Thursday, August 15, 2013

ကျွန်မကိုပြန်ခြောက်လှန့်နေသော ကျွန်မ၏အရိပ်



အသက်ငါးနှစ်...
မွေးစကတည်းကမီးရောင်ရှိမှအိပ်ပျော်တတ်သော
ကျွန်မအဖို့ မီးပျက်သွားလျှင် အိပ်ရာကအလိုလို
နိုးလာတတ်သည်မှာ အကျင့်တစ်ခုပင်ဖြစ်သည်။လပြည့်ညဖြစ်သဖြင့်
အခန်းထဲတွင်လရောင်များဖြာကျနေသော်လည်း ထိုလရောင်များက
ကျွန်မ၏အိပ်စက်ခြင်းကိုတော့ မကူညီနိုင်ပေ။ပတ်ဝန်းကျင်တွင်
လေတိုးသံတိုးတိုးကလေးမှအပ တစ်ခြားအသံများမကြားရအောင်ကို
တိတ်ဆိတ်လျက်။အခန်းထဲက အိပ်ရာထက်မှာတော့ ကျွန်မတစ်ယောက်တည်း
စောင်လေးကိုခြုံလျက် ပတ်ဝန်းကျင်းကို လေ့လာအကဲခတ်နေသည်။
တိတ်ဆိတ်ခြင်းကိုဖြိုခွဲသယောင်ဖြစ်နေသော ထိုလေတိုးသံများက
ကျွန်မစိတ်ကိုခြောက်ခြားစေသည်။မှန်ပြတင်းပေါက်အပြင်ဘက်မှာ
ှရှိနေသော သစ်ပင်ကြီးဆီမှလည်း သစ်ရွက်မြည်သံတို့ လွင့်ပျံလာလျက်။
တုန်လှုပ်သောစိတ်ကို ထိန်းချုပ်ခြင်းအလို့ငှာ အခန်းနံရံတွေဆီသို့
မျက်နှာလွှဲမိသည်။အရိပ်တွေ...သစ်ပင်တွေကိုလရောင်ထိုးထားသောကြောင့်
အခန်းနံရံမှာဖြစ်ပေါ်နေသော အရိပ်များ.လှုပ်ရှားနေသောထိုအရိပ်များကို စိတ်ကူးဖြင့်
ကျွန်မပုံဖော်နေမိသည်။ဒီအရိပ်က မေမေနဲ့တူတယ်..ဒီအရိပ်ကတော့ ကျွန်မ
မောင်လေး...ဒီအရိပ်ကတော့ ဆင်ကြီး..ဆင်အရိပ်ကြီးကိုကြည့်ရင်းနဲ့က
အစွယ်ဖွေးဖွေး ဘီလူးရုပ်ကြီးသို့ပြောင်းသွားသည်။ကြောက်လိုက်တာ..
ဘီလူးကြီးက တင်းပုတ်ကြီးကိုင်လို့ လှုပ်ရှားနေပါလား...နောက်...
ဘီလူးကနေ သရဲအဖြစ်သို့......ခန္ဓာကိုယ်ကအကြီးကြီးနဲ့
ပါးစပ်ပေါက်ကလေးက အပ်ပေါက်လောက်သေးသေးလေး..ထိုသရဲမျိုးက
ဘယ်လောက်စားစားဝတယ်ရယ်လို့မရှိဘူးတဲ့..အမြဲဆာလောင်နေသတဲ့..
နင့်ကိုလာစားမယ်..ဟားဟားးဟားးးးဆိုသောအသံနက်ကြီးကိုပေးလျက်
ကျွန်မဆီလာနေသယောင်..ခြုံထားသော စောင်ကို ခေါင်းပါလုံအောင် ခြုံပစ်
လိုက်သည်။ရသမျှ ဘုရားစာကို တတ်သလောက်မှတ်သလောက်လေး
ရေရွတ်မိသည်။လေတိုးသံများကလည်းပိုမိုကျယ်လောက်လာသည်။
စိတ်ထဲတွင်တော့လေတိုးသံများလို့မထင်မိ..ဘီလူးသရဲတို့ ကျွန်မကို
လာခေါ်သည့်အသံများဟု ထင်မိသည်။ထို့ကြောင့်စောင်ကိုမျက်နှာမပေါ်အောင်
ဖုံးလျက် နားကိုပိတ်..မျက်စိကိုမှိတ်ကာ အတင်းကြိတ်မှိတ်အိပ်ပျော်အောင်
ကြိုးစားလိုက်သည်။ကျွန်မကြောက်သော အရိပ်မည်းကြီးတွေရယ်..
ကျွန်မဆီကို မလာပါနဲ့နော်။။။။။။။။

