Sunday, September 8, 2013

ဖြတ်ခနဲ................လွင့်ကြွေ............................................

ကျွန်မ မရဲတရဲနှင့် အခန်းထဲလှမ်းဝင်လိုက်သည်..
အဝတ်အစားဘိုသီဘတ်သီဝတ်ထားသော အမျိုးသမီးကြီးတစ်ယောက်
ကျွန်မကိုစူးစိုက်စွာကြည့်လျက်...

"အန်တီတို့ဆီမှာတော့ ကလေးဖျက်ချတာနှစ်နည်းရှိတယ်..
ဆေးသောက်ပြီးဖျက်တာ ရှိသလို ဒီလိုပစ္စည်းကိရိယာတွေသုံးပြီးဖျက်တာလည်းရှိတယ်"
ပြောရင်းက ချွန်ချွန်ထက်ထက်ကိရိယာတွေ ကျွန်မကို ထုတ်ပြသည်..

ကျွန်မစိတ်ထဲ ငိုသံလိုလိုလေးကြားလိုက်ရသည်..

"မေမေရေ မလုပ်ပါနဲ့..ကျေးဇူးပြုပြီးမလုပ်ပါနဲ့..
ဒီချွန်ထက်တာကြီးတွေကို ကြောက်လို့ပါ."....

ဗိုက်ထဲက သားသားလေးလား မီးမီးလေးလား မသိရသေးတဲ့
ရင်သွေးလေးရဲ့အသံ....
ကျလုဆဲဆဲမျက်ရည်တွေကို မကျအောင်ထိန်းရင်း
နှုတ်ခမ်းကို အားနဲ့ဖိကိုက်ရင်းး ဆုံးဖြတ်ချက်တစ်ခုကိုပိုင်နိုင်စွာချလိုက်သည်..

"အန်တီ ကျွန်မဆေးနဲ့ပဲ ဖျက်ချင်တယ်..
ဒီကိရိယာကြီးတွေကျွန်မထဲထည့်မှာ ကြောက်လို့ပါ.."

အသက်ရှိနေပြီလားးမရှိသေးဘူးလား မသိရသေးတဲ့ ကလေးလေးတစ်ယောက်ကို
မနာကျင်စေဘဲ အသက်ပျောက်သွားစေချင်တာ မိခင်မေတ္တာလား...

မနာကျင်စေဘဲနဲ့တဲ့...ဆေးတွေနဲ့ဖျက်လည်းသူမနာကျင်ဘူးရယ်လို့
နင်ဘယ်လိုသိလဲဟင်...နင်ကိုယ်တိုင်မခံစားရလို့..
နင့်အသက်ကိုသေမှာမဟုတ်တဲ့အတွက်ကြောင့် မနာကျင်ဘူးရယ်လို့များ
သုံးနှုန်းလိုက်တာတဲ့လား....

ဘာရယ်...မိခင်မေတ္တာ ဟုတ်လားးးးမိခင်မေတ္တာဆိုတဲ့စကား နင်နဲ့ထိုက်တန်လို့လားး
နင့်မှာမိခင်စိတ်ရှိရင် ဒီကလေးကို နင်မွေးရဲရမှာပေါ့..
နင်ဘာကိုရှက်ကြောက်နေတာလဲ..
လက်မထပ်ရသေးဘဲ အတူတူနေတာကိုကျ နင်မရှက်ဘူးး
ဒီလိုကလေးလေးတစ်ယောက် လောကထဲရောက်လာမှာကိုကျ နင်ရှက်တယ်..
ဒီကလေးလေးက သူ့အလိုလိုရောက်လာတာမဟုတ်ဘူးလေ..
နင်တို့ ကမျဉ်းကျောထလို့..နင်တို့မဆင်မခြင်နေလို့ ဒီလောကထဲရောက်လာရတာ....

တော်ပါတော့.. ဆင်မပြောပါနဲ့တော့..ကျွန်မအသံတွေကို ကျွန်မကိုယ်တိုင်နားထောင်နိုင်စွမ်းမရှိလို့ပါ..
ကလေးလေးရေ..အမေ့ကိုခွင့်မလွှတ်ပါနဲ့..
မင်းကိုမလိုချင်တဲ့ မင်းအဖေကိုယ်တိုင်အမေ့ကို ဒီကိုခေါ်လာတာပါ..
အမေရော အဖေရော ကျောင်းဆက်တက်ရဦးမယ်..
အလုပ်လုပ်ရဦးမယ်..အသက်တွေလည်းငယ်သေးတယ်..
အဓိက ပြသနာက မင်းအဖေကအမေ့ကို မယူနိုင်ဘူးတဲ့..
အဖေမရှိတဲ့မင်းကိုအမေဘယ်လိုမွေးမလဲကွယ်...
ဒီအချိန်မှာပြသနာကိုအကောင်းဆုံးဖြေရှင်းနည်းကမင်းမရှိဖို့ပဲ..
ဟုတ်တယ်..မင်းသာမရှိတော့ရင်ပြီးပြီ...
ငါတို့တွေအကုန်အဆင်ပြေမှာ..စိတ်ချမ်းသာရမှာ..
ဟုတ်တယ်..မင်းသေပေးရမယ်...
ကလေးရေ ခွင့်မလွှတ်ပါနဲ့..အမေတို့ကိုလုံးဝခွင့်မလွှတ်ပါနဲ့တော့....
နောင်ဘဝမှာခံစားရမဲ့ ဝဋ်ဆိုတာထက် ဒီဘဝမှာအပြောဆိုခံရမဲ့အသံတွေကို
အမေကြောက်လို့ပါ....

"ဟဲ့ကလေးမ..ဆေးကိုဘယ်လိုသောက်ရမယ်ဆိုတာပြောပြီးပြီနော်..
ငါပြောတာရောမှတ်မိရဲ့လားးး စိတ်တွေကဘယ်ရောက်နေမှန်းမသိဘူး တကတည်းးး
နင်တင်မဟုတ်ဘူးဟဲ့..မိန်းကလေးတော်တော်များများအဲ့လိုပဲ..
ငါလုပ်ပေးခဲ့သမျှ အဆင်ပြေသွားတာချည်းပဲ..
တွေဝေမနေနဲ့.."

အန်တီကြီးပြောလိုက်တဲ့စကားကြောင့်ကျွန်မအတွေးတို့ရပ်တန့်သွားခဲ့ရသည်..
သူပြောတဲ့စကားကလည်းဝမ်းသာရမှာလိုလို ၀မ်းနည်းရမှာလိုလို....

အိမ်ရောက်တော့သူပြောလိုက်တဲ့အတိုင်းဆေးတွေသောက်ချလိုက်သည်..
သူပြောလိုက်တဲ့ရက်ကျော်သည်အထိ ရာသီမပေါ်ခဲ့..
ဒါပေမဲ့ ကျွန်မလက်တွေပေါ်မှာတော့ အနီကွက်တွေအများကြီးပေါ်လာခဲ့လေသည်..
ဗိုက်ထဲက ကလေးက လနည်းနည်းရင့်သွားလို့ပဲပျက်မကျတာလားး
အထဲမှာပျက်ကျပြီးပဲ အပြင်ကိုထွက်မလာသေးတာလားးး
သူပြောလိုက်တဲ့စကားအရဆိုရင်တော့ မအောင်မြင်တာမရှိဘူးဆိုပဲ..
ငါ့မျက်နှာလည်းတဖြည်းဖြည်းနဲ့ အရိုးပေါ်အရေတင်ဖြစ်နေပြီ..
အသားအရည်တွေလည်းမဲခြောက်လို့..
ပတ်ဝန်းကျင်ကလည်း ငါ့ကိုတီးတိုးစကားတွေပြောကုန်ကြပြီ..
အဖေနဲ့မောင်လေးသိရင်လည်းသတ်ပွဲတွေဖြစ်ကုန်ကြတော့မယ်..
အမေကတော့ရိပ်မိနေပြီထင်တယ်..ငါစိတ်ဆင်းရဲမှာစိုးလို့သာ ဘာမှမပြောရှာတာ..
ကလေးရေ မြန်မြန်သေပါတော့ မြန်မြန်သေပါတော့ကွယ်....
ဆုမတောင်းကောင်းမှန်းသိတဲ့အရာကို ကျွန်မဆုတောင်းမိသည်...
ထိုအချိန်ကျွန်မမျက်နှာက ဘီလူးသရဲလိုဖြစ်နေမှာကိုလည်းကျွန်မသိသည်..
ကျွန်မမှာရွေးချယ်စရာလမ်းကလည်း မရှိတော့....
ကိုယ့်ကိုကိုယ်သတ်သေရလောက်အောင်လည်း ကျွန်မမှာသတ္တိတွေမရှိ...
ကျွန်မရဲ့မကောင်းဆိုးဝါးတစ်ကောင်လိုအသံမျိုးနဲ့ ဆုတောင်းသံကို
အပြစ်မရှိတဲ့ ကလေးလေးကြားသွားလို့ပဲလားမသိ...
နှစ်ပတ်လောက်အကြာမှာတော့ သွေးတွေဆင်းလာလေသည်..
ပျော်လိုက်သည့်ဖြစ်ခြင်း....ထိုအပျော်တွေဟာ အပြစ်မရှိတဲ့ကလေးလေးတစ်ယောက်ရဲ့
အသက်တွေကိုရင်းပြီး ရလာတဲ့အပျော်တွေမှန်းကျွန်မ သိပေမဲ့လည်း
ကျွန်မပျော်သည်..သိသာသိစေ မမြင်စေနဲ့ဆိုတာလိုပဲ ခုချိန်မှာ ကျွန်မကို
လူတွေက အပျိုလိုပဲမြင်နေကြမယ်မှန်း ကျွန်မသိသည်....
ကျွန်မဟာ လူသတ်ကောင်ဖြစ်မှန်းမသိဖြစ်နေမှန်းကိုလည်း ကျွန်မသိသည်....
အရင်ဘ၀က သူကျွန်မကိုသတ်ခဲ့၍ ဒီဘ၀မှာ ကျွန်မကသူ့ကိုသတ်ရသော
လူသတ်သမားနေရာ ရောက်ရသည်ဟုသာ ကျွန်မဖြေတွေးထားလေသည်...
............................................................................................
သူ့ကိုချစ်မိသောစိတ်တစ်ခုတည်းနဲ့ ကျွန်မဘ၀ကိုပုံအပ်ခဲ့သလို
သူ့ကိုချစ်မိသောစိတ်တစ်ခုတည်းနဲ့လည်း သူနဲ့ကျွန်မရဲ့သွေးသားကို
ကျွန်မသတ်ခဲ့မိလေသည်...
ရလာတဲ့နောက်ဆုံးအကျိုးဆက်ကတော့ သူကျွန်မကိုပစ်သွားခဲ့ခြင်းပါ....
မိန်းမတစ်ယောက်ရဲ့နောက်ဆုံးသော သံယောဇဉ်တွေနဲ့ သူ့မိဘတွေဆီ
ကျွန်မ၀တ်တွားခယခဲ့ပေမဲ့..သားသမီးချင်းကိုယ်ချင်းမစာတတ်သော
ယောက္ခမတွေရဲ့ နင်နဲ့ငါ့သားမတန်ဘူးဆိုတဲ့စကားတွေကြား..
င့ါမှာသမီး မမွေးထားလို့ သမီးချင်းကိုယ်ချင်းမစာနိုင်ဘူးဆိုတဲ့စကားတွေကြား..
ချစ်သူအပါအ၀င်တစ်မိသားစုလုံးရဲ့ ရိုက်ပုတ်မှုဒဏ်တွေကြားမှာ..
ကျွန်မ ဘ၀ဆုံးပါးခဲ့ရပါတယ်......

လူဆိုတာကိုယ့်လိပ်ပြာကိုယ်လုံဖို့ အရေးကြီးတယ်တဲ့...
ကျွန်မ သွေးသားကိုကျွန်မကိုယ်တိုင် ရက်စက်စွာသတ်ခဲ့တယ်ဆိုတဲ့
အမည်းစက်ကြီးကိုတော့ ကျွန်မဘယ်လိုအင်အားမျိုးနဲ့ ရင်ဆိုင်ရမလဲ...
ကိုယ့်လိပ်ပြာကို သူများတွေမမြင်ပေမဲ့ ကိုယ့်လိပ်ပြာကို ကိုယ်နေ့တိုင်း
ရင်ဆိုင်နေရတော့ ငါဖြတ်သန်းရတဲ့နေ့ရက်တွေက ပူပြင်းခြောက်သွေ့လိုက်တာ....

ဘုရားရှိခိုးတိုင်းတော့ဆုတောင်းမိပါရဲ့....
ကလေးရယ်..ဘ၀ဆက်တိုင်းဒီလိုအမေဗိုက်ထဲ ဘယ်တော့မှမ၀င်စားပါစေနဲ့.......

(သူများခံစားချက်ကိုအငှားရေးဖွဲ့သည်).
နှင်းငယ်

စက္ကူငှက်

ငှက်တော့ငှက်ပါပဲ...

မပျံသန်းနိုင်ဘဲ..
ခေါက်ရိုးကျိုးတွေနဲ့...
အိမ်အ၀င်မှာချိတ်ဆွဲလို့....
အလှပြထားတဲ့....
စက္ကူငှက်......

Phoenix

ဘာရယ်..စိတ်ပျက်အားမငယ်ပါနဲ့တဲ့လားးး

မသေမချင်းမှတ်ထား

ငါကတစ်ကောင်သေလို့နောက်ကလိုက်သေတဲ့
အောက်ချင်းငှက်မဟုတ်ဘူး

အလျှံညီးညီးတောက်လောင်နေတဲ့မီးတောက်ထဲကနေ
ပြန်လည်နိုးထလာတဲ့
Phoenix ငှက်

အဖေသို့

အဖေ့အတွက် ကဗျာတစ်ပုဒ်

အဖေ...
ငယ်ငယ်က ဖယောင်းတိုင်မီးလေးအောက်မှာ
သမီးကိုစာသင်ပေးတိုင်း အဖေ့ဆံပင်ကောက်လေးတွေမီးလောင်တ
ကိုကြည့်ပြီး သမီးရယ်ခဲ့တာကို သူပါလိုက်ရယ်ခဲ့တဲ့အဖေ...

အဖေ...
ငယ်ငယ်က G စာလုံးကို ဘယ်လိုမှရေးတတ်ဖို့သင်မရတာကို
စိတ်ရှည်လက်ရှည် သင်ပေးပြီး တကယ်ရေးတတ်သွားခဲ့တော့
ပျော်ရွှင်ခဲ့တဲ့အဖေ...

အဖေ...
သားသမီးနှစ်ယောက်ရကာမှ ဘာဝင်ငွေမှရှာမရလို့
အင်ဂျင်နီယာဘွဲ့ကို ဧည့်ခန်းမှာချိတ်
အိမ်ရှေ့မှာ စက်ဘီးပြင်ကျွေးခဲ့တဲ့အဖေ...

အဖေ...
စက်ဘီးအစုတ်လေးကိုစီး သဲကြိုးပြတ်လုကြက်ပေါင်ဖိနပ်လေးကိုစီးပြီး
မန်းလေး တောင်မြောက် ပြေးကာ ငွေရှာပေးခဲ့တဲ့အဖေ.....

အဖေ...
ဆယ်တန်းတုန်းကစာကျက်ရင်းနဲ့ အိပ်ပျော်သွားတဲ့သမီးကို
မနှိုးရက်ပဲ သူ့ပခုံးပေါ်ထမ်း အိပ်ရာထဲထိပို့ပေးခဲ့တဲ့ အဖေ...

အဖေ...
ခုသမီးဆရာဝန်တစ်ယောက်ဖြစ်ပြီ...
အဖေ့ကိုပြုစုဖို့အချိန်ရောက်ပြီ....
အဖေ နားဖို့အချိန်ရောက်ပြီ...
အဖေ ပင်ပန်းလှပြီ...

အဖေ့လက်က ကြမ်းတမ်းတာတွေကိုမြင်ရတိုင်း
အဖေ့လက်က အသားမာတက်တာတွေတွေ့ရတိုင်း
အဖေ့ခြေထောက်က ခြေဖနောင့်ကွဲတာတွေမြင်ရတိုင်း
အဖေ့ကို ဂရုမစိုက်မိခဲ့တဲ့ ဆရာဝန် သမီးမိုက်အဖြစ်
ကိုယ့်ကိုကိုယ် မြင်ယောင်လို့.......

သမီးကြိုးစားနေပါတယ် အဖေ..
သမီးရှေ့လျှောက် အဖေ့ကိုကိုယ်စိတ်နှစ်ပါးလုံးနဲ့ ပြုစုမှာပါ...
အစားထိုးမရတဲ့မိဘတွေကိုသမီးပြုစုမှာပါအဖေ...

အဖေများနေ့အထိမ်းအမှတ်အဖြစ် ကျနော့်အဖေကို ဒီကဗျာလေးနဲ့
ရှိခိုးကန်တော့လိုက်ပါတယ်....

ကျောင်းသူဘဝ

ခုဆေးကျောင်းသားလေးတွေ..သွားဆေးကျောင်းသားလေးတွေ tripသွားတော့
ကိုယ် 4th yr တုန်းက သွားခဲ့တာလေးကို သတိရမိတယ်..
ကျနော်တို့သွားဆေးကျောင်းက ကျောင်းသူကျောင်းသားတွေကိုအဖွဲ့ငါးဖွဲ့ ခွဲပါတယ်.
တိုင်းတစ်တိုင်းမှာရှိတဲ့ မတူတဲ့မြို့နယ်တွေကို တစ်ဖွဲ့ဆီသွားရတာပါ...ကုသမှုကငါးရက်ပေါ့..
ငါးရက်ဆိုပေမဲ့ ကျောင်းသားတစ်ဦးဆီက တစ်ရက်ကို သွားနှင့်ခံတွင်းဆိုင်ရာဟောပြော
ရတယ်..နောက်နှစ်ရက်က SURVEY လို့ခေါ်တဲ့ သွားရောဂါဖြစ်ပွားမှုနှုန်းကို
လူတစ်ဦးချင်းစီ လိုက်ကောက်ရတယ်..နောက်ဆုံးနှစ်ရက်ကတော့ သွားကုသမှုပေါ့..
ဒါကွင်းဆင်းလေ့လာရတဲ့ကျောင်းသူကျောင်းသားတိုင်း ပြုလုပ်ကြရတာပါ...

