ကန္တာရဆူး -အပိုင်း ( ၃ )
ထိုနေ့မနက်ပိုင်းကတည်းက ကျွန်မ နေမကောင်း...ခါးရိုးတွေ အဆမတန်အောင် ကိုက်ခဲနေသည်...
ကိုယ်ဝန်ကလည်း လရင့်လှပြီ....ဆရာဝန်မကြီးပြောထားသော ရက်အတိုင်းဆိုလျှင်တော့
နှစ်ပတ်လောက်လိုသေးသည်..ဒါပေမဲ့ဒီနေ့ကျမှ ခါးရိုးတွေ မနေနိုင်မထိုင်နိုင်အောင်
ကိုက်ခဲလှသည်..ထိုင်လျှင်လည်းထိုင်၍ ထလျှင်လည်းထ၍ မရနိုင်အောင် နာကျင်လှသည်.
ညရောက်တော့လည်း တော်တော်နှင့်အိပ်မပျော်...၁၁နာရီလောက်မှမှေးခနဲအိပ်ပျော်သွားသည်.
ည တစ်နာရီ.....
"အား".....ကျွန်မ စူးဝါးစွာအော်မိသည်..ဘာဖြစ်လို့လည်းမသိ..ဗိုက်ထဲကထိုးနာလာသည်..
ဘာများအစားမှားလို့ပါလိမ့်...ကလေးကလည်းရက်ကလိုသေးတယ်..ဗိုက်နာတာကရိုးရိုးနာတာလား
ကလေးမွေးချင်လို့နာတာပဲလားလည်းမသိ..အိမ်သာထဲကိုကျွန်မပြေးသွားမိသည်.
အိမ်သာတက်ချင်တာလည်းမဟုတ်..ခနနေတော့ဗိုက်နာတာပျောက်သွားသည်.....
ငါ အစားမှားတာပဲနေမှာပါလေ..တွေးပြီး အိပ်လိုက်မိသည်..နောက်လေးဆယ့်ငါးမိနစ်လောက်
နေတော့ထပ်နာလာသည်...အိမ်သာထဲတစ်ခေါက်သွားသည်..မဟုတ်..သေချာပြီ....
ငါရင်သွေးလေးမွေးရတော့မည်..
"မောင်..ထ..ထ ..ကျွန်မ ဗိုက်နာတယ်...ကလေးမွေးချင်တာလားမသိဘူး..
ဆေးခန်းလိုက်ပို့ပါ"...
ဘယ်လိုနှိုးနှိုး မောင်ကတော့မနိုးပါ..မနိုးဆို ညက အရက်တွေနင်းကန်သောက်လာသည်ကိုး..မနိုးဘူးပေါ့..
မောင့်ကိုနှိုးမရသည့်အဆုံးတော့ ဗိုက်နာလာလျှင် အိပ်လို့လည်းမရသည့်အတူတူလမ်းထလျှောက်သည်.
ပျောက်သွားလျှင် ခန၀င်အိပ်သည်........
နာလိုက် ပျောက်လိုက် အချိန်ကလည်း တစ်ချိန်နဲ့တစ်ချိန် စိပ်စိပ်လာသည်...
"ရင်သွေးလေးကိုမီးဖွားချင်လို့ နာတဲ့အနာက ဘယ်လိုနာတာမျိုးနဲ့မှ မတူဘူးသမီး"
လို့ တစ်ချိန်ကပြောခဲ့ဖူးတဲ့အမေ့အသံလေးကို ပြန်လည်ကြားယောင်လာသည်..
အမေ..အမေဆိုမှ ဒီနေ့လည်းအမေ့ဆီ ဖုန်းမဆက်ဖြစ်...ဒီလိုအချိန် အမေင့ါဘေးနားရှိနေရင်တော့ အားရှိမှာသေချာသည်..
အော်..အမေလည်းတစ်ချိန်တုန်းကငါ့ကိုဒီလိုဗိုက်အနာခံပြီးမွေးခဲ့တာနေမှာ....
ခုတော့အမေ့ကျေးဇူးတွေကိုငါဒီလိုဆပ်ခဲ့မိပြီ....တွေးရင်းဝမ်းနည်းလာသည်...
ဒီလိုနဲ့ပဲ အမေ့ကိုတမ်းတရင်း နာကျင်တဲ့ဒဏ်ကိုကျိတ်မှိတ်ခံလျက်က မိုးစင်စင်လင်းခဲ့လေပြီ...
မနက်ရှစ်နာရီလောက် မောင်က ဆေးရုံ ကိုလိုက်ပို့သည်...
ကလေးမီးဖွားခန်းက နှစ်ထပ်မှာ...အဲ့ဒီထိ လမ်းလျှောက်လျက် ကျွန်မသွားသည်..
