ကန္တာရ ဆူး
အပိုင်း ( ၄ ) ဇာတ်သိမ်းပိုင်း..
"မေမေ..မေမေ...သားသားခေါ်နေတာကြာပြီ..ဖေဖေ့ပုံကိုထည့်ဆွဲမယ်လို့ပြောနေတာ..
မေမေကပြန်လည်းမပြောဘူး."....
ကျွန်မတွေးတောနေမိတာ ဘယ်လောက်တောင်ကြာပြီလဲမသိ....သားသားကကျွန်မနောက်ကျောကနေသိုင်းဖက်ပြီး
နားနားလေးကိုကပ်လျက် စကားလာပြောတော့မှ ကျွန်မ အတွေးတို့ရပ်တန့်သွားသည်....
"အော်..အေး..သားထည့်ဆွဲလေ...ဆွဲလို့ရပါတယ်သားရဲ့."...
သားငယ် ချက်ချင်းခဲတံလေးကိုကောက်ကိုင်လျက်မိသားစုသုံးယောက်နှင့်
ဒိုင်နိုဆောချခန်းကိုဆက်ဆွဲလေသည်..ကျွန်မ မျက်လုံးအိမ်မှာ မျက်ရည်တို့တွဲခိုလျက်.
"တိတ်..တိတ်..မယ်နု..နင်ငိုလို့မဖြစ်ဘူး....နင့်သားရှေ့မှာ နင်မျက်ရည်ကျလို့ လုံးဝမဖြစ်ဘူး...
နင်ငိုရင် နင့်သားငိုမယ်...နင့်သားကို စိတ်ဓာတ်ပျော့ညံ့မှုတွေပေးတဲ့ မိခင်တစ်ယောက်လုံးဝမဖြစ်စေရဘူး...
ထိန်းစမ်း..ကိုယ့်စိတ်ကိုပြန်ထိန်း"...
ကျွန်မ မငိုမိပါ..ကျွန်မသားရှေ့မှာ ကျွန်မ ဘယ်တော့မှမငိုစေရလို့ လည်း ဟိုးအရင်
ကတည်းက စိတ်ပိုင်းဖြတ်ထားပြီးသားဖြစ်သည်...
........................................................................................................
သားလေးမွေးပြီး ကျွန်မတို့မိသားစုသုံးယောက်လုံးကျွန်မ မိဘအိမ်ပြန်လာခဲ့ကြသည်..
ကျွန်မကျောင်းဆက်တက်သည်...သူလည်းကျောင်းဆက်တက်သည်...
ကျွန်မ သားလေးကိုရင်ခွင်ထဲထည့် နို့ချိုတိုက်ကျွေးရင်း စာကျက်ခဲ့ရသည့်ညတွေမနည်း...
ကျွန်မကြိုးစားသည်..ကျွန်မ ဆရာဝန်တစ်ယောက်ဖြစ်မှဖြစ်မည်..ဒီယောက်ျားကဘယ်အချိန်ကျွန်မကို
စွန့်ပစ်သွားမည် မသိ.....တရားရုံးမှာလင်မယားကွာရှင်းကြလျှင်ကျွန်မသားကို ကျွန်မပိုင်ဆိုင်ခွင့်ရဖို့
ကျွန်မ ပညာတတ်မှရမည်..အစစအရာရာကျွန်မ သူ့ထက်သာနေမှရမည်...ထိုစိတ်တို့ဖြင့်ကျွန်မ စာကျက်သည်...
ကျွန်မသာတစ်တန်းပြီးတစ်တန်းအောင်ပေမဲ့ သူကတော့စာစိတ်မ၀င်စားသဖြင့်တစ်တန်းပြီးတစ်တန်းကျလေသည်.
.နောက်ဆုံးသူကျောင်းထွက်လိုက်သည်..အပြင်အလုပ်လုပ်သည်..ဒီကြားထဲ ကျွန်မအိမ်ပေါ်တက်နေလျက်နှင့်
ရိုက်လားပုတ်လားကလည်း လုပ်သေးသည်.....ကျွန်မသည်းခံပါသည်.
.ကျွန်မသားလေးဖခင်မဲ့မည်ဆိုသောစိတ်ကလေးတစ်ခုတည်းဖြင့် ကျွန် အတိုင်းအဆမရှိသည်းခံခဲ့လေသည်...
ကျွန်မ မိဘတွေလည်းမသိစေရ..သားလေးလည်းမသိစေရဘဲ ကျွန်မ ငိုခဲ့ရသည့်ညတွေမနည်း...
မှတ်မှတ်ရရ ကျွန်မနောက်ဆုံးနှစ်ကျောင်းသူဘ၀ ဒုတိယနှစ်ဝက်စာမေးပွဲဖြေခါနီးမှာ
သူအိမ်ပေါ်ကဆင်းသွားလေသည်..ကျွန်မတို့ကျောင်းထက် သူတို့ အဝေးသင်ကစာပိုများသည်တဲ့..