ဒါနဲ့ ကျနော်တို့အဖွဲ့ကတော့မကွေးတိုင်းစလင်းမြို့နယ်ထဲကို သွားရတာပါ...
စလင်းနဲ့မန်းလေးဆိုတာ အရမ်းကြီးမဝေးပါဘူး..ဒါပေမဲ့ကျနော်တို့ ရှစ်နာရီကထွက်ခဲ့တဲ့
ကားကြီးဟာ လမ်းမှာ လေအိတ်ပေါက်ရတာနဲ့..ကားဘီးပေါက်ရတာနဲ့..
တံတားအကူးမှာဗွက်နစ်ရတာနဲ့ စတဲ့အကြောင်းတွေကြောင့်စလင်းမြို့ကို
ည ၁၁ ကျော်မှရောက်ကြပါတယ်..ဗိုက်ကလည်းဆာ..လူကလည်းအိပ်ချင်...
ရောက်ရောက်ခြင်းလည်းမနားနိုင်ကြပါဘူး..နောက်ရက်အတွက်အစီအစဉ်တွေကို
ဆရာမတွေကဖတ်ပြပါတယ်..မနက်ဖြန်သွားနှင့်ခံတွင်းဟောပြောရမဲ့သူတွေတော့
သေပြီဆြာပေါ့..မနက်ပြောဖို့ ညကိုစာကျက်ရဦးမယ်လေ...ကိုယ်ကတွေးလို့မှမဆုံးသေးဘူး.
မနက်တွက်ဂျူတီတွေချပေးတော့ ကိုယ်က ဟောပြောရမဲ့ထဲပါရော..မိန်းကလေးလေယောက်.
ယောက်ျားလေးကတစ်ယောက်...စုစုပေါင်းငါးယောက်ပြောရမှာပေါ့..
ဒါနဲ့ညတစ်နာရီထိုးသည်ထိ မအိပ်နိုင်ပါဘူး..စာပြန်ကျက်ပေါ့..

အဲ..နောက်ရက်တကယ်ပြောတော့မှ ပြသနာကစတော့တာပဲ...
စလင်းမြို့ဆိုတာ တကယ်တော့ရွာကြီးတစ်ရွာပါပဲ...ကိုယ်တွေကို ဆရာဝန်တွေလို့ပဲ
သတ်မှတ်ထားတော့ ရွာသူရွာသားအကုန်လုံးကသောင်းသောင်းဖြဖြကြိုဆိုလိုက်ကြတာ..
ဟောခန်းအကျယ်ကြီးထဲမှာ ထိုင်ခုံတွေနဲ့ရွာသူရွာသားတွေကထိုင်လို့..ကိုယ်ဟောပြော
မှာကို နားထောင်နေကြတာ..သူတို့ကသာဆရာဝန်လို့သတ်မှတ်ထားတာ..ကိုယ်တွေက
ကျောင်းသူပဲရှိသေးတာဆိုတော့ ပြောရမှာလန့်တာပေါ့..ပြောရမဲ့လူငါးယောက်က
ခေါင်းစဉ်တွေကအစဉ်အတိုင်းပါ..ကျနော်ကလေးယောက်မြောက်ပြောရမဲ့သူ..
ကျနော့်နောက်က ကာကွယ်ခြင်းအပိုင်းကိုယောက်ျားလေးကပြောရမှာ..
ပထမတစ်ယောက်ကပြောပြီးသွားရင် နောက်ဆက်ပြောမဲ့သူကို နာမည် အတန်းနှင့်တကွ
မိတ်ဆက်ပေးခဲ့ရတာပေါ့..ဒါနဲ့ကိုယ့်ကလှည့်ရောက်လာရော..မှတ်မှတ်ရရ ကျနော်က
နှုတ်ခမ်းကွဲ အာခေါင်ကွဲအကြောင်းပြောရတာ..အသံတွေကိုတုန်လို့..အသံတင်မဟုတ်ဘူး..
မတ်တပ်မရပ်နိုင်အောင်ကိုတစ်ကုန်လုံးတုန်ပြီးကြောက်နေတာ..ရွာသားတွေကလည်း
ကြည့်လိုက်တာ..ရှေ့ကြီးမှာမတ်တပ်ရပ်ပြီးကိုယ်တစ်ယောက်တည်းပြောနေရတယ်
ဆိုတဲ့အသိက လူကိုပိုပြီးခြောက်ခြားစေတယ်..ဒါနဲ့ကျနော်ပြီးခါနီးတော့နောက်က
ယောက်ျားလေးကိုမိတ်ဆက်ပေးခဲ့ရတာ..အဲ့မှာ ကျနော်မိတ်ဆက်လိုက်တော့
အားလုံးကရယ်ကြတာပဲ..အဲ့ဒါကိုကျနော်ဘာမှားပြောမိမှန်း..ကိုယ့်ပါးစပ်က
ဘယ်လိုထွက်လိုက်မှန်း မသိလိုက်ဘူး..နောက်မှဆရာက ပြန်ပြောပြတယ်..
ဘယ်နှယ့် ဒီကလေးမ..ကိုယ့်သူငယ်ချင်းကို မောင်အောင်စိုးဦး လို့ ခေါ်ရမဲ့အစား
ဘာလို့ မအောင်စိုးဦးလို့ ခေါ်သလဲတဲ့...ဟိ..အဲ့ကျမှ စောနကရွာသူရွာသားတွေ
ဘာလို့ရီသလဲ သိတော့တာ..မယ်နုတို့များအဲ့လို....

နောက်တတိယနေ့ရောက်တော့ ကျနော့်ကုသမှုအလှည့်..အဲ့ဒီမှာစစ်တပ်ထဲကို
သွားရတာပဲ...စစ်တပ်ဆိုတော့ထုံးစံအတိုင်း ဟိုနေရာမသွားရ..ဒီနေရာမ၀င်ရတွေပေါ့..
ကိုယ်တွေမှာ ယောင်လည်လည်မျက်နှာငယ်လေးတွေနဲ့..ပြီးတော့ မြေကြီးပေါ်
ဘယ်နေရာခြေနင်းနင်း ခူယားတွေ..ပေါလိုက်တဲ့ခူယားတွေမှ..
လမ်းလျှောက်ရင်ကို ကိုယ်တွေကခုန်ဆွခုန်ဆွလေးတွေ...
အဲ့ဒီမှာထမင်းစားကြတော့ ပထမဆုံးပုံစံခွက်နဲ့စားဖူးတာပဲ..ပုံစံခွက်ထဲမယ်
ဟင်းလေးတွေအကန့်အကန့်လေးတွေနဲ့ပေါ့..ကျနော်တို့တွေမစားနိုင်ကြဘူး..
ကိုယ့်ရှေ့ချထားတဲ့ ပုံစံခွက်လေးကြည့်ပြီး ကိုယ့်ကိုကိုယ်ထောင်ကျနေသလားလို့တောင်
တွေးမိတယ်..ကျွေးတာကလည်းကြက်ဥ တဲ့..ကန်းစွန်းရွက်တဲ့...
ကျနော်မစားဘဲထိုင်ကြည့်နေတာကိုမြင်သွားတဲ့ ဗိုလ်ကြီးတစ်ယောက်က
ကျနော့်ကိုလာပြောတယ်..ဆရာမ မစားနိုင်ဘူးလားတဲ့..ကျနော်တို့ဆီမှာတော့
ဒါအကောင်းဆုံးဟင်းပဲဗျတဲ့..စိတ်ထဲမကောင်းဖြစ်သွားတယ်...ဒါနဲ့ကျနော်လည်း
သူစိတ်ကျေနပ်အောင် ထမင်းတစ်လုပ်စား ရေနဲ့တစ်ခါမျောချ..ဒါတောင် မကုန်ရှာဘူး..

ဒါနဲ့ထမင်းစားပြီး ကျနော့်ကုသမှုနေ့ဆိုတော့သွားနှုတ်ရတာပေါ့..အဲ့ဒီမှာကျနော့်လူနာကို
ကျနော်ပထမဆုံးသနားကရုဏာသက်ခြင်းဖြစ်မိတော့တာပဲ..စစ်သားကြီး အသက်ငါးဆယ်
လောက်ပေါ့..အပေါ်အံသွားနှုတ်တာ..ကျနော်ကလည်းကျောင်းသူပဲရှိသေးတော့
အတွေ့အကြုံကလည်းသိပ်မရှိသေးဘူးပေါ့ဗျာ..ကျနော့်စိတ်ထဲမှာဒီသွားထွက်ဖို့ပဲ
ဆန္ဒကပြင်းထန်နေတာ..ကိုယ်နှုတ်နေတုန်းလူနာမျက်နှာကိုအကဲခတ်နေရမယ်ဆိုတာလည်း
နားမလည်သေးဘူး..နှုတ်တာ..အသားကုန်နှုတ်..ကိုယ်က စိတ်ဖိစီးနေတာလည်းပါမှာပေါ့..
သွားထွက်သွားတော့မှ စစ်သားကြီးမျက်နှာလှမ်းကြည့်လိုက်တော့..မျက်ရည်တွေ...
နာလို့ အသံမထွက်ဘဲ မျက်ရည်ကျနေတာထင်တယ်..စစ်သားဆိုတော့ ကျိတ်ခံတတ်
တာလည်းပါမှာပေါ့လေ...ရင်ထဲတကယ်သနားသွားတယ်....လူနာကိုဂရုမစိုက်မိတဲ့
ကိုယ့်ကိုကိုယ်လည်းအဲ့ဒီကျမှ အပြစ်တင်မိတယ်...

ဘာရယ်မဟုတ်ဘူး...မောင်လေးညီမလေးတွေ TRIP သွားတဲ့ပုံလေးတွေ
တင်ထားလို့ ကိုယ့်တုန်းကအကြောင်းလေးပြန်သတိရလာလို့ ရေးလိုက်တာပါ...
ဒါပေမဲ့အဲ့ဒစလင်း TRIP မှာတော့ လူတွေအကြောင်းကို ကောင်းကောင်းကြီးကို
သိခွင့်ရလိုက်တာကတော့ ကိုယ့်အတွက်အမြတ်ပေါ့ဗျာ...
ပြီးတော့တကယ် မောင်အောင်စိုးဦးလို့ပြောရမဲ့ဟာကို မအောင်စိုးဦးလို့မှားခေါ်ခဲ့မိတဲ့အတွက်
အဲ့ဒီသယ်ရင်းလေးကိုလည်း ဒီကပဲတောင်းပန်ပါရစေ...

ညီမလေးသို့


ညီမလေးသို့...

ညီမလေးရေ...ဒီတစ်ယောက်နဲ့ကွဲလို့ ၀မ်းနည်းပူဆွေးမနေပါနဲ့....
ကိုယ်နဲ့ သဘောထားချင်းမတိုက်ဆိုင်လို့ ချစ်သူဘ၀နဲ့တင်
လက်တွဲဖြုတ်လိုက်ရတာ ကိုယ့်အတွက်အမြတ်ပဲလို့ပဲ သဘောထားလိုက်ပါ...

ညီမလေးရေ...ယောက်ျားဆိုတဲ့အမျိုးက ကိုယ့်ထက်ချစ်တဲ့သူကိုတွေ့လာတဲ့အခါမှာ
ကိုယ့်ကိုအကြောင်းအမျိုးမျိုးပြပြီး လက်တွဲဖြူတ်တတ်ကြတာ သဘာဝပါ..
ကိုယ့်အမှားကြောင့်အချစ်တစ်ခုပြိုပျက်ရတယ်လို့ ဘယ်တော့မှမတွေးပါနဲ့...

ညီမလေးရေ...လောကမှာယောက်ျားသားတွေအများသားပါ...
ဒီယောက်ျားကြောင့်ပူဆွေးနေရတာနဲ့တင် ကိုယ့်ဘ၀အဆင့်မြင့်မဲ့ကိစ္စတွေ
လွတ်မြောက်သွားမှာပေါ့...ကိုယ့်ဘ၀မှာ ယောက်ျားဆိုတာ အရမ်းကြီး
အရေးပါတာမှမဟုတ်တာကွယ်...

ညီမလေးရေ..ကိုယ်ရှုံးခဲ့တဲ့ထဲကနေ အမြတ်ယူပါ....
သူတစ်ခြားတစ်ယောက်တွဲလို့ ကိုယ်နောက်တစ်ယောက်ကိုတော့
တွဲမပြလေနဲ့...ကိုယ့်သိက္ခာတွေပဲ ပွန်းပဲ့ကုန်လိမ့်မယ်..

ညီမလေးရေ...ကိုယ့်ကိုရက်စက်သွားတဲ့ လူတစ်ယောက်ကို
အကောင်းဆုံးလက်စားချေနည်းကတော့ သူ့ကိုဥပေက္ခာပြုလိုက်ဖို့နဲ့
သူ့ထက်၊သူခုလက်ရှိတွဲနေတဲ့ရည်းစားထက် ပိုသာအောင်
ကြိုးစားဖို့ပါပဲ....
သူ့ကိုမုန်းနေတာတွေကို ကိုယ့်ဘ၀ရဲ့ခွန်အားအဖြစ်ပြောင်းလဲလိုက်ပါ...

နောင်တစ်ချိန် ဘ၀တစ်ကွေ့မှာသူ့ကိုပြန်တွေ့တဲ့အခါ..
နင်စွန့်ပစ်ခဲ့တဲ့ မိန်းမက ခုဒီလိုအခြေအနေရောက်နေပြီဆိုတာ
သူ့ကိုလက်မထောင်ပြနိုင်ဖို့ ကြိုးစားစမ်းပါ ညီမလေးရယ်.....
feeling ခွန်အားပေးကြည့်ခြင်း.

အချစ်ဟောင်း၏ ချစ်သူထံသို့ စာလွှာ

အချစ်ဟောင်း၏ ချစ်သူထံသို့ စာလွှာ

ဖေ့ဘုတ်မှာ မင်းနဲ့ relationship ထားထားသလို
ငါနဲ့တုန်းကလည်း ထားခဲ့ကြဖူးတယ်..

With My Love လို့ရေးပြီး မင်းနဲ့စုံတွဲပုံလေးတွေ တင်ထားသလို
ငါနဲ့တုန်းကလည်း ချစ်ဆုံးနဲ့အတူဆိုပြီး တင်ထားခဲ့ဖူးတယ်...

မင်းနဲ့ညစဉ်ညတိုင်း ဖုန်းပြောခဲ့ကြဖူးသလို
ငါနဲ့တုန်းကလည်း မိုးလင်းထိပြောခဲ့ကြဖူးတယ်..

မင်းပါးလေးကို သူနမ်းခဲ့သလို
ငါ့ပါးလေးကိုလည်း သူမြတ်နိုးစွာ နမ်းခဲ့ဖူးတယ်...

ညီမလေးရေ...နှစ်ပေါင်းများစွာလက်တွဲလာတဲ့
ငါလိုလူကို ပစ်သွားပြီးမှ မင်းဆီရောက်လာတဲ့လူကို
မင်းယုံကြည်ပေးနိုင်တာ ငါအံ့သြမိပါရဲ့ကွယ်...

သူ့နဲ့အနွံတာတွေကိုအချိန်ကာလတစ်ခုအထိ
သည်းခံခဲ့တဲ့ငါလိုလူမျိုးကို စွန့်ပစ်ပြီး
ခုမှစတွေ့ ခုမှမြင်ဖူးပြီး ခုမှစကြိုက်တဲ့သူလို လူကို
လွယ်လွယ်နဲ့ပြန်ချစ်တဲ့ မင်းကိုလည်း
အယုံလွယ်လွန်းသူရယ်လို့ အပြစ်တင်ချင်လိုက်တာ...

ညီမလေးရေ...ယောက်ျားလေးတွေဆိုတာ
သာယာတာနဲ့ ချစ်တာကို လွယ်လွယ်နဲ့ မခွဲခြားနိုင်တတ်ကြပါဘူး..
မင်းအပေါ်မှာ တကယ်ချစ်တယ်ဆိုရင်တော့ ငါဘာမှ
မပြောလိုပေမဲ့..
သာယာမှုဆိုတဲ့ခေါင်းစဉ်အောက်မှာရောက်သွားခဲ့ရင်တော့
မင်းကိုမကြာခင်မှာ သူခွဲခွာသွားပါလိမ့်မယ်...

ဒါပေမဲ့ညီမလေးရေ....စိတ်ချပါ...
မင်းကိုစွန့်ပစ်ပြီး ငါ့ဆီနောက်တစ်ခေါက်လာပြီးချဉ်းကပ်ခဲ့မယ်ဆိုရင်တော့
ဆောရီး ပါလို့ပဲ ပြောမိမှာပါကွယ်...

ဘာဖြစ်လို့လဲဆိုတော့ သူအတွက်အမြဲဖွင့်ထားခဲ့ဖူတဲ့
တံခါးလေးတံချပ်ကို သူထွက်သွားပြီးကတည်းက
အင်္ဂတေနဲ့အသေပိတ်ထားလိုက်လို့ပါပဲ.....

တူညီမှုတွေထဲက မတူညီမှု


ဒီလမ်းကလေးတစ်ခုတည်းပဲ...
မောင်နဲ့တူတူလျှောက်လှမ်းခဲ့တုန်းက ချောမွေ့ခဲ့သလောက်
ကျွန်မတစ်ယောက်တည်း လျှောက်မိတော့ ကြမ်းတမ်းလိုက်တာ...

