ကိုစာပြန်ကျက်ပေးရသည်..
သူစာမေးပွဲဖြေလျှင် ကိုယ်ဖြေရသလိုပဲ..စာမေးပွဲခန်းရှေ့ထိ့ လိုက်စောင့်ပေးရသည်..
ကျွန်မဒုတိယနှစ် ပြီးခါနီးတော့မောင်ကကျွန်မကိုဖွင့်ပြောသည်...
ရုပ်ရှင်တွေထဲကလို တွေ့ဆုံမှုနဲ့ စခဲ့ပေမဲ့ ရည်းစားစကားအပြောခံရတဲ့အချိန်ကတော့ ရုပ်ရှင်တွေထဲကလို ကဗျာမဆန်ခဲ့..
ကျောင်းရဲ့ ဆိုင်ကယ် တွေထားတဲ့ ဆိုင်ကယ်စတန်းမှာ နှစ်ယောက်သားထိုင်ပြီး
"အမကိုချစ်တယ်တဲ့"....
ပြောမယ်ဆိုတာအစကတည်းကကြိုတွက်ထားပေမဲ့ တကယ်အပြောခံရတော့ရယ်ချင်သွားသည်...
ဘ၀မှာပထမဆုံးယောက်ျားလေးတစ်ယောက်ဆီက ရည်းစားစကားအပြောခံရခြင်းက ကဗျာမဆန်လိုက်တာလို့....
စဉ်းစားဦးမယ်လို့ ပြောလိုက်ပေမဲ့လည်း ဒီလိုတစ်နှစ်လောက်စားအတူ သွားအတူ
နေလာမှာတော့ ကျွန်မသံယောဇဉ်ကို မောင်သိသင့်သည်..ကျနော့်ကိုအမချစ်လားဆိုတဲ့စကား
မောင်မေးစရာမလိုလောက်ဘူးထင်တာပါပဲ....
နှစ်ယောက်သားစကားတွေဆက်ပြောကြရင်း ပြန်တော့မယ်ဆိုတော့ မောင်ကထပ်မေးသည်..
ကျနော့်ကိုချစ်လားတဲ့..ကျွန်မယောင်ယမ်းပြီးခေါင်းညိတ်လိုက်မိသည်ထင်သည်...
မောင်ပျော်သွားသည်..ပါးစပ်ကချစ်တယ်လို့ပြောတဲ့..ကျွန်မ မပြောလိုက်မိတော့..
ရှက်ရွံ့စွာခေါင်းကို ငုံ့ထားမိသည်..စိတ်ထဲတွင်လည်း ငါချစ်သူတစ်ယောက်ရပြီ လို့တွေးလိုက်မိတော့သည်....
ကျွန်မနဲ့မောင်ကကျာင်းလည်းအတူတူဆိုတော့ သွားအတူ စားအတူ လာအတူပေါ့..
အမြဲမခွဲအတူ ဖြတ်သန်းခဲ့ကြသည်...ရည်းစားသက်တမ်းကြာလာလေ..
မောင့်အကျင့်စာရိတ္တတွေက ပေါ်လာလေ...မောင်ကသိပ်သ၀န်တိုသည်..
အကြောင်းမရှိဘဲ သ၀န်တိုသည်...မောင်ကကျွန်မချစ်သူဆိုပေမဲ့လည်း ကျွန်မတို့မိန်းကလေးသူငယ်ချင်း
အချင်းချင်း ဈေးဝယ်ထွက်ချင်သည်..ရုပ်ရှင်ကြည့်ချင်သည်..မောင်က ခွင့်မပြုခဲ့..အစပထမပိုင်းတော့ မောင်ကချစ်လို့
သ၀န်တိုတာလို့ ထင်ပြီးပျော်ခဲ့ရသည်...နောက်ပိုင်းကျချုပ်ချယ်တာတွေ ရန်လိုတာတွေပါပါလာသည်...
ကျွန်မ မောင့်ကိုကြောက်လာသည်..တကယ်ဆိုမောင့်ကိုအပျော်တွဲဖို့ လုံးဝကိုစိတ်ကူးမရှိခဲ့တာပါ..
ကျွန်မငယ်စဉ်ကတည်းက ချစ်သူတစ်ယောက်ပဲထားမယ်..ဒီချစ်သူနဲ့ပဲယူမယ်..
ဒီလိုစိတ်ကူးခဲ့တာပါ..ကျွန်မမောင့်ကိုစချစ်ကတည်းက မောင်နဲ့သက်ဆုံးတိုင်
လက်တွဲမယ်လို့ ဆုံးဖြတ်ထားပြီးသားပါ...ဒါကိုမောင့်ကိုလည်းပြောပြထားပြီးသား..