ကလေးပဲထိန်းနေရတော့သူ့စာကိုသူမကျက်ရသဖြင့် ကျွန်မတို့မိသားစုက
သူ့ကိုအသေသတ်နေသည်ဆိုသော အကြောင်းပြချက်ဖြင့် ကျွန်မအိမ်ပေါ်က ဆင်းသွားလေသည်..
ကျွန်မ မတားမိ...သူအိမ်ပေါ်ကဆင်းသွားကတည်းကသူအပါအ၀င်သူ့မိသားစု
တစ်ယောက်တစ်လေမျှ ကျွန်မကို မဆက်သွယ်..အချိန်ကြာလာတာနှင့်အမျှသွေးအေးခြင်းနှင့်အတူ စိတ်နာလာသည်...
ကျွန်မ နောက်ဆုံးနှစ်စာမွေးပွဲကိုလည်း အလွတ်အောင်သည်..ကျွန်မ ဆရာဝန်တစ်ယောက်ဖြစ်ပြီ..
နာမည်ရှေ့မှာဒေါက်တာတပ်ခေါ်ခံရတော့မည်..
တွေးရင်းကျွန်မအားရှိလာသည်..ကျွန်မ ထိုယောက်ျားကို မပေါင်းချင်တော့...
ဒီလိုနဲ့ပဲကျွန်မဘေးမှာသားလေးကအမြဲအဖော်ပြုရင်း ကျွန်မရင့်ကျက်လာခဲ့သည်..
သားလေးကလည်းအရွယ်နဲ့မလိုက်အောင်အရမ်းသိတတ်လွန်းသည်..
သူ့အဖေအကြောင်းပြောလျှင်ကျွန်မ မျက်နှာပျက်မှန်းသိတော့ ကျွန်မရှေ့ဘယ်တော့မှမပြော..
သူ့အဘွား(ကျွန်မ အမေ)က တစ်ခါတစ်ခါ "နင့်အဖေကလေ" ဟုသုံးနှုန်းလိုက်လျှင်
သူ့အဘွားပါးစပ်ကိုသူ့လက်ညှိုးကလေးနဲ့အသာသွားပိတ်ပြီး.
"ဘွား..မပြောနဲ့..မေမေ ငိုလိမ့်မယ်" တဲ့...
တစ်ခါကလည်း ကျွန်မကို သူတောင်းဆိုသည်...သူ့တောင်းဆိုချက်ကိုကြားရပြီး
ကျွန်မ လန့်ဖျက်ခြင်းနှင့်အတူ ငေးငိုင်သွားခဲ့ရသည်..
"မေမေတဲ့..သားသားကိုဖေဖေတစ်ယောက်လောက်ရှာပေးပါတဲ့..ဟိုသားသားအဖေအရင်းကို
ပြောတာမဟုတ်ပါဘူး..ဖေဖေ့လိုဖေဖေနောက်တစ်ယောက်ပါတဲ့"..
ကြားကြားချင်းကျွန်မရယ်လိုက်မိပေမဲ့ ချက်ချင်းသူ့ရင်ထဲကတောင့်တချက်ကိုကျွန်မမြင်လိုက်ရချိန်မှာ
ကျွန်မ မရီနိုင်တော့..သူ့မူကြိုမှာ မိဘအစုံအလင်နှင့်လာကြိုနေကြတဲ့သူငယ်ချင်းတွေကြား...
သူဘယ်လောက်ခံစားရမလဲ ကျွန်မမမှန်းဆနိုင်..သူ့မှာသူများတွေလိုဖခင်လိုသည်...သူများဖခင်တွေလို သူနဲ့တူတူ
ကစားပေးမည့် ယောက်ျားကလေးတစ်ဦးကို သူအလိုရှိသည်...
သူအားကိုးရာ သူအားထားရာ သူ့ရှေ့မှာရပ်တည်ပေးမည့် ယောက်ျားသားတစ်ဦးကိုသူတောင့်တသည်..
သူ့အဖေကိုကျွန်မ မုန်းမှန်းလည်းသိတော့ သူ့အဖေကိုတော့သူ မတောင်းဆို..
ဘယ်လောက်တောင်မှ ကျွန်မအပေါ် နားလည်ပေးသည့်သားလေးပါလိမ့်...
အဲ့ဒီညက ကျွန်မ အိပ်မပျော်..ကျွန်မငိုသည်..
အိပ်ပျော်နေသည့်သူ့မျက်နှာလေးကို ပွတ်သပ်နမ်းရှုပ်ရင်း ငိုမိလေသည်..
သားလေးနှင့်သူ့အဖေကွဲကွာသွားသည်မှာ နှစ်နှစ်ကျော်ခဲ့ပြီ...စစချင်းခွဲခွာကာစကတော့တော်တော်မေးသည်.