အသက်နှစ်ဆယ့်ငါးနှစ်
ကိုယ့်မွေးရပ်မြေမှာ မဟုတ်ဘဲ တစ်ြခားမြို့နယ်မှာ တာဝန်ကျသောကျွန်မအဖို့တော့
အိမ်ပြန်ဖို့ခွင့်ရက်ရသည့်အချိန်တွေသည်အပျော်ဆုံးပဲဖြစ်ပေသည်။မောင်နှင့်
လက်ထပ်ပြီးကတည်းက ခွဲနေခဲ့ရသည်မှာ ကြာပေပြီ။အနည်းဆုံးတစ်လ
တစ်ခေါက်မှ ပြန်ဖြစ်သဖြင့် တူနှစ်ကိုယ်တိုင်းပြည်ဟူသော ဘ၀လေးကို
ခုချိန်ထိမခံစားခဲ့ရဖူးပေ။မောင်နှင့်က အိမ်နီးနားချင်းတွေဖြစ်သဖြင့်
ငယ်ငယ်လေးကတည်းက သံယောဇဉ်တွယ်ခဲ့ကြသည်။ငယ်သူငယ်ချင်းဘ၀မှ
တစ်ဆင့်တက်ကာ ချစ်သူဘ၀..ထို့နောက်တွင်မှ အိမ်ထောင်သည်ဘ၀..
ကျွန်မဘ၀တွင်အယုံကြည်ရဆုံးလူသားကိုပြပါဆိုလျှင် မောင့်ကိုပဲပြမည်မှာ
မလွဲဧကန်ပါပေ။တစ်ယောက်နှင့်တစ်ယောက်ခွဲနေရသော်လည်း မောင့်သစ္စာကို
ယုံကြည်သဖြင့် ဘယ်တော့မှ မစစ်ဆေးတတ်ပေ။ကျွန်မတို့အိမ်ထောင်ရေးသည်
အချစ် မေတ္တာ ကရုဏာ နားလည်မှု စတာတွေအပြင် သစ္စာနှင့်ပါ
တည်ဆောက်ထားခဲ့လေသည်။
ဒီတစ်ခေါက်တော့ကျွန်မအလုပ်ကနေ ခွင့်ရက်ရှည်ရသည်။ကျွန်မ အလုပ်မှာ
ကြိုးစားမှန်းသိသဖြင့် အလုပ်ရှင်သူဋ္ဌေးက ခွင့်ရက်ကို ပြန်နေကျအချိန်ထက်
စော၍တိုးပေးလိုက်ခြင်းဖြစ်သည်။ရုတ်တရက်ရလာသော အခွင့်အရေးဖြစ်သဖြင့်
မောင့်ကိုကျွန်မ မပြောမိ။ထိုအခွင့်အရေးကိုအသုံးချလျက် ကျွန်မ မောင့်ကို
အံ့သြ၀မ်းသာသွားအောင်လုပ်မည်။ဟုတ်ပြီ။မောင့်ကိုမပြောဘဲ အိမ်ကို
တိတ်တဆိတ်ပြန်သွားမည်။မမျှော်လင့်ဘဲကျွန်မကိုမြင်လျှင် မောင်တစ်ယောက်
ပျော်သွားလိုက်မည့်ဖြစ်ခြင်း။
ယူနေကျသေတ္တာလေးတစ်လုံးကိုဆွဲလျက် အိမ်ရှေ့ဆီသို့ တိတ်တဆိတ်
လှမ်းလာခဲ့သည်။ဒီနေ့ရုံးပိတ်ရက်ဆိုတော့ မောင်အလုပ်မသွားဘဲအိမ်မှာပဲ
ရှိနေမှာသေချာသည်။အိမ်ရှေ့ကခြံတံခါးကိုအသာတွန်းဖွင့်လိုက်သည်။
ဟင်..သော့ခတ်မထားပါလား..မောင်တစ်ယောက်ကတော့ တံခါးကို
သေချာလည်းမခတ်ပါလားလို့ စိတ်ထဲကအပြစ်တင်မိသည်။
အိတ်လေးကိုဆွဲကာ ခြေသံလုံလုံထားလျက် အိမ်တံခါးမဆီိသို့
လှမ်းလာခဲ့သည်။အိမ်ရဲ့ဘေးပတ်ပတ်လည်ကမှန်ပြတင်းပေါက်တွေကာထားသဖြင့်
ပြတင်းပေါက်မှတစ်ဆင့်အိမ်ထဲသို့ ခိုးကြည့်လိုက်သည်။
အရိပ်နှစ်ခု ကိုနံရံမှာ မြင်လိုက်ရသည်။ဆံပင်အရှည်အကောက်ကလေးနှင့်
မိန်းကလေးတစ်ယောက်က ကျွန်မအမြဲတမ်းမှတ်မိနေသော ပုံရိပ်တစ်ခုကို
ဖက်ထားသည်။ထို့နောက် ခိုးခိုးခစ်ခစ် ရယ်သံများ...တစ်ချိန်က ကျွန်မ ပိုင်ဆိုင်ခဲ့သော
ပုံရိပ်လေးတစ်ခုက ထိုဆံပင်အကောက်ကလေးကို ပွေ့ချီလျက်....ကျွန်မ မျက်နှာ
လွှဲလိုက်မိသည်။ထို့နောက်ကျောခိုင်းကာ ထိုအိမ်ကလေးဆီက လှည့်ထွက်ခဲ့သည်။
ထိုအရိပ်များ ကျွန်မ နောက်ကို လိုက်မလာပါစေနဲ့။ထိုအရိပ်များနှင့်လည်း
တစ်သက်လုံးကင်းကွာရပါလို၏။မျက်ဝန်းမှ မျက်ရည်တစ်စက် လိမ့်ဆင်းလာသည်။