ဆေးရုံမှာ ကျွန်မလိုမိခင်လောင်းတွေ တွေ့ရသည်..ဗိုက်နာလျက် မီးဖွားရန်အသင့်စောင့်စားနေကြသော
မိခင်လောင်း လေးယောက်လောက်ကို ကျွန်မနဲ့တူတူတစ်ခန်းတည်းမှာထားသည်..
ထိုအခန်းကိုတော့မည်သည့်ယောက်ျားလေးကိုမှ ၀င်ခွင့်မပြုပေ..
တာဝန်ကျဆရာဝန် ဆရာဝန်မလေးများက အမြဲဗိုက်ကို လာလာစမ်းသည်..
ဗိုက်နာတာပျောက်သည့်အချိန်ကလည်း ခဏသာကြာတော့သည်.
နာကျင်သည့်အချိန်သာပိုပိုများလာသည်..ကျွန်မ မခံစားနိုင်...ခုနက ဆရာဝန်လေးလာစမ်းတော့ ပြောသွားသည်..
ညနေသုံးနာရီလောက်မှမွေးမတဲ့...
အမလေး....ခုမှ မနက်ဆယ်နာရီလောက်ပဲရှိသေးတယ်...
မဖြစ်ဘူး......နာကျင်တဲ့ဒဏ်ကိုမခံစားနိုင်တော့ဘူး...
"ဆရာမ...သမီးကိုခွဲမွေးပေးပါ"....နာကျင်စွာ အော်ဟစ်ရင်းပြောဆိုမိသည်..
"သမီး..သမီးမှာ ဘာရောဂါအခံမှလည်းရှိတာမဟုတ်ဘူး.
.အရွယ်လည်းငယ်သေးတယ်..ဒါပထမဆုံးသားဦးမို့နာတဲ့ဒဏ်ကို မခံစားနိုင်တာ..
.ရိုးရိုးမွေးတာက သမီးအတွက်ကောင်းလို့မို့ ဆရာမက ရိုးရိုးမွေးခိုင်းတာ."....
ဆရာမက ကျွန်မ ဗိုက်ကလေးကိုညင်သာစွာကိုင်ထားရင်းပြောပြသည်...
ဒုတိယထပ်ပြတင်းပေါက်ဘေးက ခုတင်လေးမှာကျွန်မ အိပ်ရင်းအင်္ဂုလိမာလသုတ်ကို ရွတ်ဖတ်နေမိသည်..
ကျွန်မလုံချည်နဲ့ အိပ်ရာခင်းတွေမှာလည်း သွေးတွေကမြင်မကောင်း..
ကိုယ့်ကိုကိုယ်ကြည့်ရင်းလန့်လာသည်..တစ်နေကုန်ဘာအစားမှလည်းမစားနိုင်..
သွေးတွေအလိမ်းလိမ်းဖြစ်နေလို့လုံချည်တွေလည်း လဲရတာ ခဏခဏ....
နောက်ဆုံးနာကျင်သည့်ဒဏ်က ပိုပိုဆိုးလာတော့ ပြတင်းပေါက်ကခုန်ချမည်ဟု ကျွန်မကြံစည်မိသည်...
"မရတော့ဘူး..လွှတ်ပါ..ကျွန်မကိုလွှတ်ပါ...ဒီထက်နာတဲ့ဒဏ်ကိုမခံနိုင်တော့ဘူး..
ဒီအောက်ကို ခုန်ချတော့မယ်"....
ရုန်းရင်းဆန်ခတ်ကျွန်မ ရုန်းမိသည်...ဘေးနားကကျွန်မကို လာစောင့်တဲ့အန်တီကြီးက
"သမီး..သမီးရင်သွေးလေးက အပြင်ကိုထွက်ချင်လို့ တွန်းနေတာလေ..စိတ်ထိန်းမှပေါ့"..
"ဟုတ်တယ်..ငါ့ရင်သွေးလေးကိုငါမွေးရတော့မယ်..ငါခုန်ချလို့မဖြစ်ဘူး..
ငါ အမေတစ်ယောက်ဖြစ်နေပြီ..င့ါမှာ င့ါရင်သွေးလေးရတော့မယ်"....
..........................................................................................
စူးခနဲ ခံစားလိုက်ရသည်..ချွန်ထက်ထက်အရာတစ်ခုခုနဲ့ဆွဲဖြဲလိုက်သလိုပဲ..
ဒါပေမဲ့ ဗိုက်နာသည့်အရှိန်က ပိုပြင်းလို့လားမသိ...ဓားလေးနဲ့ခွဲလိုက်တာကိုကျွန်မ သိပ်မခံစားမိ......
"အူဝဲ..အူဝဲ."........
"အယ်...ယောက်ျားလေးတော့......ယောက်ျားလေးမွေးတယ်.....ဖြူဖြူလေးပဲ."...