နောက်ပိုင်းကျ ကျွန်မချစ်ခြင်းတွေနှင့်အတူ သူ့အဖေကိုမေ့စေခဲ့လေသည်.
.ပြီးခဲ့သည့်စနေနေ့က ကျွန်မတို့မိသားစု ရိုက်ထားခဲ့သော ဟိုးလွန်ခဲ့တုန်းကပုံကို သားတွေ့သွားသည်..
သူ့ကိုချီပိုးထားသော သူ့အဖေကိုရုတ်တရက်သူမမှတ်မိ..
မေမေ ဒါဘယ်သူလဲတဲ့...ကျွန်မချက်ချင်းဘာပြန်ဖြေရမှန်းမသိ...
မေမေ့သူငယ်ချင်းလို့ ကျွန်မလိမ်ညာဖြေလိုက်မိသည်...မေ့နေခဲ့တာကြာပြီဖြစ်တဲ့
သူ့အဖေကို ကျွန်မ သတိမရစေလိုတော့..သားခဏတွေဝေသွားသည်..ပြီးတော့..
ကျွန်မကိုလက်ညှိုးထိုးလျက်
.".မေမေနော်..မေမေလျှောက်ပြောနေတာ..အဲ့ဒါသားသားဖေဖေတဲ့".
သားသားကသာ သားဖေဖေကိုသတိရနေတာပါ...သားဖေဖေကတော့နောက်ထပ်ကောင်မလေးတစ်ယောက်
ရနေပြီတဲ့..အဲ့ဒီကောင်မလေးက သူ့ကိုသိပ်ချစ်တာဆိုပဲ...
ဒီအကြောင်းတေကိုကျွန်မ မစုံစမ်းရစေဘဲ ကျွန်မနားထိရောက်အောင် သူ့အဖေက ပြောခဲ့လေသည်...
ကျွန်မ၀မ်းမနည်းမိ...
အမှန်တိုင်းပြောရလျှင် ထိုကောင်မလေးကို ကျွန်မ သနားသည်..
ကိုယ့်သွေးသားကိုတောင် စွန့်ပစ်သွားသော ထိုယောက်ျား၏ချစ်တယ်ဆိုသောစကားကို ထိုကောင်မလေးယုံလေသည်...
ဒါပေမဲ့ကျွန်မ မှာပြောပိုင်ခွင့်မရှိ..
ပြောပိုင်ခွင့်ရှိစေဦးတော့ ကျွန်မ ဘယ်တော့မှပြောမည်မဟုတ်...
ဝဋ်ကြွေးဆိုသည့်အမျိုးကပါလာလျှင်ဘယ်လိုမှရှောင်လွှဲလို့မရမှန်း ကျွန်မကိုယ်တိုင်
ကောင်းကောင်းကြီးခံစားဖူးသဖြင့် သိလေသည်....
မိန်းမတွေမှာ မာနရှိသည်..
အထူးသဖြင့် ဒဏ်ရာတွေအလူးအလဲနှင့်ဖြစ်နေသောမိန်းမတစ်ယောက်၏ မာန က ပိုကြောက်ဖို့ကောင်းလေသည်..
ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးကြတော့ သားလေးကို ဖခင်ကစွန့်လွှတ်ကြောင်း..
မိခင်ဖြစ်သူကျွန်မ ကသာ အုပ်ထိန်းကြောင်းထည့်ချုပ်လေသည်....
မခေါ်ချင်လို့သာရမယ်..မတော်ချင်လို့မရဘူးဆိုသော စကားအတိုင်း သားလေးရဲ့အဖေက သူဆိုတာ
ဒီတစ်သက်ဖျောက်လို့မရမှန်းလည်းကျွန်မ သိသည်.သားလေးတော်တော်နားလည်သည့်
အရွယ်ရောက်လျှင်တော့ ကျွန်မ အားလုံးကိုဖွင့်ပြောမည်..ခုအရွယ်ကတော့
အတော်ငယ်ရွယ်သေးသဖြင့် မပြောမိ..ဒီအချိန်မှာတော့ ကျွန်မစိတ်ထဲတွေးထားတာ
တစ်ခုပဲရှိသည်..ကျွန်မအသက်ရှင်နေတာ ကျွန်မ အတွက်မဟုတ်..ကျွန်မသားအတွက်
ကျွန်မ ရှင်သန်နေခြင်း...ကျွန်မသားကို ကျွန်မတစ်ယောက်တည်းရအောင်ပြုစုပျိုးထောင်ပြမည်..
ဒီမိန်းမတစ်ယောက်တည်းနှင့် ဒီသားလေး ဒီလိုလူလားမြောက်လာတာပါလားလို့ ကျွန်မ ပြချင်သည်..