ဒီစိန်ပန်းပွင့်တွေပဲ...
မောင်နဲ့တူတူ ခူးဆွတ်ခဲ့တုန်းက လှပခဲ့သလောက်
ကျွန်မတစ်ယောက်တည်း ခူးဆွတ်မိတော့ အကျည်းတန်လိုက်တာ...

ဒီထမင်းဆိုင်လေးပဲ..
မောင်ခွံ့ကျွေးခဲ့တုန်းက ဟင်းမကောင်းပေမဲ့ အရသာရှိခဲ့သလောက်
ကျွန်မတစ်ယောက်တည်း စားရတော့ ဟင်းကောင်းပေမဲ့ အရသာမရှိလိုက်တာ...

ဒီသီချင်းတွေပဲ..
မောင်လလက်ဖြောက်တီးပြီး သီဆိုပြခဲ့တုန်းက နားဝင်ချိုခဲ့သလောက်
ကျွန်မတစ်ယောက်တည်း နားထောင်မိတော့ နားခါးလိုက်တာ...

ဒီတောတောင်အရိပ်တွေပဲ..
မောင်နဲ့ နေပူကျဲကျဲ လမ်းလျှောက်ခဲ့တုန်းက အေးမြခဲ့သလောက်..
ကျွန်မတစ်ယောက်တည်း လျှောက်မိတော့ နေရိပ်ထဲမှာကို ပူပြင်းခြောက်သွေ့လိုက်တာ..

မောင်ရေ..
အရာအားလုံးဟာအရင်အတိုင်းပဲ..
အရာအားလုံးဟာ မောင်နဲ့ သွားခဲ့တုန်းကအတိုင်းပဲ
တစ်စက်ကလေးမှ မပြောင်းလဲသေးဘူး..
မောင့်ခြေရာလေးများ တွေ့ရလေမလား..ကျွန်မ ရူးမိုက်စွာ လိုက်ရှာမိတော့..

အလို..
မောင့်ခြေရာတစ်စုံက ကျွန်မနှလုံးသား မှာပါလား....

(ဟန်နာစနိုး)

ဖိနပ်

ကျွန်မဘ၀ရဲ့ ပထမဆုံးဖိနပ်ကလေးကို အမေက
ကျွန်မ အသက်တစ်နှစ်နဲ့သုံးလအရွယ်မှာ ၀တ်ဆင်ပေးခဲ့ပါတယ်..
အောက်ခြေနင်းသားရေခံပေါ်မှာ ဘေးကအညိုရောင် ကတ္တီပါအသိုင်းလေးနဲ့
ခြေမျက်စိနားမှာ နှိပ်စိလေး တပ်ပြီး စီးရတဲ့ဖိနပ်လေးပါ.....
ဒီဖိနပ်လေးကိုစီးပြီး မြေကြီးလမ်းပေါ်မှာ တစ်တောက်တောက်နဲ့
ကျွန်မပျော်ရွှင်စွာ ပြေးလွှားခဲ့တာပေါ့...

ကျွန်မ အသက်သုံးနှစ်ရောက်တော့ အမေကဖိနပ်ဆိုင်ကို ကျွန်မကို
ခေါ်သွားတယ်..အဲ့ဒီမှာ ကျွန်မရွေးဖြစ်တာက အဖြူရောင်ရာဘာခံပေါ်မှာ
အပြာရောင်သဲကြိုးလေးတပ်ထားတဲ့ ကြက်ပေါင်ဖိနပ်လေးပါ..
ဒီဖိနပ်လေးကိုလည်း ပါးလှပ်နေအောင်စီးပြီး ဆော့ကစားခဲ့တာပါပဲ..
ဖိနပ်တစ်ရံကို သဲကြိုးပြတ်သည်ထိစီးပြီးမှ နှမြောစွာ လွှင့်ပစ်ခဲ့မိတာတော့
အဲ့ဒီအသက်အရွယ်ကတည်းကပေါ့......

ကျွန်မအသက်ငါးနှစ်အရွယ်သူငယ်တန်းစတတ်တော့ အမေက
ကျောင်းမှာစီးဖို့ အဖြူရောင် ယင်းမာဖိနပ်လေးကို ၀ယ်ပေးတယ်...
အဖြူရောင်လုံးဝဗြောင်တော့မဟုတ်ဘူး..ခြေထောက်နင်းတဲ့နေရာမှာ
ရောင်စုံကာတွန်းရုပ်ကလေးတွေ ရေးခြယ်ထားတာ...ဒီဖိနပ်လေးကို
ကျွန်မ ၀တ်ဆင်လိုက်ပြီးရင် ကိုယ့်ကိုကိုယ် တက္ကသိုလ်ကျောင်းသူကြီး
တစ်ယောက်လိုခံစားခဲ့ရတယ်...ဘယ်နေရာသွားသွား ဒီဖိနပ်အဖြူရောင်လေးကို
စီးထားလိုက်ရင် ကိုယ့်ကိုကိုယ်ယုံကြည်ချက်အပြည့်ဖြစ်နေတတ်တယ်...
အဖြူရောင်ဖိနပ်ကလေးကို ကျွန်မ တက္ကသိုလ်ဝင်တန်းအထိ နှစ်ခြိုက်စွာ
မော်ကြွားစွာ စီးနင်းခဲ့တာပေါ့....

ဒီလိုနဲ့ကျွန်မ တက္ကသိုလ်ဒုတိယနှစ်အရောက်မှာ ဒေါက်မြင့်ဖိနပ်တွေ
စီးနင်းလာတတ်တော့တယ်..ဖိနပ်အရောင်တွေရွေးလိုက်တိုင်းမှာလည်း
ရွှေအိုရောင်လိုမျိုး..အညိုရောင်လိုမျိုး..အမည်းရောင်လိုမျိုး
မှိုင်းမှိုင်းညို့ညို့အရောင်တွေပဲ ရွေးချယ်လာတော့တယ်..
အဖြူရောင်ဖိနပ်ကလေးဆိုရင် ၀ယ်ဖို့မပြောနဲ့..ခြေထောက်မှာကိ
အစမ်းမစီးကြည့်တတ်တော့တာ....ကျွန်မ စိတ်တွေငယ်စဉ်ကလို
မဟုတ်တော့ ကျွန်ရွေးချယ်မှုတွေကလည်းမဖြူစင်လာတော့ဘူး...

ကျွန်မ ခုလုပ်ငန်းခွင်ကိုရောက်လာပြီ...ပြေးရလွှားရတဲ့နေရာလေးတွေ
ရှိလာပြီ...နှစ်ခြိုက်စွာစီးနင်းခဲ့တဲ့ ဒေါက်ဖိနပ်ကို သိပ်မစီးဖြစ်တော့...
ကိုယ်တိုင်လှပဖို့အရေးထက် လူသက်သာမဲ့အရေးကို ပိုတွေးတတ်လာပြီ..
ဖိနပ်အပါးလေးတွေကိုအရောင်ရွေးရင်တော့ အရင်လိုအမည်းရောင်တွေချည်း
မရွေးချယ်မိတော့ဘူး..အမည်းနဲ့အဖြူစပ်ထားတာလေးတွေကို
ပိုကြိုက်နှစ်သက်လာတယ်..အရောင်ဖျော့တာလေးတွေ...အရောင်လင်းတာ
လေးးတွေ ကိုပိုဦးစားပေးဝယ်ဖြစ်တော့တယ်...
ကျွန်မ စိတ်ဓာတ်တွေလည်း အဖြူအမည်းရောနေပြီထင်ပါရဲ့....

ငယ်စဉ်တစ်နှစ်ကျော်ကတည်းကနေ ခုချိန်ထိကျွန်မခြေထောက်မှာ
ဖိနပ်တွေစီးနေရတုန်းပဲ....
လမ်းကြမ်းမှာ ကျွန်မခြေဖ၀ါးတွေ မနာကျင်ဖို့...
ပုလင်းကွဲတွေမရှမိစေဖို့...နေပူပူမှာ ခြေထောက်တွေမပူလောင်ဖို့...
ကျောက်ပြားချောချောပေါ်မှာ ကျွန်မချော်မလဲစေဖို့..
စတာတွေကို ကျွန်မ ခန္ဓာကိုယ်တစ်ခုလုံးအလေးချိန်ကြီးကို
ထမ်းထားပြီး ဆောင်ရွက်ပေးခဲ့တာ ဒီဖိနပ်လေးတွေပေါ့....
ဖိနပ်ကလေးတစ်ရံပြတ်သွားပြီးရင် နောက်တစ်ရံ အစားထိုးစီးလိုက်...
တစ်ချို့ကလည်း ဖိနပ်ကလေးမပြတ်သေးဘဲ တစ်ရံပြီးတစ်ရံပြောင်းလဲ
စီးလိုက်နဲ့...ဘယ်သူမှတော့ဖိနပ်ဗလာနဲ့ လမ်းမလျှောက်ကြပါဘူးလေ..

အရောင်အသွေးစုံ.. အရောင်စုံ..အမျိုးအစားစုံတဲ့ ဖိနပ်ကလေးတွေကို
ကျွန်မတို့ မသေမချင်းရွေးချယ်ပြီးတော့ စီးနေရဦးမှာပဲ..
သေချာတာတော့ လုံးဝဖြူဆွတ်နေတဲ့ဖိနပ်တစ်ရံကို
ခုချိန်မှာ ကျွန်မ မစီးရဲတော့ဘူး..
ဘာဖြစ်လို့လဲဆိုတော့ ဟိုအရင် ယင်းမာအဖြူရောင်လေးစီးခဲ့တုန်းကလို
ကျွန်မ စိတ်တွေ မဖြူစင်တော့လို့.....

(ဟန်နာ စနိုး)

သွားပိုးစားရောဂါ တစ်ဖြစ်လဲ သွားဆွေးမြေ့ခြင်းရောဂါ (Dental Caries or Dental Decay)

သွားပိုးစားရောဂါ တစ်ဖြစ်လဲ သွားဆွေးမြေ့ခြင်းရောဂါ
(Dental Caries or Dental Decay)

သွား ပိုးစားတယ်ဆိုတဲ့စကားကို လူတိုင်းကြားဖူးကြမှာပါ။ သွားပိုးစားနေလို့ သွားကိုက်
နေတာ..သွားပိုးစားနေလို့ အခေါင်းပေါက်ကြီးဖြစ်နေတာ..သွားပိုးစားနေလို့
ရေအေးသောက်ရင်၊အချိုစားရင် ကျဉ်တာ..စသဖြင့်ပေါ့။
အဲ့ဒီတော့ သွားပိုးစားတယ် ဆိုတဲ့စကားကို အရင်စရှင်းပါမယ်...
တကယ်တော့သွားပိုးစားတယ်ဆိုတာ လူတွေထင်နေကြသလို
ပိုးကောင်က သွားကို စားသွားတာ မဟုတ်ပါဘူး...သွားချေးလွှာ(Bacterial
Plaque) လို့ခေါ်တဲ့ သာမန် မျက်စိနဲ့ မမြင်ရတဲ့ ဘက်တီးရီးယားတွေပါဝင်တဲ့
စေးကပ်ပျော့ပြောင်းတဲ့ အလွှားပါလေးဟာ သွားရဲ့ ချိုင့်နေတဲ့ နေရာတွေ၊
အစင်းကြောင်းကြားတွေ၊ ပြီးတော့သွားတစ်ချောင်းနဲ့ တစ်ချောင်းကြားနေရာတွေ၊
သွားနဲ့သွားဖုံးဆုံတဲ့နေရာတွေ စတဲ့နေရာတွေမှာ တွယ်ကပ်နေကြပါတယ်...
အဲ့ဒီသွားချေးလွှ့ာထဲမှာ ပါတဲ့ဘက်တီးရီးယားတွေနဲ့ ချိုပြီးစေးကပ်သော အစာများ
အထူးသဖြင့် သကြားဓာတ်ပါဝင်တဲ့အစားအစားတို့ အချဉ်ပေါက် ဓာတ်ပြုပြီး
အက်ဆစ်ပျော့ တစ်မျိုးထွက်လာပါတယ်။ထိုအက်ဆစ်က သွားမှာပါတဲ့
သတ္တုဓာတ်များကို ပျော်ဝင်ပျက်စီးစေပြီးတော့မှ သွားပိုးပေါက်ကို
ဖြစ်ပေါ်စေတာပါ။ဒါ့ကြောင့် သွားပိုးစားခြင်းကို တစ်ချို့ပညာရှင်များက
ပိုးစားခြင်းမဟုတ်လို့ သွားဆွေးမြေ့ခြင်း (Dental Decay) လို့လည်း
ခေါ်ကြပါတယ်..

ဒီဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် သွားပိုးစားရောဂါဖြစ်ဖို့ အချက်လေးချက် နဲ့
ပြည့်စုံရပါမယ်။
နံပါတ်(၁) သွားရှိရပါမယ်..သွားမရှိရင် သွားပိုးစားရောဂါ
ဖြစ်လာစရာအကြောင်း မရှိပါဘူး..
နံပါတ်(၂) သွားရှိရင် သွားချေးလွှာဆိုတာ ရှိစမြဲပါ..အဲ့ဒီသွားချေးလွှာထဲမှာလည်း
ဘက်တီးရီးယားရှိပါတယ်..အဲ့ဒီတော့ ဘက်တီရီးယား ရှိရပါမယ်..
နံပါတ်(၃) အချိုဓာတ်ပါ..အချိုဓာတ်ကိုများများစားတဲ့လူတွေဟာ မစားတဲ့
လူတွေထက် ပိုပြိးသွားပိုးစားပါတယ်..
နံပါတ်(၄) အချိန်ပါ..ကိုယ်စားထားတဲ့အစာတွေအချဉ်ပေါက်ဖို့၊
သွားချေး တွေသွားမှာကပ်ပြီးစုစည်းနေဖို့ နဲ့ သွားမှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ
အက်ဆစ်ပျော့နဲ့တွေ့ပြီး အရည်ပျော်ဖို့(တစ်နည်းအားဖြင့် သွားပိုးစား)ဖြစ်ဖို့
အချိန်တစ်ခုဆိုတာ လိုအပ်ပါတယ်...

ဒီအချက်လေးချက်လုံးနဲ့တိုက်ဆိုင်မှ သွားဆွေးမြေ့ခြင်း ဆိုတာဖြစ်ပေါ်လာတာပါ..
ဒီအချက်လေးချက်မှာ တစ်ချက်ချက် မရှိခဲ့ဘူးဆိုရင် သွားဆွေးမြေ့ခြင်း ရောဂါ
ဖြစ်ပေါ်လာစရာအကြောင်းမရှိပါဘူး..အဲ့ဒီတော့ ပြန်စဉ်းစားကြည့်ရပါမယ်..
ကျနော်တို့မှာ သွားရှိပါတယ်..သွားချေလွှာဆိုတာကလည်းသွားတိုက်ပြီး
စက္ကန့်သုံးဆယ်ကြာရင် ဖြစ်လာစမြဲပါ..အချိုဓာတ်ဆိုတာကလည်း
ကိုယ်စားသမျှအစားအစာတိုင်းမှာ အနည်းနဲ့အများပါလာတတ်မြဲပါ..
အဲ့ဒီတော့အပေါ်ကသုံးခုမှာကျနော်တို့ အစားတစ်ခုကိုပဲ အနည်းအကျဉ်း
ထိန်းချုပ်လို့ရပါမယ်...ဒါပေမဲ့ကျနော်တို့မှာ အားသာချက်တစ်ခုရှိပါတယ်..
အချိန်ပါ..အချိန်ကိုတော့ကျနော်တို့ ထိန်းချုပ်လို့ရပါတယ်..
အစားစားပြီးတိုင်း ပလုတ်ကျင်းမယ်..ချိုပြီးစေးကပ်တဲ့အစားအစာတွေ
စားပြီးတိုင်း သွားတိုက်မယ်ဆိုရင်တော့ ကျနော်တို့သွားပိုးစားရောဂါ
ဖြစ်လာစရာအကြောင်းမရှိပါဘူး...

လူတွေပြောပြောနေကြတဲ့ သွားပိုးချတယ် ဆိုတဲ့စကားကို
ကျနော်ထပ်ပြီးရှင်းပြချင်ပါတယ်..သွားပိုးချလိုက်လို့
သွားပိုးတွေ အကောင်လိုက် ကျလာသတဲ့..
တကယ်တော့ သွားပိုးချပေးတယ်ဆိုတာက လူတွေကိုလိမ်တာပါ..
ကျနော့်လူနာတစ်ချို့က ကျနော့်ကိုပြောပါတယ်..ဆရာမရယ်..
သွားပိုးချတာ သွားပိုးတွေ အကောင်လိုက် ကျလာတယ်တဲ့..
ကျနော်လည်းတစ်ခွန်းတည်း ပြန်မေးလိုက်ပါတယ်..
အမရယ်..အဲ့လောက်အကောင်အကြီးကြီးတွေ အစ်မခံတွင်းထဲ
ရှိနေတာ အမ ယားကျိကျိဖြစ်မနေဘူးလားလို့...အဲ့လောက်အကောင်ကြီးတွေ
ရှိနေတာ အမက အဲ့ဒီကျမှ သိသလားလို့..ပြီးတော့ လျှာတွေတို့
တစ်ခြား ခံတွင်းထဲရှိသမျှ အဲ့ဒီအကောင်တွေကလျှောက်ကိုက်နေမှာပေါ့လို့..
အဲ့လိုမေးလိုက်ရင်တော့ လူနာတွေဆီက ပြန်ဖြေစရာစကားမရှိတော့ပါဘူး..
အစက ရွာတွေမှာပဲ သွားပိုးချတယ်ဆိုတာရှိတယ်ထင်နေတာ..
အခုမန်းလေးမြို့ရဲ့ နေရာတစ်ချို့မှာလည်း သွားပိုးချတယ်ဆိုတာ
ခေတ်စားနေပါပြီ...သွားပိုးချတာ ဘယ်လိုလိမ်သလဲ ဆိုတာ
ကျနော်ပြောပြပါမယ်..