ဆရာမက ကလေးလေးကိုပွေ့ထားရင်းပြောသည်..
၁၂နာရီကျော်လောက်သေတော့မတတ်နာကျင်ခဲ့ရသည့်ဝေဒနာတို့ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်သည်..
ကလေးမွေးသည့်ခုတင်ပေါ်မှာအိပ်လျက်က ကျွန်မ ထကြည့်သည်..သားလေးခြေလက်အင်္ဂါမှစုံရဲ့လားလို့.....
စုံသည်...ဗိုက်မှာချက်ကြိုးလေးတန်းလန်းနှင့်....
အူဝဲ..အူဝဲနှင့် စူးစူးဝါးဝါးလေးငိုနေလေသည်...
"အမလေးးမယ်မင်းကြီးမရယ်..အသာအိပ်နေပါ..ခေါင်းထောင်မကြည့်ပါနဲ့.
..
ခုမှသွေးနုသားနုနဲ့..မူးလဲနေပါဦးမယ်....ခနနေညည်းသားကို ချိုချိုလာတိုက်မှာပါ...
ခုတော့သန့်ရှင်းရေးလုပ်ပေးမယ်...ပြီးရင်ဘီပိုးကာကွယ်ဆေးထိုးပေးရမယ်."..
နပ်စ်မကြီးကပြောရင်းသားလေးကိုပွေ့ချီသွားသည်..ကျွန်မလည်ပြန်သည်ထိသားလေးကိုကြည့်မိသည်...
ချစ်စရာလေး..မောင်နဲ့တူတာ..အသားဖြူဖြူလေးနဲ့.....တွေးရင်းပီတိတွေဖြစ်နေမိသည်..
သူနဲ့တူတဲ့ သူလိုချင်တဲ့ သားလေးကို ကျွန်မမွေးပေးခဲ့ပြီးပြီ.....
ခနနေတော့အနှီးထုပ်လေးထဲမှာငြိမ်သက်နေတဲ့ နီတာရဲသားလေးကိုကျွန်မဆီခေါ်လာပြီး ချိုချိုတိုက်သည်....
ရင်ထဲမှာအတိုင်းမသိတဲ့ပီတိတို့ကျွန်မခံစားလိုက်ရသည်..
သူများတွေပြောဖူးတာကြားဖူးသည်..မိခင်နို့ရည်ဆိုတာ တကယ်တော့ အဲ့ဒီမိခင်ရဲ့သွေးတွေတဲ့..
ကလေးလေးကနီနီရဲရဲ အရည်တွေဆိုရင်လန့်မှာစိုးလို့
အဖြူရောင်အဖြစ်ပြောင်းပေးထားတာတဲ့...
ဟုတ်လောက်သည်....
ကျွန်မ သားလေးကိုကျွန်မ ထွေးပွေ့ထားမိရင်းတစ်ချိန်တည်းမှာပဲကျွန်မ မိခင်ကိုကျွန်မ သတိရလာလေသည်...
အမေ..အမေ့မြေးလေးကိုဒီနေ့ပဲ သမီးအင်္ဂါစုံလင်စွာမွေးဖွားခဲ့ပါတယ်...
အမေလည်း သမီးကိုမွေးတုန်းက ဒီလိုပဲ ဗိုက်အနာခံခဲ့ရမှာနော်..သမီးတုန်းက ပိုဆိုးတာပေါ့...
သူများတွေလိုခေါင်းကနေထွက်ခဲ့တာမဟုတ်ဘူး..
လောကကြီးကိုစုံကန်တဲ့အနေနဲ့ ခြေထောက်ကနေမွေးခဲ့ရတာ..အမေပိုပြီးခက်ခဲပင်ပန်းစွာ မွေးခဲ့ရမှာနော်...
သားလေးကိုကြည့်လျက်က ကျွန်မ သတိရစိတ်တို့နှင့် မျက်ရည်လည်လာခဲ့လေသည်..
ထိုအချိန်မှာကျွန်မ မောင့်ကိုလည်းမတွေ့ချင်..ဘယ်သူ့ကိုမှလည်းမတွေ့ချင်...
ကျွန်မ အမေ့ကိုသာတွေ့ချင်သည်...အမေ့ကိုဖက်ပြီးငိုလိုက်ချင်သည်..
ဒါပေမဲ့ဒီစိတ်ကူးတို့သည် စိတ်ကူးအဖြစ်တွေးလိုက်မိပြီးကတည်းကပင်
ပျောက်ကွယ်သွားပြီးဖြစ်သည်...အဘယ်ကြောင့်ဆိုသော်....
အမေနဲ့ကျွန်မရဲ့ဝေးကွာနေသော ခရီးမိုင်က ရှည်လျားလွန်းသောကြောင့်ပေတည်း..........
No comments:
Post a Comment