မောင်ကဘယ်လောက်ထိသ၀န်တိုလဲဆိုလျှင်..မြန်မာလုံချည်အကျီင်္ဝတ်မှ..
ဘောင်းဘီတို့စကပ်တို့ဝတ်တာပင်မကြိုက်..
အကျီင်္လည်ပင်းဆိုလည်း လုံးဝလည်ပင်းထိ လုံနေမှ..လုံချည်ဝတ်မှ..
ကျွန်မကိုယ်တိုင် မြန်မာမိန်းကလေးဖြစ်တဲ့အတွက် ၀တ်စားဆင်ယင်မှုမှာတော့ မောင့်စကားအတိုင်းနားထောင်ခဲ့ပါသည်.
အ၀တ်အစားတင်မဟုတ်ခဲ့ပါဘူး..အရာအားလုံး..မောင့်စကားကို နားထောင်ခဲ့တာချည်းပါပဲ...
ကျွန်မ အဲ့လောက်ထိ အလျှော့ပေးပြီး ချစ်ခဲ့တာပါ.....ဟိုကောင်လေးနဲ့စကားမပြောရဘူးလို့ ပြောလာတာနဲ့ ကျွန်မအဲ့ဒီကောင်လေးကို သူငယ်ချင်းအဖြစ်ကနေ စွန့်လွှတ်လိုက်တော့တာပါ...
ဒီလိုတွေဖြစ်လာပါများတော့ ကျွန်မပတ်ဝန်းကျင်မှာ ကျွန်မကို ပေါင်းမဲ့သူငယ်ချင်းကမရှိတော့...
ယောက်ျားလေးတွေကလည်း စကားမပြောချင်..မိန်းကလေးတွေကလည်းသိသိသာသာ ရှောင်ဖယ်လာတော့တာပေါ့...
အရင်းနှီးဆုံးသူငယ်ချင်းတွေကဆိုပြောကြတယ်..
"မင်းအဲ့ကောင်နဲ့အဆက်ဖြတ်လိုက်တော့..မင်းကိုသ၀န်တိုပုံကြီးက လွန်လွန်းတယ်".
စသည်ဖြင့်ပေါ့..ဒါပေမဲ့ ကျွန်မမောင့်ကိုအဆက်မဖြတ်ရက်ပါ.....
ကျွန်မပတ်ဝန်းကျင် ..သူ့ပတ်ဝန်းကျင်အကုန်လုံးက ကျွန်မတို့ကိုချစ်သူတွေ..
နောက်တစ်ချိန်အိမ်ထောင်ဖက်ဖြစ်မဲ့သူတွေလို့ သိနေကြတာ...
ဒီလိုသိနေကြမှတော့ ကျွန်မသိက္ခာကိုတော့ အပွန်းပဲ့မခံနိုင်ပါဘူး..
မောင်ငါ့ကိုသ၀န်တိုတာဟာ ချစ်လို့..ဟုတ်တယ်..မချစ်ရင်ဘယ်သူကနှမြောမှာလဲ..
ငါမောင့်ကိုယူရင်စိတ်ချမ်းသာရမှာ..ငါမောင့်ကိုအဆက်မဖြတ်ဘူး...
ကျွန်မခေါင်းမာစွာနဲ့ပဲ မောင်နဲ့ချစ်သူဘ၀ကို ကျော်ဖြတ်ရင်း တတိယနှစ်အရောက်မှာကျွန်မ
မောင်ခေါ်ရာကို လိုက်ခဲ့ပါတော့တယ်..
မောင့်ရဲ့အကြောင်းပြချက်ကတော့ ကျွန်မ မိဘတွေက သဘောမတူမှာစိုးလို့ကျွန်မကိုခိုးပြေးသတဲ့..
အမှန်ကတော့ မိဘတွေက အရွယ်မတိုင်သေးလို့..
ကျောင်းတက်နေတုန်းမို့ သဘောမတူတာပါ..ကျောင်းပြီးရင် ယူကြဖို့လည်းပြောထားပြီးသား...
သဘောလည်းတူထားပြီးသားပါ..
အမြဲတမ်းမောင့်ဆန္ဒတွေကိုပဲ ဦးစားပေးခဲ့တဲ့ကျွန်မ ဒီတစ်ခါမှာလည်း မငြင်းရက်ခဲ့ပါဘူး...
ဒါကျွန်မဘ၀မှာပထမဆုံးအမှားဖြစ်ခဲ့တာပါ..
အချိန်တွေကိုသာနောက်ပြန်လှည့်လို့ရပြီး အမှားတွေကိုသာ ပြင်ဆင်ခွင့်ရှိခဲ့မယ်ဆိုရင်
ဒီအမှားကို ကျွန်မပြန်ပြင်ချင်ပါတယ်..ဒါဟာမဖြစ်နိုင်တဲ့ ဆန္ဒဆိုတာလည်း သိပါတယ်....