သွားပိုးချတယ်ဆိုတဲ့ လိမ်နည်းတစ်ခု ပြီးမြောက်ဖို့ လိုအပ်တဲ့
ပစ္စည်း တွေကတော့ ရေတစ်ဖလားရယ်၊ကညွတ်ခွေပါတဲ့ သင်္ကြန်ပန်းအိုးရယ်၊
ဓားရှည်တစ်ချောင်းရယ် နဲ့ မြေပုပ်ခရမ်းသီး တို့လိုအပ်ပါတယ်..
ပထမဆုံး မြေပုပ်ခရမ်းသီးကို နေပူပူမှာလှမ်းရပါမယ်..
နေပူမှာလှန်းထားတာ ကြာရင် ခရမ်းသီးထဲက အစေ့တွေထွက်လာပါတယ်..
အဲ့ဒီအစေ့တွေကို ယူထားရပါမယ်..ရေဖြည့်ထားတဲ့ ဖလားခွက်ပေါ်မှာ
ကညွတ်ခွေပါတဲ့ သင်္ကြန်ပန်းအိုးကို မှောက်လျက်အနေအထားနဲ့တင်ထားရပါမယ်.
ပန်းအိုးဖင်မှာ အပေါက်ကလေးဖောက်ထားရပါမယ်..အဲ့ဒီအပေါက်ကလေးကို
ဝိုင်းပြီးတော့ လက်ခုစုတ်ကို ဘေးပတ်ပတ်လည်မှာတင်ထားရပါမယ်..
ပြီးတော့ ပန်းအိုးအလယ်လောက်မှာ ဓားကိုအရှည်လိုက်ဝင်နိုင်လောက်ရုံ
လေးထောင့်အပေါက်ကလေး ဖောက်ရပါဦးမယ်...
ဒါမျိုးတွေပြင်ဆင်ပြီးပြီဆိုရင်တော့ ခုနက ဓားရှည်ကို ပူလာအောင်
မီးဖိုပေါ်ခဏတင်ထားရပါမယ်..ဓားသွားကမီးပူလာရင်တော့
နေလှန်းထားတဲ့မြေပုပ်ခရမ်းသီး အစေ့ကို ဓားသွားပေါ်တင်ရပါမယ်..
အဲ့ဒီဓားကိုပဲ ခုနက လေးထောင့်အပေါက်ဖောက်ထားတဲ့ သင်္ကြန်အိုးလေးထဲ
လက်က ကိုင်ပြီး ထည့်လိုက်ရပါမယ်..အဲ့ဒီအချိန်မှာ ဓားအပူရှိန်ကြောင့်
မြေပုပ်ခရမ်းသီးအစေ့ တွေက မီးခိုးတွေထွက်လာပါပြီ.
သွားပိုးချချင်တဲ့သူဟာ ခုနက အပေါ်မှာအပေါက်ဖောက်ထားတဲ့
လက်ခုစုတ် ဘေးမှာဝိုင်းထားတဲ့အပေါ်ကနေ ပါးစပ်ကိုဟပေးထားရပါတယ်.
အဲ့ဒီအချိန်မှာ အသက်မရှူရပါဘူးတဲ့..လူနာဟာ အခိုးငွေ့တွေပါးစပ်ထဲလည်း
ရောက်တယ်..အသက်လည်းမရှူရဘူးဆိုတော့ သူ့ဆီကသွားရည်တွေဟာ
ခုနကအပေါက်ဆီကနေတစ်ဆင့် ရေထဲကိုကျသွားပါတော့တယ်...
ဓားရှည်ကိုလည်းမထုတ်သေးတဲ့အတွက် မြေပုပ်ခရမ်းသီးအစေ့တွေကလည်း
သွားရည်နဲ့တူတူ ရေထဲရောပြီးကျသွားပါတယ်...အဲ့ဒါကို သွားပိုးကောင်တွေ
ပါးစပ်က ကျလာပါတယ်ဆိုပြီး လူတွေကိုလိမ်တာပါ..လူတွေကလည်း
ဒါကိုပဲ အယ် ..သွားပိုးကောင်ကြီးတွေ အကြီးကြီးပဲတော့ဆိုပြီး..
အလိမ်ခံရတော့တာပါပဲ....

ကျနော်အပေါ်မှာ ပြောခဲ့သလိုပဲ.သွားချေးထဲမှာ ဘက်တီးရီးယားတွေရှိပါတယ်..
အဲ့ဒါကိုပဲ သွားပိုးကောင်လို့ခေါ်မယ်ဆိုရင်တော့ အဲ့ဒီပိုးကောင်တွေဟာအလွန်သေးငယ်တဲ့
အတွက် အဏုကြည့်မှန်ပြောင်းလို့ခေါ်တဲ့ Microscope နဲ့ကြည့်မှမြင်ရတာပါ...
သွားပိုးချလို့ သွားပိုးကောင်တွေကို သာမန်မျက်စိနဲ့ မြင်ရတယ်ဆိုကတည်းက
ဒါဟာ လိမ်တယ်ဆိုတာ သိရှိကြဖို့ပါ...

သွားပိုးစားအကြောင်းလည်းပြောခဲ့ပြီးပြီ..သွားပိုးချခြင်းဆိုတဲ့လိမ်နည်းကိုလည်း
ပြောခဲ့ပြီးပြီ..အဲ့ဒီတော့သွားပိုးစားရောဂါဖြစ်ပွားပုံအဆင့်ဆင့် နဲ့ သွားပိုးစားခြင်းရဲ့
နောက်ဆက်တွဲပြသနာတွေကို ဆက်လက်ပြောပြပါမယ်...

သွားပိုးစားခြင်းဟာ ပထမဆုံးသွားရဲ့အပြင်ဘက်ဆုံးအလွှာဖြစ်တဲ့ ကြွေသွားလွှာ
မှာ စတင်ဖြစ်ပေါ်ပါတယ်..ထိုအခါ အမဲစက် အမဲပြောက်များ စတင်ဖြစ်ပေါ်ပြီး
ထိုမှ အပေါက်ငယ်အသွင်ပြောင်းပြီး ပိုမိုကြီးလာနိုင်ပါသည်။ဒီကြွေသွားလွှာမှာ
သွားပိုးပေါက်ဖြစ်လျှင် သွားကိုက်တဲ့ဝေဒနာကို မခံစားရပေမဲ့လည်း
သွားပေါက်ထဲကို အစာဝင်နိုင်ပါတယ်..ဒီလိုသွားပိုးပေါက်ကို သတိပြုမိလာတယ်
ဆိုရင် သွားဘက်ဆိုင်ရာဆရာဝန်ထံမှာ သွားရောက်ပြသပြီး ကြိုတင်စစ်ဆေး
ကုသမှုကို ခံယူသင့်ပါတယ်..တကယ်လို့ သွားပိုးစားရောဂါ ဆက်လက်ပျံ့နှံ့လာပါက
ကြွေသွားလွှာ ရဲ့အောက်ဘက်မှာ ရှိတဲ့ ဆင်စွယ်နှစ် လွှာ ကိုရောက်သွားနိုင်ပါတယ်။

ဒီဆင်စွယ်နှစ် လွှာမှာသွားပိုးစားတယ်ဆိုလျှင်တော့ အပူ၊အအေး စတဲ့အစာတွေ
စားလျှင် သွားကျင်ခြင်းဝေဒနာကို စတင်ခံစားရပါတယ်။သွားမျက်နှာပြင်မှာလည်း
မည်းနက်သော သွားပိုးပေါက်များကို စတင်တွေ့မြင်လာနိုင်ပါတယ်..
ဒီအချိန်မှာ သွားဘက်ဆိုင်ရာဆရာဝန်နဲ့ မကုသဘူးဆိုလျှင်တော့
ဆင်စွယ်နှစ် လွှာရဲ့ အောက်ဘက်မှာရှိတဲ့ မွသွားလွှာကို ရောဂါဆက်လက်
ပျံ့နှံ့မှာ ဖြစ်ပါတယ်...

မွသွားလွှာကို သွားပိုးစားခြင်းရောက်ရှိလာပြီဆိုရင်တော့
အဲဒီမွသွားလွှာမှာ သွေးကြောများ..အာရုံကြောများရှိတဲ့အတွက်
ပိုမိုပြင်းထန်တဲ့ သွားကိုက်ဝေဒနာကို ခံစားရမှာဖြစ်ပါတယ်....

ကဲ..သွားပိုးစားခြင်းရဲ့နောက်ဆက်တွဲ ဖြစ်စဉ်များကို ဆက်လက်ပြောပြပါမယ်..

မွသွားလွှာကိုရောက်ရှိနေတဲ့သွားပိုးစားခြင်းကို မကုသဘဲ ဆက်လက်ထားရှိမယ်
ဆိုရင်တော့ အချိန်ကြာလာတာနဲ့အမျှ သွားမှာရှိတဲ့အာရုံကြောတွေ ပုပ်သွားပါမယ်..
ကြာလျှင် သွားဟာ နဂိုအရောင်ကနေ တဖြည်းဖြည်းအရောင်ပြောင်းပြီး ညိုမဲ
သွားနိုင်ပါတယ်...ထိုမှတစ်ဆင့် ရောဂါပိုးတွေရဲ့ ပျံ့နှံ့မှုကြောင့် ပါးစပ်၊ မျက်နှာ
စတဲ့ အစိတ်အပိုင်းတစ်ခုလုံးရောင်ရမ်းပြီး အစားအစားနိုင်ခြင်း၊ အလုပ်အကိုင်
ပျက်ခြင်း၊ ညပိုင်းတွင်ဖြစ်ပါက အအိပ်ပျက်ခြင်း စတဲ့ မလိုလားအပ်တဲ့
ဆိုးကျိုးတွေ ရရှိလာနိုင်ပါတယ်။။
ရောဂါပိုးတွေရဲ့ ပျံ့နှံ့မှုကြောင့် သွားမြစ်ထိပ်ပြည်တည်နာ ဖြစ်နိုင်ပြီး..
ထိုမှတစ်ဆင့် ရောဂါပိုးများဟာ သွေးကြောများထဲသို့ ရောက်ရှိနိုင်ပြီး
ခန္ဓာကိုယ်အတွင်း ဆက်လက်ပျံ့နှံ့ကာ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အထိ
မလိုလားအပ်သော နောက်ဆက်တွဲဆိုးကျိုးများကို ရရှိလာနိုင်ပါတယ်...

ဒီလိုကိုယ့်ခံတွင်းမှာဖြစ်ပေါ်နေတဲ့ သွားပိုးစားရောဂါရှိမရှိကို
သွားဆေးခန်းမသွားဘဲ မိမိကိုယ်တိုင် စစ်ဆေးလို့ရပါသလား..

ဟုတ်ကဲ့..ရပါတယ်....
တကယ်တော့သွားပိုးစားရောဂါဟာ အခုချက်ချင်းရုတ်တရက် ထဖြစ်လာတဲ့
ရောဂါမဟုတ်ပါဘူး...ကျနော်တို့မျက်စိနဲ့မြင်ရတဲ့ အခေါင်းပေါက်ဖြစ်လာဖို့ကို
အနည်းဆုံး တစ်နှစ်ခန့်ကြာတတ်ပါတယ်...သွားနဲ့ခံတွင်းရောဂါတွေဟာ
ဖြစ်ခါစမှာ နာကျင်မှုဝေဒနာမခံစားရလို့ သတိမမူမိကြခြင်းဖြစ်ပါတယ်..

ဒီလိုသွားပိုးစားရောဂါ ကင်းဝေးစေဖို့ အဓိကသော့ချက်ကတော့ မိမိခံတွင်းကို
စနစ်တကျ ကိုယ်တိုင်စစ်ဆေး စောင့်ရှောက်မှုပေးခြင်းကသာ ဘ၀တစ်သက်
လုံးမှာ အထိရောက်ဆုံး၊ကုန်ကျမှု အနည်းဆုံးနဲ့ အကျိုးရှိဆုံး ကာကွယ်မှုကို
ရရှိနိုင်ကြမှာဖြစ်ပါတယ်...အသက်အန္တရယ်ပေးနိုင်တဲ့ ခံတွင်းကင်ဆာလို
ရောဂါမျိုးတောင်မှအချိန်မီ သိရှိပါက ထိရောက်စွာ ကုသနိုင်ပါတယ်..

မိဘများကလည်း ကိုယ့်ကလေးများရဲ့ သွားအရေအတွက်နှင့် သွားအရောင်ကို
မှန်မှန်စစ်ဆေးပေးရန်လိုအပ်ပါတယ်..ဒီနေရာမှာ ကလေးတွေမှာရှိတဲ့
သွားအရေအတွက်နဲ့သွားအမျိုးအစားကိုနည်းနည်းပြောချင်ပါတယ်..
လူတွေဟာလူကြီးသွား ၃၂ ချောင်းရှိတာသာ သိကြတာပါ..
ကလေးတွေမှာ ကလေးသွားအားလုံးဘယ်လောက်ရှိသလဲ မသိကြပါဘူး..
ကလေးသွားက အသက်ခြောက်လကနေ စတင်ပေါက်ပါတယ်...
ကလေးသွားမှာတော့ သွားအမျိုးအစား သုံးမျိုးပဲပါပါတယ်..
ရှေ့အလယ်သွား နဲ့ရှေ့ဘေးသွား(incisors)၊ စွယ်သွား (Canine)နဲ့
ပထမအံသွာ၊ဒုတိယအံသွား(Molars) ဟူ၍သာပါရှိပြီး
အံရှေ့သွားများ (Premolars) မပါရှိပါဘူး..သွားအမျိုးအစားတစ်မျိုးလျင်
လေးချောင်းစီပါရှိတာကြောင့် စုစုပေါင်း အချောင်း ၂၀ ပေါက်ပါတယ်..
ကလေးသွားများဟာ အသက် နှစ်နှစ်ခွဲ နဲ့ သုံးနှစ်ကြားအရွယ်ကြားရောက်ရင်တော့ စုံညီစွာ ပေါက်ပြီးဖြစ်တတ်ပါတယ်...

ကျန်းမာသော သွားအရောင်ဟာ
ဖြူဖွေးသန့်စင်နေရပါတယ်..
လူငယ်နှင့်လူကြီးများဟာ မိမိသွားများကို မှန်ရှေ့မှာ လုံလောက်သောအလင်း
ရောင် ရတဲ့နေရာမှာ မှန်မှန်စစ်ဆေးပါ..လိုအပ်လျှင် တစ်ခြားသူများရဲ့
အကူအညီကို ရယူပါ..ထိုသို့စစ်ဆေးရာမှာ ပါးစပ်ကိုသေချာစွာ ရေနှင့်
အာလုပ်ကျင်းပြီးမှ စစ်ဆေးရပါမယ်..
တကယ်လို့အစာဝါးတဲ့ မျက်နှာပြင်မှာ အမဲစက် အမဲကြောင်းလေးတွေ
တွေ့ရှိခဲ့ရင်တော့ သွားပိုးစားရောဂါလို့ သံသယဖြစ်နိုင်ပါတယ်...
ရှေ့သွားတွေမှာဆိုလျှင်လည်း သွားနှစ်ချောင်းကြားမှ စတင်ပြီး
သွားပိုးစားတတ်ပါတယ်...ဒီလို သံသယဖြစ်ဖွယ်တွေ တွေ့ရှိပါက
သွားဘက်ဆိုင်ရာ ဆရာဝန်ကို အမြန်ဆုံး ပြသသင့်ပါတယ်..
ထို့ပြင် သွားများတွင် အခေါင်းပေါက်ဖြစ်ပြီး အစာဝင်တတ်နေလျှင်
မနာကျင်မီ သွားဘက်ဆိုင်ရာ ဆရာဝန်ထံ အချိန်မှီကုသမှုခံယူပါက
သွားပိုးစားရောဂါကို ရပ်တန့်စေပြီး သွားနှုတ်ပစ်ရခြင်းမှ ကာကွယ်နိုင်ပါတယ်....

လူသားအားလုံးသွားပိုးစားရောဂါမှ ကင်းဝေးကြပါစေ..

Dr.နှင်း

Ref..Conservative Notes &
Preventive & Community Dentistry Notes..

သပြေတန်းခံတပ်

Hana updated her status.
မနေ့ကလပြည့်နေ့မှာ လူစည်ကားတဲ့ ဘုရားတွေကိုမရောက်ဖြစ်ခဲ့ဘဲ
တစ်ခါမှမရောက်ဖူးတဲ့ ခံတပ် တွေကိုရောက်ခဲ့တယ်...
နယ်ချဲ့တွေ ရေလမ်းခရီးကနေလာရောက်တာကို တိုက်ခိုက်နိုင်အောင်
အင်းဝ၊စစ်ကိုင်းနဲ့ မန်းလေးနေရာသုံးခုမှာ ခံတပ်သုံးခုကို တြိဂံ ပုံ
တည်ဆောက်ထားခဲ့ပါတယ်..အင်းဝဘက်မှာရှိတဲ့ ဆင်ကျုံးခံတပ်၊စစ်ကိုင်းမှာ
ရှိတဲ့ စစ်ကိုင်းခံတပ်ခေါ် အစေခံ ခံတပ် နဲ့ ခုမန်းလေးဘက်အခြမ်းမှာရှိတဲ့
စစ်ကိုင်းတံတားအဟောင်းအောက်က သပြေတန်းခံတပ်တွေပေါ့...
အဲ့ဒီခံတပ်သုံးခုမှာ သပြေတန်းခံတပ်ကတော့အကြီးဆုံးပါပဲ...
ခံတပ်အတွင်းမှာတော့ ရဲမက်တွေနေဖို့ရာအခန်း(အခန်းတစ်ခုနဲ့တစ်ခုကိုလည်း
တောက်လျှောက်သွားလာနိုင်အောင်အလယ်မှာအပေါက်တွေဖောက်ထားပါတယ်)၊
အရာရှိနေထိုင်ရာအခန်း..ယမ်းတိုက် နဲ့ ရေတွင်းတစ်တွင်းပါရှိပါတယ်...