အသက်လေးဆယ့်ငါးနှစ်
တစ်ယောက်တည်းဘ၀ကို ဖြတ်သန်းလာခဲ့တာ အနှစ် နှစ်ဆယ်ရှိပြီ။
ဘ၀ကို ရှင်သန်ရပ်တည်နိုင်ရန် အတွက် ကြိုးစားရုန်းကန်ရသည်။
ထမင်းတစ်နပ်အတွက် သမ္မာ တာရော မသမာတာရော အကုန်လုပ်ရသည်။
ဒါပေမဲ့ဘ၀ကပေးသော သင်ခန်းစာများအရ ကျွန်မ အရိပ်တွေကိုကြောက်သည်။
ငယ်ငယ်အရွယ်က ပတ်ဝန်းကျင်ကြောင့်ဖြစ်ပေါ်လာသော အရိပ်တွေ..
လူတစ်ဦးတစ်ယောက်ကြောင့်ဖြစ်ပေါ်လာတဲ့အရိပ်တွေကိုကြောက်သည်။
ယခုအသက်အရွယ်ရလာတော့ ကိုယ့်အရိပ်ကို ကိုယ်ပြန်ကြောက်လာသည်။
နေပူထဲထွက်လျှင် ကိုယ့်အရိပ်မည်းကြီးက ကိုယ့်နောက်မှာ အစဉ်အမြဲ
ကပ်ပါလာလျက်။မကောင်းမှုလုပ်ခဲ့တာ နင်လေ..နင်အသက်ရှင်ဖို့
တစ်ခြားသူတွေကို စတေးခဲ့ရတာ..အဲ့ဒါနင်လေ..
ကျွန်မ အရိပ်က ကျွန်မကို ပြန်ပြီးလက်ညှိုးထိုးနေသယောင်..
ထိုအရိပ်များနှင့် ကျွန်မ ဝေးကွာလိုသည်။အမြဲတမ်းခြောက်လန့်နေသော
အရိပ်မည်းကြီးတွေ ကျွန်မနောက်ကိုဆက်မလိုက်စေရန် ဆုတောင်းမိသည်။
သို့ပေမဲ့အချည်းနှီး။သစ်ပင်ကအရိပ်ကိုကြောက်လန့်ခဲ့တုန်းက မျက်လုံးကို
ဇွတ်မှိတ်ပြီး နေခဲ့ဖူးသည်။ဖောက်ပြန်သော ယောက်ျားနှင့်မိန်းမ အရိပ်တွေကို
မမြင်ချင်တုန်းက ကျောခိုင်းလှည့်ထွက်ကာ အရိပ်တွေကို ရှောင်ခဲ့ဖူးသည်။
ယခု ကျွန်မ အကုသိုလ်ကပေးနေသော ကျွန်မအရိပ်...ထိုအရိပ်မည်းကြီးနဲ့
ဝေးကွာလိုသော ကျွန်မ...ဘယ်လိုရှောင်ပုန်းရပါ့မလဲ...............

(၀န်ခံချက်..ဆယ်တန်းတုန်းက ဆရာချယ်ရီမြေပြောပြသာ
Shadow ဆိုတော့ စာနှစ်ပိုဒ်အား မှတ်မိသ၍ ရေးသားထားခြင်း
ဖြစ်ပါသည်.နောက်ဆုံးအပိုဒ်ကတော့ ကျနော့်စိတ်ကူးသက်သက်ပါ)...

နှင်းငယ်

No comments:

Post a Comment