.မောင်ဟာသူနဲ့ခိုးရာလိုက်ပြေးခဲ့ပြီး သူ့မိန်းမအဖြစ်ရှိနေတာတောင်မှ ကျွန်မကို သ၀န်တိုတုန်းပါ..
ကျွန်မနေထိုင်ရာမြို့ကို ပြန်မလာဘဲနဲ့ ဟိုးအဝေးမြို့ကို ကျွန်မကိုခေါ်သွားတာပါ...
အဲဒီမှာဆွေးမျိုးသားချင်းလည်းမရှိ..သူငယ်ချင်းမိတ်ဆွေလည်းမရှိ....
ဒါပေမဲ့ကျွန်မ ပျော်ခဲ့ပါတယ်...ကျွန်မ ချစ်တဲ့မောင်က ဘေးနားမှာရှိနေတာပဲ..
ကျွန်မတို့စုံတွဲက ဇင်ယော်မောင်နှံလေးလိုပါပဲ..ဟိုးကောင်းကင်မှာနှစ်ကောင်ယှဉ်တွဲပြီး ပျော်မြူးလိုက်..
လေထဲဝဲပျံလိုက် အသိုက်လေးထဲ နားနေလိုက်နဲ့..အပူအပင်မရှိခဲ့ဘူးပေါ့...
ဒါပေမဲ့ကျွန်မတို့ပျော်နေတဲ့အချိန်..ကျွန်မ မိဘ .သူ့မိဘတွေမျက်ရည်စက်လက်နဲ့လိုက်ရှာနေကြမယ်
ဆိုတာကိုတော့ ကျွန်မတို့ယောင်လို့တောင် မတွေးခဲ့မိကြဘူးလေ
..................................................................................................
"မောင်..ကျွန်မ ကလေးရှိနေပြီထင်တယ်"...ကျွန်မစိတ်လှုပ်ရှားစွာ ပြောလိုက်မိသည်..
မောင်ကကျွန်မဗိုက်ကလေးကိုအသာစမ်းရင်း
" မောင့်အတွက် သားလေးမွေးပေးနော်"တဲ့..
"ချစ်သူဘ၀ကတည်းကမောင့်စကားကိုနားထောင်ခဲ့တာပါမောင်ရယ်..
ခုလည်းယောက်ျားလေး မိန်းကလေး ကိုယ်လိုချင်သလိုရရင်မောင်လိုချင်တဲ့
သားလေးမွေးပေးမှာပေါ့...ကျွန်မကတော့ မောင့်ရင်သွေးလေးဆို ဘာလေးနေနေ
ချစ်ပြီးသားပဲ.."
မောင်က ထိုစဉ်ကတည်းက အတ္တကြီးခဲ့သည်...ဒါပေမဲ့ကျွန်မဘ၀တစ်ခုလုံးကိုပါ ပုံအပ်ပြီး
ချစ်ခဲ့ရတဲ့အတွက်..မောင့်စကားတစ်ခွန်းဟာ ကျွန်မအတွက်တော့နာခံချင်စရာတွေချည်းပါပဲ.
........................................................................................................
မောင်အခုတစ်လော အရက်တွေသောက်သောက်လာသည်..ပြီးတော့ရန်ဖြစ်လျှင် လက်ပါချင်လာသည်..
ခုဆိုလျှင် ကျွန်မရင်သွေးလေးကို လွယ်ထားရတာ နှစ်လကျော် သုံးလထဲရောက်နေပြီ...
အိမ်ကိုလည်းလွမ်းလှသည်...ကိုယ့်ရင်သွေးလေးလွယ်ထားရမှ မိဘတွေကိုပိုလို့သတိရလာသည်..
ကိုယ်တက်နေတဲ့ကျောင်းကိုပစ်ပြီးမောင့်နောက်ကိုလိုက်ခဲ့ရတာ..ကျောင်းလည်းပြန်တက်ချင်သည်...
ဒီမြို့မှာသူနဲ့ကိုယ်က တရားရုံးမှာလက်မှတ်ထိုးထားပေမဲ့ကိုယ်နေတဲ့မြို့မှာက မင်္ဂလာမဆောင်ရသေး...
ကျွန်မစိတ်ရှုပ်စ ပြုလာပြီ..ဒါပေမဲ့မောင့်ကိုချစ်တဲ့အချစ်တွေကတော့နည်းနည်းလေးမှမလျော့ခဲ့........
------------------------------------------------------------------------------------------------------
Subscribe to:
Comments (Atom)