သက္ကရာဇ် ၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလ၌ဖြစ်ပွားခဲ့တဲ့ တတိယအင်္ဂလိပ်မြန်မာ
စစ်ပွဲမှာ အရှေ့ဝင်းတော်မှူး၊ရတနာသိင်္ဃမြို့ဝန်၊ရဲဘက်မြင်းဝန်၊သတိုးမင်းကြီး
မဟာမင်းခေါင်ရာဇာဦးစီးတဲ့ မြန်မာတပ်မတော်သားနှစ်ထောင်ကျော်ဟာ
ဒီသပြေတန်းခံတပ်မှာ တပ်စွဲလျက် ဆန်တက်လာမည့်ရန်သူများအား
တိုက်ခိုက်ချေမှုန်းရန်အသင့်ရှိနေကြပါတယ်..ဒါပေမဲ့ဗြိတိသျှတို့နဲ့စစ်ပြေငြိမ်းရန်
ကြိုးစားအားထုတ်ကြသော လွှတ်တော်အရာရှိကြီးများ၏ မခုခံရ ဟူသော
အမိန့်ကြောင့် မေဂျာဂျင်နရယ် အိပ်ခ်ျအဲန်ဒီပရင်းဒါဂစ်တ် ဦးစီးသော
ဲဗြိတိသျှတပ်ပေါင်းစုသည် ဤခံတပ်ကို သက္ကရာဇ် ၁၂၄၇ ခု၊ တန်ဆောင်းမုန်း
လပြည့်ကျော် ၆ ရက် သောကြာနေ့ (၁၈၈၅ ခု နိုဝင်ဘာလ ၂၇ရက်)မှာ
တိုက်ခိုက်ခြင်းမပြုရဘဲ သိမ်းပိုက်နိုင်ခဲ့ပါတယ်....

ဒီသပြေတန်းခံတပ်အတွင်းပိုင်းထဲမှာ လောင်းလှေကြီးတစ်ခုကိုလည်း
ရှေးဟောင်းသုတေသနဋ္ဌာနက သိမ်းဆည်းထားတာကိုတွေ့ခဲ့ရပါတယ်..
ခရစ်နှစ် ၁၉၇၉ခုနှစ်မှာ စစ်ကိုင်းမြို့နယ် နန်းတော်ကျွန်းရွာမှ သစ်ဖောင်
လုပ်သားတွေဟာရွှံ့ညွှန်ထဲမှာ ကျွန်းလုံးကြီးနစ်မြုပ်နေသည်ထင်မှတ်ပြီး
တူးဖော်ရမှာ လှေကြီးကိုစတင်တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်..စစ်ကိုင်းတိုင်း
ပြည့်သူ့ကောင်စီနှင့် မန်းလေးမြို့ရှေးဟောင်းသုတေသနဋ္ဌာနခွဲတို့ ညှိနှိုင်း
ုတိုင်ပင်ပြီး ဒီသပြေတန်းခံတပ်သို့ရွှေ့ပြောင်းသယ်ယူပြသထားခြင်း
ဖြစ်ပါသည်။ဒီလှေကြီးဟာ အလျား ၇၈ပေ ၊ ၀မ်းအကျယ် ၅ပေခြောက်လက်မ
ရှိပြီး ရွှေပိန်းချထားပါတယ်..ရွှံ့ညွန်ထဲမှ ဖော်ထုတ်ရရှိတာဖြစ်လို့
မူလအစိတ်အပိုင်းအများစုမှာ လျော့နည်းပျက်စီးဆွေးမြေ့နေပါတယ်...
ဒါကြောင့်သစ်အစားထိုးဖြည့်စွက်ဆောင်ရွက်ပြီး ဒီသပြေတန်းခံတပ်မှာ
ပြသထားခြင်းဖြစ်ပါတယ်....
....................................................................................
အောက်မှာပြထားတဲ့ပုံတွေကတော့ သပြေတန်းခံတပ် ပါ..
စစ်ကိုင်းခံတပ်အကြောင်းကိုတော့ ဆက်လက်ရေးသားပါဦးမယ်...

နှင်းငယ်

ကင်ဆာအကြိုရောဂါအကြောင်း

ခံတွင်းကင်ဆာ ဆိုတာကို လူတွေကြားဖူးကြမှာပါ....
ခံတွင်းကင်ဆာ ဆိုတာကို မပြောသေးခင် ခံတွင်းကင်ဆာဖြစ်တော့မယ်ရယ်လို့
သတိပေးတတ်တဲ့ ကင်ဆာအကြိုရောဂါလေးတစ်ခုအကြောင်းကို
ပြောပြချင်ပါတယ်.....

ကျနော်တို့သွားနှင့်ခံတွင်းဆရာဝန်တွေကတော့ အဲ့ဒီရောဂါကို
OSMF (Oral Submucous Fibrosis) လို့ခေါ်ကြပါတယ်...
မြန်မာလိုအလွယ်ဘာသာပြန်ရရင်တော့ ခံတွင်းထဲမှာရှိတဲ့
ကြွက်သားမျှင်တွေဟာ တောင့်တင်းသွားတဲ့အတွက် ပါးစပ်ဖွင့်လို့မရတော့တဲ့
ရောဂါပေါ့....ဒီရောဂါဟာ warning signs for oral cancer လို့လည်း
ပြောကြပါတယ်...

ဒီရောဂါဖြစ်ပွားစေတဲ့အကြောင်းအရင်းတွေအများကြီးရှိတဲ့အနက်
အဓိကဖြစ်စေတဲ့အကြောင်းအရင်းတွေကိုပြောပြပါမယ်.....

(၁) ကွမ်းယာ
-ကွမ်းယာထဲမှာ ကွမ်းရွက်၊ ထုံး နဲ့ ကွမ်းသီးပါတာ လူတိုင်းသိကြပါတယ်..
ဒီထဲမှာမှ ကွမ်းသီးဟာ ဒီရောဂါကိုအဓိကဖြစ်ပွားစေတတ်တာပါ...
ကွမ်းသီးမှာ ဖြူဖြူအရေးအကြောင်းလေးတွေရှိပါတယ်..အဲ့ဒီထဲမှာ
ကော့ပါး copper ဓာတ်အများကြီးပါပါတယ်..လူတစ်ယောက်အတွက်
နေ့စဉ်လိုအပ်တဲ့ ကော့ပါးဓာတ်ဟာ 0.6-1.6 mgပါ...ဒါပေမဲ့
ကွမ်းစားတဲ့လူတစ်ယောက်အတွက်တော့နေ့စဉ် >5mg per day
ဟာ သူ့ခန္ဓာကိုယ်ထဲကိုရောက်ရှိနေပါတယ်....တစ်နေ့တာလိုအပ်တဲ့
အရေအတွက်ထက်ကို ငါးဆလောက်ပိုများနေပါတယ်...
-ကွမ်းရွက်..ဒီနေရာမှာ ကွမ်းရွက်အကြောင်းပြောချင်သလို ဆေးရွက်ကြီး
အကြောင်းလည်းပြောချင်ပါတယ်...ဆေးရွက်ကြီးကိုလူတွေပုံစံမျိုးစုံနဲ့
သုံးစွဲကြပါတယ်...အငွေ့ထွက်အောင်သုံးသောဆေးရွက်ကြီးနဲ့
အငွေ့မထွက်အောင်သုံးသော ဆေးရွက်ကြီးပါ..အငွေ့ထွက်အောင်သုံးတဲ့
ဆေးရွက်ကြီးမှာ ဆေးလိပ်၊စီးကရက်၊ဆေးပေါ့လိပ်၊ဖက်ကြမ်း၊ဆေးပြင်းလိပ်၊
ဆေးတံ စတဲ့ သောက်သုံးလိုက်တိုင်းအငွေ့ထွက်စေတဲ့အရာမှန်သမျှပါ...
အငွေ့မထွက်အောင်သုံးတဲ့ဆေးရွက်ကြီးထဲမှာတော့ ကွမ်းယာ၊ငုံဆေး၊
ရှီခါး အစရှိသဖြင့်ပါပါတယ်...ကွမ်းယာမစားဘဲ ကွမ်းသီးချည်းငုံတဲ့လူတွေလည်း
ဒီထဲမှာ ပါပါတယ်....
ထုံး-ထုံးဟာလည်းကင်ဆာကိုတိုက်ရိုက်ဖြစ်စေတဲ့ အကျိုးသက်ရောက်မှု
ဖြစ်စေပါတယ်...အားလုံးခြုံပြီးပြောရရင် ဆေးရွက်ကြီးထည့်စားသော
ကွမ်းယာဖြစ်စေ..ထည့်မစားသောကွမ်းယာဖြစ်စေ ကွမ်းရွက် ထုံးနဲ့
ကွမ်းသီး ပါရင်ကို ခံတွင်းကင်ဆာဖြစ်စေနိုင်တယ်ဆိုတဲ့အကြောင်းပါ....

လူတွေဟာ ဘာလို့ကွမ်းယာကိုစွဲလန်းရသလဲဆိုတော့
လူရဲ့စိတ်ကို နေသာထိုင်သာရှိစေတယ်..ကွမ်းဝါးနေရတဲ့အတွက်
ပါးစပ်လှုပ်နေရတဲ့အတွက် မပျင်းတော့ဘူး...ပြီးတော့ တံတွေးများများထွက်တယ်..
တစ်ချို့က သွားကိုက်တောင်ပျောက်တယ်ဆိုတဲ့အယူအဆနဲ့ကွမ်းငုံကြတာပါ..
တကယ်ဆန်းစစ်ကြည့်မယ်ဆိုရင်တော့ ကွမ်းရွက် ထုံး ကွမ်းသီး အားလုံးဟာ
လူကိုဒုက္ခပေးနေတာချည်းပါပဲ....

(၂) Local Irritants (ကင်ဆာဖြစ်အောင်လှုံ့ဆော်တဲ့အရာ)
ဒီထဲမှာ ဘာပါလဲဆိုတော့ ကျနော်တို့စားတဲ့ ငရုတ်သီး ပါပါတယ်..
ငရုတ်သီးထဲမှာပါတဲ့Capsaicin လို့ခေါ်တဲ့ ဓာတ်တစ်မျိုး ရယ်
နောက် ပူစပ်ပူလောင်ဖြစ်စေတဲ့အစားအစာမှန်သမျှ နဲ့ အရက်ဟာလည်း
ခံတွင်းကင်ဆာဖြစ်အောင်လှုံ့ဆော်တဲ့အထဲမှာ ပါပါတယ်.....

(၃) Nutritional Factors (အာဟာရဓာတ်လိုအပ်မှု)
သံဓာတ်ဟာကျနော်တို့ခံတွင်း နဲ့ အပေါ်ပိုင်းအစာအိမ်နဲ့အူလမ်းကြောင်းမှာ
အရေးပါပါတယ်...ဖောလစ်အက်ဆစ်၊ဗီတာမင် အေ နဲ့ဗီတာမင်ဘီဓာတ်ပေါင်းစု
ချို့တဲ့မှုဟာလည်း ဒီရောဂါဖြစ်ပွားစေတဲ့အထဲမှာ တစ်ခုအပါအ၀င်ပါ...

(၄)Candidiasis
ဒါကတော့မှို ရောဂါအကြောင်းပါ...fungal infection လို့ခေါ်တဲ့
မှိုကြောင့်ဖြစ်တဲ့ရောဂါဟာ nitrosamine လို့ခေါ်တဲ့ ကင်ဆာကိုဖြစ်ပွားစေတဲ့
ဓာတ်တစ်မျိုးကိုထုတ်ပါတယ်...ဒါကြောင့်လည်းခံတွင်းကင်ဆာကိုဖြစ်ပွားစေပါတယ်..

ဒီOSMF လို့ခေါ်တဲ့ရောဂါကိုဖြစ်ပွားစေတဲ့နောက်ထပ်အကြောင်းအရင်းတွေ
ရှိပါသေးတယ်..ခန္ဓာကိုယ်မှာရှိတဲ့ Gene လို့ခေါ်တဲ့မျိုးရိုးဗီဇတွေဖောက်လွဲဖောက်ပြန်
ဖြစ်တာ...ခန္ဓာကိုယ်မှာရှိတဲ့ ရောဂါကိုခုခံကာကွယ်တဲ့အပိုင်းကိုဖိနှိပ်ခြင်းခံရတဲ့
ဆေးတွေသောက်သုံးနေရတဲ့အခါ..နောက် ကိုယ့်ခန္ဓာကိုယ်ထဲကကိုယ့်ပစ္စည်းကို
သူများပစ္စည်းထင်ပြီး ကိုယ့်အချင်းချင်းပြန်တိုက်ခိုက်တဲ့အခါ စတာတွေမှာလည်း
ဒီရောဂါဖြစ်ပွားစေတတ်ပါတယ်....
....................................................................................................
ဘယ်လိုလူတွေမှာအဖြစ်များသလဲ...

-ကွမ်းယာနဲ့ဆေးရွက်ကြီးကို အကြိမ်အရေအတွက်များများစားသုံးတဲ့သူတွေ
-ကွမ်းယာကိုပါးစောင်ထဲထည့်ပြီး ငုံထားတတ်တဲ့သူတွေ..
-နှစ်ရှည်လများကွမ်းယာစားသုံးတဲ့သူတွေ စတဲ့သူတွေမှာအဖြစ်များပါတယ်
(နှစ်ရှည်လများစားသုံးတဲ့သူလို့သာပြောတာ..ကိုးတန်းကျောင်းသားလေး
တစ်ယောက် နှစ်နှစ်လောက်ပဲ ရှီခါးစားတာ ဒီရောဂါဖြစ်လို့ လာပြတာကိုတော့
ကျနော်တွေ့ဖူးပါတယ်)
................................................................................................

ဒီရောဂါဖြစ်လာရင် ဘယ်လိုသိမလဲ...
ပထမဆုံးရောဂါလက္ခဏာတွေကတော့

-ပူစပ်ပူလောင်ဖြစ်တဲ့အရာတွေစားပြီးတဲ့အခါ
ခံတွင်းပူပူလောင်လောင်ကြီးဖြစ်သလို ခံစားရတာပါ..ဒါဟာ ငရုတ်သီးစပ်လို့ဖြစ်တဲ့
ခံစားချက်နဲ့မတူပါဘူး..ခံတွင်းတစ်ခုလုံးကို အပူလောင်ထားသလို ပူလောင်နေတာ
မျိုးပါ.(burning sensation) လို့ခေါ်ပါတယ်..

-အာခေါင်မှာ အရည်ကြည်ဖုလေးတွေလို မျိုးတွေထွက်လာခြင်း

-mucosa လို့ခေါ်တဲ့ခံတွင်းထဲမှာရှိတဲ့အမြှေးပါးတွေမှာ အနာဖြစ်လာခြင်း၊
ယောင်လာခြင်း

-တံတွေး အများကြီးထွက်ခြင်း

-အရသာပြောင်းလဲလာခြင်း နဲ့

-တံတွေးတွေအများကြီးထွက်ပေမဲ့လည်းပါးစပ်ခြောက်ခြင်း တို့ဖြစ်ပါတယ်..

ဒီ့ထက်ရောဂါပြင်းလာရင်တွေ့လာရမဲ့ ရောဂါလက္ခဏာတွေကတော့
-ခံတွင်းထဲမှာရှိတဲ့အမြှေးပါတွေဟာ ဖြူလာမယ်..
-ပါးစောင်မှာရှိတဲ့ကြွက်သားမျှင်တွေဟာလည်း ထူထဲလာမယ်..
-အဲ့လိုထူထဲလာတဲ့အတွက် ကျနော်တို့ပါးစပ်ဟာ တဖြည်းဖြည်းမဟနိုင်ဖြစ်လာမယ်.
(ဒီနေရာမှာ ကျနော်တို့ပုံမှန်ဟနိုင်တဲ့ ပါးစပ်ပေါက်အကျယ်ကိုပြောပြပါမယ်..
ကိုယ့်ရဲ့လက်သုံးချောင်းဖြစ်တဲ့ လက်ညှိုး လက်ခလယ်နဲ့ လက်သူကြွယ်ကို
အလျားလိုက်ထားပြီး ပါးစပ်ထဲထည့်ကြည့်ပါ..၀င်တယ်ဆိုရင် ကျနော်တို့ ပါးစပ်ဟ
တာပုံမှန်ပါပဲ..(three finger breadth)ပါ)..
-ပါးစပ်ဟတာခက်ခဲလာတဲ့အတွက် အစာစားရခက်လာမယ်..အစာမျိုရခက်လာမယ်.
-ပါးစောင်မှာရှိတဲ့ကြွက်သားမျှင်တွေ မာခဲလာတဲ့အတွက် လေချွန်လို့မရတာတွေ..
ဖယောင်းတိုင်မီးမမှုတ်နိုင်တာတွေ ဖြစ်လာတတ်ပါတယ်...

ရောဂါလက္ခဏာကိုအနှစ်ချုပ်ပြောရမယ်ဆိုရင်တော့ ပါးစပ်ပေါက်တစ်ဖြည်းဖြည်း
ကျဉ်းလာခြင်းက အဓိကပါပဲ...လူတွေဟာလည်း ဒီလိုအစာစားရခက်တဲ့
အချိန်ကျမှပဲ ကျနော်တို့ဆီကို ရောက်လာကြတာချည်းးပါပဲ....
..........................................................................................

ဒါဆိုဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့ရောဂါကို ဖြစ်လာမှကုသတာထက်
မဖြစ်အောင် နေတာက ပိုမကောင်းဘူးလား...
ရောဂါမဖြစ်အောင်ကာကွယ်မယ်..
-ရောဂါကိုအဓိကဖြစ်ပွားစေတဲ့ ကွမ်းသီးစားသုံးခြင်းကို ရှောင်ကြဉ်မယ်...
-ဆေးရွက်ကြီးစားသုံးခြင်း သောက်သုံးခြင်းကိုရှောင်ကြဉ်မယ်..
-ငရုတ်သီးစတဲ့ပူစပ်ပူလောင်ဖြစ်စေတဲ့အရာတွေကို အများကြီးမစားဘဲနေမယ်..
-ကိုယ့်ခံတွင်းကိုသန့်ရှင်းစွာထားမယ်..
-အစားအစာကိုညီညွတ်မျှတစွာစားမယ်..
-လိုအပ်ရင် ဆရာဝန်နဲ့တိုင်ပင်ပြီး အားဆေးသောက်သုံးမယ်..
..........................................................................................

ရောဂါဖြစ်လာရင်ရော....
-ကိုယ်က ဆေးလိပ်သောက်တယ်..ကွမ်းယာစားတယ်..ဒီလိုရောဂါလက္ခဏာတွေ
ဖြစ်လာတယ်လို့ ကိုယ့်ကိုကိုယ်သံသယရှိလာရင် ချက်ချင်းကွမ်းယာ ဆေးလိပ်
စတာတွေကိုဖြတ်ပါ..မစားဘဲနေပါ..မသောက်သုံးဘဲနေပါ...
-ခံတွင်းကို သန့်ရှင်းစွာထားပါ..
-နီးစပ်ရာသွားနဲ့ခံတွင်းဆရာဝန်ထံကိုပြသပါ..
-ဒီရောဂါဖြစ်လာတာကိုမှ ဆက်ပြီးကွမ်းယာ ကွမ်းသီး ဆေးရွက်ကြီး စတာတွေကို
စားသုံး သောက်သုံးနေဦးမယ်ဆိုရင်တော့ နောင်တစ်ချိန်မှာ ခံတွင်းကင်ဆာ
ဖြစ်ပွားလာနိုင်ပါတယ်ဆိုတဲ့အကြောင်း။။။။။။။။။။။။။။။။။။။။။။။

ဒေါက်တာနှင်းငယ်
Ref: Oral Medicine Notes

စနစ်မှန်သွားတိုက်နည်း

ဒီတစ်ခါတော့ စနစ်မှန်သွားတိုက်နည်းလေးအကြောင်းကို
ပြောပြချင်ပါတယ်.....

ကျနော်အရင်တုန်းကပြောပြခဲ့ဖူးပါတယ်....
သွားနဲ့ခံတွင်းရောဂါတွေမှာအဖြစ်အများဆုံးရောဂါတွေက
သွားပိုးစားရောဂါနဲ့ သွားဖုံးရောဂါတို့ပဲဖြစ်ပါတယ်..
ဒီရောဂါတွေဖြစ်ပွားစေတဲ့အကြောင်းကလည်း ခံတွင်းထဲမှာရှိတဲ့
ဘက်တီးရီးယားပိုးမွှားများနဲ့ ခံတွင်းမသန့်ရှင်းမှုတို့ကြောင့်ဖြစ်ပါတယ်..
ဘက်တီးရီးယားတွေလျော့ပါးသွားစေရန်နဲ့ ခံတွင်းသန့်ရှင်းစေရန်
နည်းလမ်းကတော့ စနစ်မှန်သွားတိုက်နည်းဖြစ်ပါတယ်.....

အကောင်းဆုံးက သွားပွတ်တံ နဲ့ ဖလိုရိုက်ဒ်ပါတဲ့ သွားတိုက်ဆေးကို
သုံးပြီး စနစ်တကျအချိန်မှန်သွားတိုက်ခြင်းဖြစ်ပါတယ်..နေ့စဉ်သွားတိုက်သည်
ဆိုသော်လည်းသွားတိုက်နည်းစနစ်မကျပါက ထိရောက်သင့်သလောက်
မထိရောက်ဘဲ သွားပိုးစားရောဂါနဲ့ သွားဖုံးရောဂါဖြစ်နိုင်ပါတယ်..
ပထမဆုံးသွားပွတ်တံ ရွေးချယ်နည်းကိုပြောပြပါမယ်..
သွားပွတ်တံရွေးချယ်ရာမှာ သွားပွတ်တံအမျှင်များဟာ
ပျော့ပြောင်းပြီး မြဲမြံစွာ ဆုပ်ကိုင်နိုင်တဲ့ လက်ကိုင်ပါရှိရပါမယ်..
သွားတိုက်ဆေးရွေးချယ်ရာမှာလည် ဖလိုရိုက်ဒ်(Fluoride) ပါတဲ့
သွားတိုက်ဆေးကို သုံးရပါမယ်..ဖလိုရိုက်ဒ်ဟာ သွားရောဂါတွေကို
ကာကွယ်ရာမှာ အရေးပါလှပါတယ်..

သွားကိုဘယ်လိုတိုက်ကြမလဲ..
သွားတိုက်ဆေးထည့်ထားတဲ့သွားပွတ်တံအမျှင်များကို ကိုယ့်ရဲ့သွားနဲ့သွားဖုံးထိစပ်
နေတဲ့နေရာမှာ ၄၅ဒီဂရီကန့်လန့်ဖြတ်ထားရှိပြီး သွားဖုံးဘက်မှ သွားဘက်သို့
တံမြက်စည်းလှဲသကဲ့သို့ တစ်ချက်ပြီးတစ်ချက် အလိုက်သင့်ဖိတိုက်ရပါမယ်..
တစ်နေရာကို ၅ကြိမ် ၇ ကြိမ်ခန့်တိုက်ပါ..အပေါ်သွား..အောက်သွား
အားလုံးစုံအောင်တိုက်ရပါမယ်..သွားများ၏အပြင်ဘက်မျက်နှာပြင်
အတွင်းဘက်မျက်နှာပြင် နှင့်အစာဝါးသောမျက်နှာပြင် စတာတွေကို
အကုန်နှံ့စပ်အောင် တိုက်ရပါမယ်..သွားတစ်ခါတိုက်လျှင် အနည်းဆုံး
နှစ်မိနစ် ခန့်ကနေ သုံးမိနစ်ခန့်ကြာအောင် တိုက်သင့်ပါတယ်..
အကောင်းဆုံးသွားတိုက်သည့်အချိန်မှာ နံနက်စာ စားပြီးချိန်နဲ့
ညအိပ်ရာမ၀င်ခင် အချိန်တို့ဖြစ်ပါတယ်..
တစ်နေ့လျှင်တစ်ကြိမ်သာ တိုက်နိုင်တဲ့သူများအဖို့တော့
ညအိပ်ရာအ၀င်မီ သွားတိုက်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်..

ဒါ့အပြင်အိမ်သုံးဆား၊မီးသွေး၊ဖွဲ ပြာ တို့နဲ့သွားတိုက်ခြင်းကိုလည်း
ရှောင်ကြဉ်ရပါမယ်..

သွားချေးလွှာတွေပိုမိုလျော့ပါးစေဖို့ ခံတွင်းသန့်ဆေးရည်ဖြင့် ငုံထွေးခြင်း
ပလုတ်ကျင်းခြင်းတို့ကိုလည်း ပြုလုပ်နိုင်ပါတယ်..ဖြစ်နိုင်ပါက သွားကြား
များတွင် သွားကြားပွတ်ကြိုး (Dental floss) ကိုအသုံးပြု၍ သန့်ရှင်းပေးပါက
အကောင်းဆုံးဖြစ်ပါတယ်..သွားကြားပွတ်ကြိုးဆိုတာ သွားတစ်ချောင်းနဲ့
တစ်ချောင်းကြား သွားပွတ်တံအမျှင်များမရောက်နိုင်တဲ့နေရာရှိ
သွားချေးလွှာ နဲ့အစာကြွင်း အစာကျန်တွေကိုဖယ်ထုတ်သန့်စင်နိုင်တဲ့
နိုင်လွန်ကြိုးမျှင်ဖြစ်ပါတယ်..ယင်းတို့ကိုမှန်မှန်သုံးပါက သွားကြားများမှာ
သွားပိုးစားရောဂါ သွားဖုံးရောဂါများကို ကာကွယ်နိုင်ပြီး ခံတွင်းသန့်ရှင်း
ရေးအတွက်လည်း အလွန်အသုံးဝင်ပါတယ်..သွားကြားပွတ်ကြိုးအသုံးပြုပုံကို
သေချာစွာ စနစ်တကျ လေ့ကျင့်ပေးရန် လိုအပ်လှပါတယ်...

ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ပိုမိုကောင်းမွန်သည်လို့
ဆိုသလိုပဲ..သွားနှင့်ခံတွင်းရောဂါတွေဟာ ကြိုတင်ကာကွယ်နိုင်သဖြင့်
ဖြစ်မှကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းဟာအကောင်းဆုံးဖြစ်ပါတယ်...
စနစ်မှန်သွားတိုက်နည်းကိုအသုံးပြုခြင်းအားဖြင့် လူသားအားလုံး
သွားနှင့်ခံတွင်းရောဂါများ ကင်းဝေးကြပါစေ....

Ref: Health Education notes from PCD Handnotes

Dr.နှင်းငယ်

ဘ၀ချင်းခြားတောင် ချစ်နေတဲ့သူ

ဒေါက်..ဒေါက်..ဒေါက်.......
အိမ်ရှေ့တံခါးမကြီး ဆီမှ တံခါးခေါက်သံလိုလို ကြားလိုက်ရသဖြင့်
အိပ်ပျော်နေရာမှ လန့်နိုးသွားခဲ့ရသည်...ခေါင်းအုံးဘေးမှာအမြဲတမ်းထားအိပ်သော
နာရီကိုကြည့်လိုက်မိတော့ည၁၂ နာရီတိတိ...
ပတ်ဝန်းကျင်သည် မှောင်အတိကျလျက်ရှိနေလေသည်......
အမှောင်ထဲတွင်ကျင့်သားမရသေးသောမျက်ဝန်းတို့က တစ်စုံတစ်ခုကို
တွေ့လိုတွေ့ငြား လှည့်ပတ်ရှာကြည့်ရင်း
ခုနကကြားရသော တံခါးခေါက်သံကို ပြန်လည်နားစိုက်ထောင်မိသည်..
ဆက်ပြီးတော့မကြားရတော့သဖြင့် အိပ်မက်ယောင်တာဖြစ်မည်ဟု
ပြန်တွေးပြီး ဆက်အိပ်ရန်ပြင်ဆင်သည်.....

ဒေါက်..ဒေါက်..ဒေါက်......အီးးဟီးးးးးးးးဟီးးးးးးးးး
ဒီတစ်ခါတော့တံခါးခေါက်သံ ပီပီသသနှင့်အတူ လူတစ်ယောက်ငြီးတွားသံလိုလိုပါ
ကြားလိုက်ရသည်..နဂိုကတည်းကမကြောက်တတ်သော မိန်းမတစ်ယောက်
ဖြစ်သည့်အတွက်..လက်နှိပ်ဓာတ်မီးကို လက်ကဆွဲလျက် အိမ်ရှေ့သို့
ထွက်လာခဲ့သည်..

ဒေါက်...ဒေါက်..ဒေါက်..ဒေါက်...ဒေါက်.....
တံခါးခေါက်သံတို့အဆက်မပြတ်ထွက်ပေါ်လာသည်..ထို့အတူ
ကျွန်မ အမြဲတမ်းကြားနေကြဖြစ်သော အသံတစ်ခု...

မေ..မေရေ....မေ...တံခါးမြန်မြန်လာဖွင့်ပါကွာ..
မောင် ဒီမှာချမ်းလှပြီ.......

မောင့်အသံကိုကြားလိုက်ရတော့ ရုတ်တရက်ကြောင်သွားမိသည်..
မောင်ခရီးသွားနေတာမဟုတ်ဘူးလား..မောင်ပင်လယ်ထဲမှာလေ..
မောင်ပြန်လာရမဲ့ ရက်မှာမဟုတ်သေးတာ...အတွေးတို့ စီတန်းကာ
ဝင်လာသည်...

မေ..မေ..မောင်ခေါ်နေတာမကြားဘူးလား..အိပ်ပျော်နေလားးမေ....
မောင်ချမ်းလှပြီကွ..ဒီမှာရေတွေ စိုရွှဲနေတာ...

အတွေးတို့ကိုဖြတ်တောက်ပြီး တံခါးကိုအမြန်ဖွင့်လိုက်သည်...
လက်နှိပ်ဓာတ်မီးရောင်အောက်တွင် မောင့်မျက်နှာဖြူဖျော့ဖျော့လေးကို
တွေ့လိုက်ရသည်..လက်နှစ်ဖက်ကိုပိုက်ထားလျက်...ဆံပင်များမှ
ရေများက မျက်နှာပေါ်သို့စီးကျနေလေသည်..ချမ်းလွန်း၍ထင်သည်..
မေးတစ်ခုနှင့်တစ်ခုရိုက်ခတ်၍ ထွက်လာသည့်အသံများကိုပင်
အတိုင်းသားကြားရသည်...

မောင်ရယ်..လာ..မြန်မြန်ဝင်..ဘယ်လိုဖြစ်လာတာတုန်း....

မောင့်လက်ကလေးကိုယုယစွာ စွဲကိုင်လျက် အခန်းဆီသို့
ခေါ်လာခဲ့လေသည်..အလို..မောင့်လက်တွေ ရေခဲတုန်းလို အေးစက်လို့နေပါလား...
အပြင်မှာ မိုးမရွာဘဲနဲ့ ဘယ့်နှယ့် ရေတွေစိုလာပါလိမ့်....မောင်အအေးမမိအောင်
သုတ်ပေးပြီးမှပဲ အေးအေးဆေးဆေး မေးပါတော့မယ်လေ....
ဘီဒိုထဲမှ တဘက်ကို ထုတ်ကာ မောင့်ခေါင်းက ဆံပင်တွေကို
ရေသုတ်ပေးမိလေသည်..မောင်က ကျွန်မပုခုံးပေါ်သို့အလိုက်သင့်လေးမှီထားသည်..
မလင်းတလင်းဖြစ်နေသော မီးရောင်အောက်မှာ မောင့်မျက်နှာကိုသေချာ
ကြည့်မိလေသည်..မောင့်မျက်နှာ အတော်ချောင်ကျသွားသည်..
သွေးမရှိသကဲ့သို့လည်းဆွတ်ဆွတ်ဖြူနေသည်...မောင့်ပါးလေးကိုယုယစွာ
ကိုင်ကြည့်မိတော့ အေးစက်လို့...မောင်တော်တော်ပင်ပန်းကာချမ်းနေရှာသည်
ထင်သည်..ထို့ကြောင့် ပုခုံးပေါ်မှေးစက်နေသော မောင့်ကို ကြင်နာစွာ
ပိုက်ထွေးမိထားလေတော့သည်....

ကလင်..ကလင်..ကလင်.......
ကလင်..ကလင်...ကလင်.......
ဖုန်းသံကြား၍ ကမန်းကတန်းထကာ ဧည့်ခန်းဆီသို့ပြေးထွက်ခဲ့သည်..

ဟဲလို...

ဟဲလို..ဟုတ်ကဲ့..ဒါ ဦးငြိမ်းချမ်း ရဲ့ ဇနီး ဒေါ်မေ၀တ်ရည်အိမ်ကလားမသိဘူးနော်..

ဟုတ်ကဲ့ရှင့်..ကျွန်မ မေ၀တ်ရည် စကားပြောနေပါတယ်..

ဟုတ်ကဲ့ပါ...အမကြီး...ကျွန်တော်က အစ်မကြီးအမျိုးသားအလုပ်လုပ်တဲ့
ကုမ္ပဏီကပါ...အစ်မကြီးကို ကျနော်သတင်းတစ်ခုပြောချင်လို့ပါ..အစ်မကြီး
စိတ်ခိုင်ခိုင်ထားပါနော်..

ဟုတ်ကဲ့..ဘာများပြောမလို့လဲမသိဘူးနော်..ပြောပါရှင့်...

ဟုတ်ကဲ့..ဟိုဟာလေ...အစ်မကြီးအမျိုးသား မနေ့ညက ပင်လယ်ပြင်မှာ
မုန်တိုင်းမိလို့ သဘောင်္မှောက်တဲ့ထဲပါသွားတာ....မနေ့ည ၁၂နာရီလောက်က
ဖြစ်တာခင်ဗျ..ကျနော်တို့လည်း ကြိုးစားပြီးလိုက်ရှာပါသေးတယ်..ပင်လယ်ပြင်ဆိုတော့
မုန်တိုင်းကလည်းရှိနေပြန်..လှိုင်းကလည်းကြီးနေတာဆိုတော့ သေဆုံးလား
ပျောက်ဆုံးလား မသိသေးတာရော..ဆက်သွယ်ရခက်တာရယ်ရောကြောင့်
မဆက်သွယ်ဖြစ်တာပါ...ခုမနက်တော့.....

နေ..နေစမ်းပါဦး....ခုကဘာပြောနေတာလဲဟင်...ကျွန်မအမျိုးသားက
မနေ့ညကပဲ အိမ်ကိုပြန်ရောက်လာတယ်ရှင့်..ခုတင်ကျွန်မ သူ့အနားက
ထလာခဲ့တာ..ရှင်တို့လူမှားနေတာလားမသိဘူးနော်......

အစ်မကြီး..တစ်ဆိတ်လောက်နားထောင်ပါခင်ဗျာ..အစ်မကြီးစိတ်ထိခိုက်မှာကို
ကျနော်တို့ကိုယ်ချင်းစာပြီးနားလည်ပါတယ်....အမ တရားသဘောနဲ့သာဖြေပါ..
ခုပဲ အမအမျိုးသားအလောင်းကို ကျနော်တို့ဆယ်ယူရရှိပါတယ်...အဲ့ဒါ...