ကျွန်မသားအတွက် ကျွန်မက အမြဲစံပြဖြစ်နေရမည်...
ကျွန်မသားအတွက် ကျွန်မက ဂုဏ်ယူစရာအမေ အမြဲဖြစ်နေစေရမည်....
..........................................................................................
.
ကျွန်မဘ၀မှာ ထိုယောက်ျားတစ်ယောက်သာချစ်ခဲ့..ထိုယောက်ျားတစ်ယောက်နှင့်သာ
ယူခဲ့ရသော်လည်း ထိုယောက်ျား၏ ချစ်ခြင်း ကြင်နာခြင်း ဂရုစိုက်ခြင်းတို့ကိုတော့စိုးစဉ်းမျှမရရှိခဲ့ပေ..
တစ်ခါတစ်ရံ ပင်ပန်းလွန်းသဖြင့် ကိုယ့်ကိုဂရုစိုက်သော ကိုယ့်ကိုချစ်သော
သူစိမ်းယောက်ျားလေးများအပေါ် စိတ်ညွှတ်မိလေသည်..
ထိုအချိန်မျိုးတွင် သားလေးကခေါင်းထဲအမြဲရောက်လာတတ်လေသည်..
မဖြစ်ဘူး..မဖြစ်ဘူး...အဲ့ဒီယောက်ျားလေးဘက်မှာလည်း အသိုင်းအ၀ိုင်းဆိုတာရှိတယ်...
င့ါသားလေးအနှိမ်ခံရမှာ...ပြီးတော့ ငါလည်းအမေတစ်ယောက်..
င့ါသားကိုဆိုရင်ရော..တစ်ခုလပ်ကလေးအမေနဲ့သဘောတူမလား..
အဲ့လိုပဲ အဲ့ယောက်ျားကလေးရဲ့အမေကရော သဘောတူပါ့မလား...
ထိုအတွေးတို့ဝင်ဝင်လာပြီး ကိုယ့်နှလုံးသားနှင့် သားလေးဘ၀ကိုလဲလှယ်လိုက်ရသည့် အချိန်တွေလည်းရှိခဲ့လေသည်....
မိန်းမတစ်ယောက်ရဲ့ဘ၀မှတ်တိုင်တွေမှာ လင်ယောကျာ်းနှင့်ကွာရှင်းခြင်းဆိုတဲ့
ထိပ်ဆုံး မှတ်တိုင်အကြီးကြီးလဲကျခဲ့မှတော့ ကိုယ့်နှလုံးသားရဲ့ဒဏ်ရာဆိုတာ
ပြောပလောက်တဲ့ ဒဏ်ရာမှမဟုတ်တော့တာပဲ........
ခုသားလေးသူငယ်တန်းရောက်နေပြီ...သူနဲ့အတူတူ ၀ လုံးရေးရသည်..
သူ့ကိုကျောင်းပို့ ကျူရှင်ပို့နှင့် ကျွန်မအချိန်တွေကိုမအားရအောင်ကျွန်မအစီအစဉ်ဆွဲထားသည်..
ပြီးတော့ သားလေးသိပ်ကြိုက်သော အော်ဂင်တီးကိုကျွန်မသင်နေသည်..
မနေ့က အေဘီစီဒီ တီးလုံးတီးပြတော့ တိုက်ခန်းတစ်ခန်းလုံးကို
မေမေ တီးတာအရမ်းကောင်းတာပဲ လို့ ကြွားနေသံကြားရသည်...ကျွန်မပျော်သည်..
ကျွန်မ ပင်ပန်းရကျိုးနပ်သည်...
အချိန်တွေဆိုတာကုန်မြန်လွန်းလှသည်...ဒီနေ့သူငယ်တန်းတက်နေသောသားလေး
နောက်တစ်ချိန်ကျလျှင် ကျွန်မ အရွယ်ကိုရောက်လာတော့မည်...
အမေဖြစ်သူကျွန်မက သူ့ကိုဘယ်တော့မှ မပစ်သွားပေမဲ့ သူ့ဘ၀မှာ အမေထက်ချစ်သောမိန်းကလေးရှိလာတော့မည်.....
သူ့ဘ၀ကိုသူတည်ဆောက်ဖို့ရန် ကျွန်မကိုတစ်ချိန်မှာခွဲသွားတော့မည်....
ထိုအချိန်များကိုတွေးလိုက်မိတိုင်းကျွန်မ နွမ်းလျစွာခံစားရသည်....
ဒါပေမဲ့သူ့အဖေလိုမျိုး ခင်ပွန်းမပီသသောယောက်ျားတစ်ယောက်မဖြစ်ရန်..
ဖခင်မပီသသော အဖေတစ်ယောက်မဖြစ်စေရန်ကျွန်မ သွန်သင်ဆုံးမရပေဦးမည်.......
No comments:
Post a Comment