တစ်ဖက်ကပြောစကားတွေကိုဆက်လက်နားထောင်နိုင်စွမ်းမရှိတော့သဖြင့်
ဖုန်းကြိုးကိုလွှတ်ချထားခဲ့မိသည်...ထို့နောက် ခြေလှမ်းများကအိပ်ခန်းဆီသို့..
မောင် အသက်ရှင်နေသေးတယ်..သူတို့လူမှားနေတာ..လူမှားနေတာပဲဖြစ်မှာ..

မောင်...မောင်ရေ...မောင်..ဘယ်ရောက်နေလဲ..
မောင်....မေ့ကိုပြန်ထူးပါဦး..မောင်........
ပါးစပ်က မနားတမ်းအော်ခေါ်နေရင်းခြေလှမ်းများက ဦးတည်ရာမဲ့စွာဖြင့်
အခန်းတစ်ခုလုံးလှည့်ပတ်ရှာနေမိသည်.....
ရေချိုးခန်း..အိမ်သာ...ယုတ်စွအဆုံးမောင်များပုန်းနေမလားဆိုသော
စိတ်ကူးဖြင့် ကုတင်အောက်ကိုတောင် ငုံ့ကာရှာနေမိသည်....
ထို့နောက် စိတ်ပင်ပန်းနောက်ကျိစွာဖြင့် ကုတင်ပေါ်သို့လက်နှစ်ဖက်ကိုထောက်ကာ
ထိုင်ချလိုက်မိသည်.....
ညကတင်မောင့်ကို ထွေးပွေ့ထားမိသေးသည်..ညကတင် မောင့်ကိုယုယစွာ
ချော့သိပ်ခဲ့သေးသည်...ညကတင် အိပ်ပျော်နေသော မောင့်ပါလေးကို
ကြင်နာစွာနမ်းမိသေးသည်..ခုမောင် မရှိတော့ဘူး..မရှိတော့ဘူးတဲ့လားကွယ်..
မေ ဘယ်လိုယုံရမှာလဲ...မောင် မေ့ပုခုံးပေါ်မှာ မှီအိပ်ခဲ့တာက အိပ်မက်မှ
မဟုတ်တာ....မောင့်ကိုဖက်ထားတဲ့ မေ့လက်တွေက မောင်တကယ်ရှိကြောင်း
သက်သေမထူပေးနိုင်တော့ဘူးတဲ့လားကွယ်...မောင်ရေ...မောင်.....
သွေးရူးသွေးတန်းနှင့် မနေ့ညက မောင်အိပ်ခဲ့သော မွေ့ရာလေးကို
လက်နဲ့အသာအယာစမ်းသပ်မိနေသည်..

ရေတွေ..ရေတွေ...ဟုတ်သည်..မေ့လက်မှာရေတွေ......
မောင်ထိုင်သွားသောနေရာမှာ ရေတွေရှိနေတာကို
မေ စမ်းမိသည်.....ရောင်စုံအိပ်ရာခင်းလေးကို မပြီး
မွေ့ရာပေါ်ကိုကြည့်မိတော့လည်းလူတစ်ယောက်လဲလျောင်းသွားသည့်
ပုံစံ ရေကွက်တွေကို တွေ့ရသည်...

ဒါဆို..ဒါဆို မောင်ရောက်လာတာသေချာပြီပေါ့....
မေ့ဆီကို အားတင်းပြီးတော့ကို လာခဲ့တယ်ပေါ့နော်မောင်......
သေလွန်ပြီးတာတောင်မှ မေ့ကို ချစ်တုန်းတဲ့လား မောင်ရယ်...
ဒီလိုသာသိခဲ့မိရင် မောင့်ကိုဒီ့ထက်ပိုပြီး ထွေးပွေ့ထားခဲ့ရမှာ...
မောင့်ကိုဒီ့ထက်ပိုပြီး ကြင်နာပေးခဲ့ရမှာ..ခုတော့..ခုတော့လေ....
မောင့်အငွေ့အသက်တို့ နောက်ဆုံးတည်ရှိသွားသော အိပ်ရာပေါ်သို့
မေတစ်ယောက် မျက်နှာအပ်ကာ ရှိုက်ကြီးတငင် ငိုနေလေတော့သည်...

မောင်တစ်ယောက်နောက်ဆုံးအချိန် ဟိုးပင်လယ်အောက်ထဲမှာ
အရမ်းချမ်းနေလွန်း၍ထင်သည်..
အချမ်းပြေပျောက်စေရန် သူချစ်သော မေ့ရင်ခွင်မှာ
ခိုဝင်နားဖို့ ခေတ္တခဏ ရောက်လာခဲ့သေးသည်ကိုး..........

နှင်းငယ်

ဝန်ခံချက်..ဖတ်ဖူးသော စာတစ်ပုဒ်လား ကြားဖူးသော ပုံပြင်တစ်ပုဒ်လားတော့
သေချာမသိတော့ပါ...ယနေ့ည ခေါင်းထဲတွင် ထိုအကြောင်းအရာလေးတစ်ခု
ရောက်လာမိသဖြင့် ရေးမိခြင်းဖြစ်ပါသည်..

ထို့ကြောင့် သူ့ကို ချစ်သည်

ကျွန်မပေါင်ကို ခေါင်းအုံးကာ အိပ်နေသည့် သူ့ပုံစံလေးက
အပြစ်ကင်းလွန်းလှသည်...ကျွန်မထက်အသက်ငယ်ပေမဲ့
အရာရာမှာကျွန်မထက် ရင့်ကျက်နေတတ်သည့်သူက ယခုတော့
ပီဘိကလေးငယ်လေးတစ်ယောက်လို.....ကျယ်ပြန့်သည့်သူနဖူးလေးနှင့်
လှိုင်းတွန့်ဖြစ်နေသော သူ့ဆံပင်လေးတွေကို ကျွန်မလက်ကလေးနှင့်
အသာအယာပွတ်သပ်ပေးမိသည်...ဒီအထိအတွေ့တွေမှာ စွန်းထင်းသော
တဏှာဆိုတာ မပါ....အစ်မတစ်ယောက်က မောင်ငယ်လေးတစ်ယောက်ကို
ထွေးပွေ့ထားသလို...မိခင်တစ်ယောက်က သူချစ်သော သားငယ်လေးကို
ချော့သိပ်ပေးသလို....

သူနဲ့ကျွန်မ ရင်းနှီးခဲ့တာကြာပြီ...ကျွန်မစိတ်ညစ်တိုင်း သူ့ကိုအရင်ဆုံး
သတိရတတ်သည်..သူ့ကိုအမြဲတမ်းလည်းရင်ဖွင့်တတ်သည်...
အဲ့သလိုပဲ...သူကလည်းသူနဲ့ပတ်သတ်ခဲ့သောမိန်းကလေးများအကြောင်း
ကျွန်မကိုရင်ဖွင့်သည်...သူတွဲခဲ့သောမိန်းကလေးတိုင်းကို အချစ်စစ်
အချစ်မှန်နဲ့ချည်းချစ်ခဲ့သည်(သူ့အပြောပေါ့လေ) ဆိုသော်ငြား
ကောင်မလေးတိုင်းကတည်းတစ်ယောက်မဟုတ်တစ်ယောက်အမြဲ
သူ့ကိုပစ်သွားတတ်သည်..မှတ်မှတ်ရရ သူချစ်ခဲ့သောအချစ်ဦးနှင့်ပတ်သတ်ပြီး
သူငိုရသည်ဟုပြောခဲ့သည့် ညတစ်ည...ငိုနေမဲ့သူ့မျက်နှာကိုမြင်ယောင်ပြီး
ကျွန်မ စိတ်မကောင်းဖြစ်ခဲ့ရဖူးသည်...သူ့တစ်သက်တာတွင် ထိုကောင်မလေး
ကြောင့်ပဲ မျက်ရည်ကျခဲ့ဖူးသည်ဟုပြောပြတော့ အပြင်မှာကျွန်မ မမြင်ဖူးသော
ထိုကောင်မလေးကို အားကျမိသလိုလို...မနာလိုမိသလိုလို.....

သူ့ကောင်မလေးများအကြောင်းပြောလျှင် ကျွန်မကပြုံးရွှင်စွာနားထောင်
ပေးတတ်ပေမဲ့ ကျွန်မကောင်လေးများအကြောင်းပြောလျှင်တော့
သူ့မျက်နှာကသုန်မှုန်သွားတတ်သည်...ရည်းစားထားမည်ဟုများပြောလိုက်
လျှင်တော့ စိတ်တိုသည့်မျက်ဝန်းတွေနှင့် ကြည့်ခံရမည်မှာ အသေအချာပင်..
တစ်ခါတစ်ခါ ထိုမျက်ဝန်းမျိုးတွေနဲ့အကြည့်ခံလိုသဖြင့် တမင်လည်း
စနောက်ခဲ့ဖူးသည်...ထိုအခါမျိုးတွင်တော့ ကျွန်မရင်ထဲတွင် ပျော်ရွှင်သလိုလို..
ကြည်နူးသလိုလို..ဒါပေမဲ့ ထိုစိတ်မျိုးသည် သာယာသောစိတ်တော့မဟုတ်...

သွယ်သွယ်လျလျမရှိသည့် သူ့ညာဘက်လက်ကလေးကို ကျွန်မလက်နှစ်ဖက်နှင့်
အသာအယာကိုင်ထားမိသည်..ခြေချောင်းကလေး လက်ချောင်းကလေးများ
လှသော ယောက်ျားကလေးများကို ကျွန်မစိတ်ဝင်စားသည်..ထိုသွယ်လျနေသော
လက်ချောင်းခြေချောင်းလေးများကို ကိုင်ကြည့်ချင်တတ်သည်..
ယောက်ျားကလေးတစ်ယောက်ကိုကြည့်လျှင်ခြေဆံလက်ဆံကို အရင်
ကြည့်တတ်သည်မှာကျွန်မအကျင့်..ယခု ကျွန်မဆုပ်ကိုင်ထားသော
သူ့ညာဘက်လက်တစ်ဖက်သည် သွယ်လျမနေ...ကျွန်မနှစ်သက်သော
သေးသွယ်ရှည်လျားသည့် လက်ချောင်းများမဟုတ်ပေမဲ့ ထိုလက်များကိုမူ
ကျွန်မ နှစ်သက်မြတ်နိုးမိလေသည်...ထိုလက်တစ်စုံ၏ဆွဲခေါ်ရာနောက်မှာ
ကျွန်မဘ၀၏လုံခြုံမှုတစ်ခုကိုခံစားခဲ့ရဖူးသည်..ထို့ကြောင့်ထိုလက်တစ်စုံကို
ကျွန်မ နှစ်သက်မြတ်နိုးမိသည်..

လူတွေသည်အိပ်ပျော်နေလျှင်အပြစ်အကင်းဆုံးပဲတဲ့..ထိုစကားအတော်မှန်သည်..
အိပ်မောကျနေသော သူ့မျက်နှာလေးကို ခဏခဏငုံ့ကြည့်မိသည်...
ကျယ်ပြန့်သော သူ့နဖူးပြင်လေးကို ခိုးခိုးနမ်းမိသည်မှာလည်းအကြိမ်ကြိမ်..
ကျွန်မငုံ့နမ်းလိုက်တိုင်း ကျွန်မဆံပင်တွေကသူ့မျက်နှာပေါ်အုပ်မိုးမိပြီး
လန့်နိုးသွားမည့်အဖြစ်ကိုတော့ ကျွန်မ မလိုလား...ဘာမဆိုင်ညာမဆိုင်
ခေါင်းစည်းကြိုးမယူခဲ့မိသည့်ကိုယ့်ကိုကိုယ်ပင် အပြစ်တင်မိသေး...

ကျွန်မသူ့ကိုချစ်သည်...ကမ္ဘာပေါ်တွင် ကိုယ်အခင်တွယ်ရဆုံးသူစိမ်း
ယောက်ျားသားနှစ်ဦးထဲမှာ သူသည်လည်းတစ်ယောက်အပါအ၀င်..
ကိုယ့်ဆီက ဘာမှရယူလိုစိတ်..(ရိုင်းစိုင်းသည့်အသုံးအနှုန်းနှင့်ပြောရ
လျှင် ကိုယ့်ကိုတပ်မက်တဲ့စိတ် ) တစ်စက်မှမရှိဘဲနဲ့ ကိုယ့်ကို ကာကွယ်ပေးတာ
မြင်ရတော့ သူနှင့်ဆုံတွေ့ခွင့်ပေးခဲ့သည့် ကံကြမ္မာကို ကျေးဇူးတင်မိသည်..
တစ်ခါတစ်ခါ သူပေးသည့်လုံခြုံမှုတွေကို တစ်သက်လုံး လိုချင်နေမှာစိုးသဖြင့်
သူ့ဘေးနားကထွက်ခါဖို့ကြိုးစားသည်မှာလည်း အကြိမ်ကြိမ်.....
ခုချိန်ထိတော့မအောင်မြင်သေး....

ဒါပေမဲ့သူနှင့်ကျွန်မကြားမှာ ကွာဟချက်တစ်ခုရှိသည်...
သူက ပြောမှ...ဖွင့်ဟတောင်းဆိုမှ ပေးတတ်သူ..
ကျွန်မက ကိုယ့်ဘက်ကဖွင့်ဟပြောဆိုမှတစ်ဖက်က ပေးလာတာကို မလိုချင်သူ...
တစ်ခုကိုတော့ယခုအချိန်ထိ တစ်ကိုယ်တည်းတွေးတောကာအဖြေရှာနေမိဆဲ..
ကျွန်မရင်ဘတ်ထဲမှာ..သူ့ကိုတန်ဖိုးထားပြီးချစ်သလောက် သူ့ရင်ထဲမှာရော
ကျွန်မက ဘယ်အတိုင်းအတာထိရှိသလဲ...
ထိုမေးခွန်းကိုတော့ မေးချင်မိသည်...အဖြေရှိမည့်မေးခွန်းလား...
အဖြေရှိပြီးထိုအဖြေကိုကြားခွင့်မရှိသည့် မေးခွန်းမျိုးလား...
မဖြေတတ်ဘူးဟုဆိုလျှင်တော့ ကျွန်မကိုချွေးသိပ်ထားမည့်
မေးခွန်းမျိုးဖြစ်လေသည်...

ရင်ဘတ်ကြယ်သီးတွေဖြုတ်ကာအိပ်နေသောသူ့ကို အအေးမိမှာစိုးသဖြင့်
အကျီင်္ကိုပြန်စေ့ပေးထားလိုက်သည်...အိပ်ပျော်နေတာမှ နှစ်နှစ်ခြိုက်ခြိုက်...
ကျွန်မထက်လူကောင်သေးလျှင် ကလေးငယ်များပွေ့သလို ပွေ့ထားလိုက်ချင်သည်..
နွေးထွေးစွာလည်းဖက်ထားချင်သည်...
တစ်ခါတစ်ခါတွေးတောဖူးသည်..ကိုယ့်အချစ်တွေများအရောင်စွန်းထင်း
နေသလား...အဲ့လိုတွေးလိုက်မိတိုင်း သူနှင့်ချစ်သူဘ၀ဆိုတာကို
စိတ်ကူးယဉ်ကြည့်ဘူးသည်...အဲ့လိုကျလည်း ၁၅၀၀ လို ချစ်လို့မရ...
၅၂၈ က လားဆိုတော့လည် မကဖူးဟုထင်မိသည်...
ကိုယ့်အတ္တက များ ကိုယ့်အချစ်တွေကိုအရောင်ပြောင်းလဲပစ်ခဲ့လေသလား..
ယောက်ျားသားများရဲ့နှိမ်တဲ့အကြည့်တစ်ချို့...မြေနိမ့်ရာလှံစိုက်တတ်သည့်
အပြုအမူတစ်ချို့..ကိုယ့်သိက္ခာပိုင်းကိုနင်းသည့် ကိစ္စရပ်တစ်ချို့...
ထိုထိုသောကိစ္စရပ်မျိုးနှင့်ရင်ဆိုင်ရသည့်အခါ..ဒါဟာကျွန်မချစ်သူပါ
ဆိုပြီး သူ့လက်မောင်းကိုချိတ်ကာလူပုံအလယ်မှာ သွားပြချင်ခဲ့ဖူးသည်..
ဒီလိုဆို ကျွန်မဟာသိပ်အတ္တကြီးတဲ့ လူသားတစ်ယောက်ဖြစ်နေမှာပေါ့..
ကိုယ့်ဘ၀လုံခြုံမှုအတွက် သူ့သိက္ခပိုင်းကို နင်းသလိုဖြစ်နေမှာပေါ့...
အရာရာမှာ ချွတ်ယွင်းချက်တွေနှင့် ကျွန်မလိုမိန်းမသားတစ်ယောက်နဲ့
သူတွဲသွားရတဲ့အတွက် သူ့ဂုဏ်သိက္ခာဆိုတာ ကျမှာပေါ့....
ကျွန်မဟာအတော်အတ္တကြီးတဲ့ မိန်းမတစ်ယောက်ဖြစ်နေခဲ့တာပေါ့..
အဲ့လိုတွေ တွေးလိုက်မိတိုင်း ကျွန်မ ဦးခေါင်းတစ်ခုလုံးဟာ ချာချာလည်လို့...

ကျွန်မသူ့ကိုနွေးထွေးစွာ ပွေ့ဖက်သလို သူ့ဆီကလည်း အပွေ့အဖက်တစ်ချို့
ပြန်လိုချင်သည်..ကျွန်မသူ့ကို ကြင်နာစွာ နမ်းသလို သူ့ဆီက
အနမ်းတစ်ချို့ကိုလည်း တောင်းတမိဖူးသည်...ကျွန်မသူ့ကိုချစ်သလို
သူ့ဆီက အချစ်အပိုင်းအစလေးများကိုလည်း မက်မောဖူးသည်..
ဘယ်လိုအချစ်မျိုးနဲ့ ချစ်သလဲ သေချာမသိပေမဲ့..
သေချာတာတစ်ခုကတော့ ကျွန်မသူ့ကိုချစ်သည်......

နှင်းငယ်

အိပ်မက်

ဒီနေရာ...ဒီနေရာ တစ်ခုကိုပဲ ကျွန်မ ရောက်လာပြန်ပြီ....
မျက်လုံးတို့ကိုဝေ့၀ိုက်ကာကြည့်လိုက်တော့ ဒီသစ်ပင်..ဒီတောအုပ်..
ဒီတောင်တန်းနှင့် တစ်လမ်းတည်းသာရှိသော မြေနီလမ်းသွယ်တစ်ခု...
ဒီလမ်းအတိုင်းရှေ့ဆက်သွားလျှင် ရှေ့မှာ ဘာတွေရှိနေမည်ကို ကျွန်မသိသည်..
ဘာဖြစ်လို့လဲဆိုတော့ ဒီလမ်းကို ဒီခြေထောက်နဲ့ပဲ အကြိမ်ကြိမ်အခါခါ
လျှောက်ခဲ့ဖူးသောကြောင့်ပင်...ပတ်ဝန်းကျင်သည် အရင်တစ်ခေါက်က ရောက်ခဲ့သည့်
နည်းတူ မပြောင်းလဲ...ဒီနေရာကို ရောက်ခဲ့သည့်အကြိမ်အရေအတွက်
များလွန်းသည့်အတွက် ဘယ်နေရာမှာဘာရှိနေသည်ကို အလွတ်ပင်ရနေလေပြီ...
တိတ်ဆိတ်လွန်းသော ထိုနေရာနှင့် ကျွန်မသည် ဘယ်လိုအဆက်အစပ်ရှိသလဲ
ကျွန်မ မသိ...အမျိုးအမည်မသိ..အကောင်အထည်မရှိ..မျက်စိနှင့်မမြင်ရသော
တစ်စုံတစ်ခု၏ဆွဲဆောင်ဖြားယောင်းမှုကြောင့်တော့ ကျွန်မ ဒီနေရာကို
ရောက်ခဲ့ရလေသည်....
ထိုတစ်စုံတစ်ခုသည် ကျွန်မ၏ထိန်းချုပ်နိုင်သော စိတ်အစုံကို လွှမ်းမိုးထားသည်..
ထိုတောအုပ်ထဲသို့ရောက်သွားလျှင် ကျွန်မစိတ်ကို ကျွန်မ မပိုင်တော့...
ထိုတစ်စုံတစ်ခုက သိမ်းပိုက်ထားသည်..ထိုသူ၏အမိန့်ကို ကျွန်မ နာခံရသည်...
ဦးနှောက်ရော နှလုံးသားရော နည်းနည်းလေးမှ လွန်ဆန်နိုင်စွမ်းမရှိအောင်
ထိုအရာက ကျွန်မကို ညှို့ငင်ထားလေသည်...ထိုသူပေးသောအမိန့်သည်
အသံနှင့်မဟုတ်...အမြင်နှင့်လည်းမဟုတ်.သူ့နှလုံးသားတစ်စုံကနေ
ကျွန်မနှလုံးသားတစ်စုံဆီသို့ တိုက်ရိုက်ဆက်သွယ်ထားကာ အမိန့်ပေးသည့်သဘော..

မင်း..လမ်းလျှောက်တော့လေ....

ဟော..ထိုသူ အမိန့်ပေးနေပြီ...ကျွန်မ ပတ်ဝန်းကျင်မှာ ဘာမှမရှိ...ဘာသံမှလည်း
မကြားရ..ထိုသူက သူ၏မနောဖြင့် ကျွန်မကိုအမိန့်ပေးသည်..လွန်ဆန်ခြင်းငှာ
ကျွန်မ မစွမ်းသာ...ထိုသူ၏အမိန့်ကိုနာခံရခြင်းသည် အတင်းအဓမ္မစေခိုင်းခြင်း
ကြောင့်နားထောင်မိခြင်းလည်းမဟုတ်..ရင်ထဲ နှလုံးသားထဲ အသွေးအသားထဲကနေ၍
ကျေနပ်စွာ အမိန့်နာခံသည့်သဘော....ဒါပေမဲ့...

ဟင့်အင်း..ဟင့်အင်း..ကျွန်မ မသွားပါရစေနဲ့..လမ်းဆုံးရင်ဘာရှိသလဲဆိုတာ
ကျွန်မသိတယ်...ကျွန်မ မသွားပါရစေနဲ့......

နွမ်းလျတိုးတိတ်စွာ ကျွန်မငြင်းဆန်မိသည်...ထိုငြင်းဆန်မှုသည်
ကျွန်မအတွက်အချည်းနှီးဖြစ်မည်မှန်းလည်း ကျွန်မသိသည်...
အကြိမ်ကြိမ်အခါခါ ငြင်းဆန်ခဲ့ဖူးသောစကားတစ်ခွန်းကိုပင်ကျွန်မထပ်ပြောမိသည်..
ဒါပေမဲ့ကျွန်မခြေလှမ်းတွေရဲ့ဦးတည်ရာတော့ ရှေ့တူရူသို့....
ဖြေးညင်းစွာလမ်းလျှောက်ခဲ့သည်...မမြင်ရသော ထိုတစ်စုံတစ်ခု
ကျွန်မဘေးမှာကပ်ပါနေသည်ကို ကျွန်မ စိတ်ထဲက ခံစားမိသည်....
ကြောက်ရွံ့မှုအလျင်းမရှိသော စိတ်တို့ဖြင့် ခြေလှမ်းတွေက တစ်လှမ်းခြင်း..

တိတ်ဆိတ်မှုတို့ ပိုမိုလွှမ်းခြုံလာသည်..ကျွန်မလျှောက်လှမ်းလာခဲ့သော
မြေနီလမ်းကလေးသည် ကျောက်သားလမ်းကလေးအဖြစ်သို့
ပြောင်းလဲလာခဲ့ပြီ..ကျွန်မကြောက်သော ထိုနေရာသို့ မကြာခင်
ရောက်ရှိတော့မည်...လျှောက်လှမ်းနေသော ထိုခြေလှမ်းတို့ကို
ရပ်ပစ်ရန် စဉ်းစားမိပေမဲ့..ဘေးနားမှာ ကပ်ကာ ဆက်လျှောက်လှမ်းရန်
ပြောနေသော ထိုသူ၏အမိန့်ကြောင့်..............

ကွင်းပြင်ဖြစ်နေသော ကျောက်စိုင်ကျောက်သားအကြီးကြီးပေါ်မှာ
ကျွန်မ မတ်တပ်ရပ်နေသည်...
ကျွန်မဘေးပတ်ပတ်လည်တွင် လက်ကိုင်ကာအားပြုစရာဆိုလို့
လေထု တစ်ခုသာရှိသည်....ဘာဖြစ်မည်ကိုသိနေသော ကြောက်စိတ်တစ်ခု..
ထိုကြောက်စိတ်ကို အားယူလျက်ကရှေ့သို့ ဖြည်းဖြည်းခြင်းတိုးသွားမိသည်...
ကျွန်မ၏ နီကြင်ကြင်အရောင်ရှိသော ဆံနွယ်တွေနှင့်
ဖြူလွလွ အကျီ၏ အနားစတို့သည် လေထဲတွင် ၀ဲပျံလျက်...
လက်နှစ်ဖက်ကို ဆန့်တန်းကာ ထိုကျောက်ဆောင်ပေါ်တွင်
လေဆန်ကို အံတုလျက် တစ်လှမ်းခြင်း တစ်လှမ်းခြင်း.........

ရှေ့မှာ..ရှေ့မှာ..ချောက်ကြီးတစ်ခု....တစ်စုံတစ်ရာဆီတွင်
ရောက်ရှိနေသော ကျွန်မ၏စိတ်တို့ကို ပြန်စုစည်းပြီး
ကိုယ့်ကိုကိုယ်အမိန့်ပေးသည်...
အောက်ကို ငုံ့မကြည့်နဲ့...မင်းအောက်ကို ငုံ့မကြည့်စေနဲ့..
မင်းအောက်ကိုငုံ့ကြည့်ရင် ဘာဖြစ်မယ်ဆိုတာ မင်းသိတယ်..
မင်းလုံးဝမကြည့်နဲ့နော်....

ထိုအချိန်သည် ကျွန်မ အတွက်အပင်ပန်းအခက်ခဲဆုံးအချိန်...
ထိုသူ၏ ဆန္ဒတွေကို တွန်းဖယ်ရုန်းကန်ရန် ကြိုးစားရသော
ကျွန်မ၏ စိတ်တွေသည် အလွန်ပင်ပန်းလွန်းလှသည်...
မကြည့်နဲ့ဟုအားတင်းရင်းကနေပဲ ကျွန်မ ချောက်ကြီးအောက်သို့
ငုံ့ကြည့်မိသည်...ဘာဖြစ်မည်ကို ကြိုသိနေသော ကျွန်မစိတ်တို့သည်
တကယ်တမ်း ထိုအရာကိုရင်ဆိုင်လာရသောအခါ အရမ်းကြီးမတုန်လှုပ်မိတော့..

တောက်လျှောက်အမိန့်ပေးလာသော ထိုတစ်စုံတစ်ရာက
ချောက်အစွန်းမှာနေ့သော ကျွန်မကို နောက်ကျောဘက်မှနေ၍
တွန်းချလိုက်သည်....မျက်လုံးစုံမှိတ်လျက်က လေဟာနယ်ထဲသို့
ကျွန်မ ထိုးဆင်းသွားသည်.....
အကြိမ်ကြိမ်ထိုချောက်ထဲသို့ ယခုလို တွန်းချခြင်းကို ခံခဲ့ရသော်လည်း
ထိုချောက်၏ အောက်ခြေဆီကိုတော့ ဘယ်သောအခါမှ မရောက်ဖူးခဲ့ပါ...
လေဟာနယ်ထဲတွင် အကာအကွယ်မရှိ လွတ်လပ်စွာ စီးဆင်းရသော
ခံစားမှုသည် ထူးဆန်းပေစွ...အရာအားလုံးသည် လွင့်ပျံလျက်...
မျက်လုံးကိုဖြေးညှင်းစွာ ဖွင့်ကြည့်လိုက်မိတော့ ထိုသူသည်
ကျောက်တောင်စွန်းမှနေကာ ကျွန်မကိုငုံ့ကြည့်နေသည်...
လက်တစ်ဖက်ကို ကျွန်မ ယမ်းယောင်ကာ ကမ်းပေးလိုက်တော့
ထိုသူပျောက်ကွယ်သွားသည်......
.................................................................................
ကျွန်မ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားသွားလျက် ကျွန်မ အိပ်ရာမှ
လန့်နိုးလာခဲ့ပြီ....ဘယ်ဘက်ရင်အုံဘက်မှာ သိုဝှက်စွာ တည်ရှိနေသော
နှလုံးသားတို့မောပန်းစွာ ခုန်နေသံကို တိတ်ဆိတ်သော ညသန်းခေါင်ယံမှာ
အတိုင်းသားကြားနေရသည်..မည်းမှောင်ကာ တိတ်ဆိတ်နေသော
ကျွန်မ ဘေးမှာ အမြဲတမ်းကျွန်မကိုအဖော်ပြုနေသော ရေသန့်ဘူးကလေး
ကတော့ အိပ်မောကျလျက်.......
.....................................................................................

အိပ်မက်..ဒါဟာအိပ်မက်တစ်ခု...ဘာဖြစ်မည်ကို အမြဲတမ်းကြိုသိနေသော
အိပ်မက်တစ်ခု...ချောက်ထဲမကျအောင် ဘယ်လိုပင်ငြင်းဆန်ပါသော်လည်း
မအောင်မြင်နိုင်သေးသော အိပ်မက်တစ်ခု....ချောက်ကြီး၏အောက်ခြေတွင်
ဘာရှိမည်ကိုသိချင်သောစိတ်ဖြင့် အိပ်ပျော်နေရာမှ မနိုးအောင် ကြိုးစားသော်လည်း
မရသော အိပ်မက်တစ်ခု.....
....................................................................................

ဟုတ်သည်..ဒါကျွန်မအမြဲတမ်းမက်နေခဲ့သော..မက်နေဆဲဖြစ်သော...
နောင်လည်း မက်နေမည်ဖြစ်သော ကျွန်မ၏ ခြောက်ခြားဖွယ်
အိပ်မက်တစ်ခု...............

နှင်းငယ်
4.9.2013 Wed,10:23pm

ဆာလောင်မှုမရှိသာ ထိုနေ့

"ဆရာရယ်..ဖြစ်နိုင်ရင်နောက်တစ်ခါလာပြဖို့ရက်ချိန်းကိုနှစ်ပတ်လောက်နေမှခွာချိန်းပေးပါလား..
ကျွန်မခရီးစရိတ်မတတ်နိုင်လို့ပါ...."

ကြားလိုက်ရသောစကားသံကြောင့်ကျွန်မအသံလာရာသို့လှမ်းကြည့်လိုက်မိသည်.
လူပုံပိန်ပိန်ပါးပါး အ၀တ်အစားခပ်နွမ်းနွမ်း ဆံပင်များကိုတော့အပြောင်ဖီးသင်လျက်..
ရာဘာဖိနပ်နောက်ပိတ်မရှိတော့သော.. လောကဓံကြောင့်အသက်မည်မျှရှိမည်ကို
မခန့်မှန်းနိုင်သော အမျိုးသမီးတစ်ယောက်....
ထိုအမျိုးသမီးကိုကြည့်ရသည်မှာ အာဟာရပြည့်စုံဟန်မတူ...လက်များကပိန်လှီလျက်..
မျက်နှာမှာသိသာစွာချောင်ကျလျက်..လောကရဲ့အထုအထောင်းကိုဘယ်လောက်ထိခံခဲ့ရသည်မသိ..
ခြေထောက်တွေလက်တွေမှာအသားမာတွေဗရပွနဲ့...ဒါပေမဲ့သူ့မျက်လုံး..သူ့မျက်လုံးတွေကတော့
သိပ်တောက်ပလွန်းသည်...နင်လားဟဲ့လောကဓံဟု စိန်ခေါ်နေသည့် မျက်လုံးမျိုး....

ထိုအမျိုးသမီးကိုစိတ်ဝင်စားသဖြင့်ကျွန်မသူ့အနားတိုးကပ်ပြီးသွားကြည့်မိသည်.
ဘာရောဂါများဖြစ်သလဲ..ဒီနေ့တွက်သူ့ကိုဘာကုသပေးသလဲပေါ့...
ဖြစ်တဲ့ရောဂါကမေးရိုးကျိုးတာ...ကျွန်မတို့ဆီမှာမေးရိုးကျိုးလူနာတွေပေါသည်..
များသောအားဖြင့်ကတော့ဆိုင်ကယ်တိုက်မိလို့ကျိုးတာ..ရန်ဖြစ်လို့ကျိုးတာ..စသည်ဖြင့်ပေါ့..
မေးရိုးကျိုးတယ်ဆိုတာ တကယ်တော့တစ်ခြားအရိုးကျိုးသလိုပါပဲ..မတူတာတစ်ခုကတော့
တစ်ခြား လက် ခြေအရိုးကျိုးရင်ကျောက်ပတ်တီးကိုင်ရသလိုပဲ..မေးရိုးကျိုးတာကိုလည်း
(ထုံဆေး လိုအပ်ရင်မေ့ဆေးသုံးပြီး)ကျိုးလို့လွဲသွားတဲ့မေးရိုးကိုခွဲခန်းထဲမှာပြန်တည့်..
တည့်ထားတဲ့အရိုးကိုမလှုပ်အောင်အပေါ်အောက်သွားကြားထဲကနေနန်းကြိုးတွေထည့်ပြီးတုပ်ပေါ့..
.ဒီလိုကုသမှုခံနေတုန်းလူနာရှင်က အားရှိတဲ့အရည်ပဲသောက်ရတာပါ..
ဘာမှလည်းစားလို့မှမရပဲကို......တစ်လခွဲရှိရင်ဆရာဝန်ကပြန်ကြည့်..နန်းကြိုးကိုဖြုတ်သင့်ရင်ဖြုတ်..
မေးရိုးမဆက်သေးဘူးထင်ရင်လည်းဆက်ထား..ပြီးရင်တစ်ပတ်တစ်ခါ..တစ်လတစ်ခါခေါ်ကြည့်ပေါ့...

ဒီအမျိုးသမီးကအဲ့လိုမေးရိုးကျိုးလို့ပြန်ဆက်ပြီး နန်းကြိုးတွေဖြေတဲ့နေ့ပေါ့....
ဆရာကနက်ဖြန်တစ်ရက်ပြန်လာပြပြီး နောက်တစ်ပတ်ပြခိုင်းတဲ့အချိန် သူ့ဘက်ကခရီးစရိတ်မတတ်နိုင်လို့
နှစ်ပတ်ခြားမှ ပြန်လာလို့မရဘူးလား မေးနေတာပါ...

ကျွန်မသူ့အနားကိုတိုးကပ်သွားပြီး စပ်စုတတ်သူတစ်ယောက်ပီပီမေးလိုက်မိတယ်..

"အမ ဘယ်ကလာတာလဲ အသက်ကရောဘယ်လောက်ရှိပြီလဲ.."

"ဆရာမရယ်..ကျွန်မက မကွေးတိုင်းဘက်ကရွာကလာတာပါ..၂၆နှစ်ရှိပါပြီ.."

 ၂၆ နှစ်..၂၆နှစ်ဆိုပါ့လား..ကျွန်မထက်တစ်နှစ်ပဲကြီးတာပဲ..ကြည့်စမ်း..
၂၆နှစ်ဆိုတဲ့ရုပ်က ဘာလို့များအဲ့လောက်အိုဇာရတာပါလိမ့်...

"အမ မေးရိုးကျိုးတာကဘာဖြစ်လို့လဲ..ဆိုင်ကယ်တိုက်မိလို့လား.."

"မဟုတ်ပါဘူးဆရာမရယ်..ယောက်ျားကထိုးလို့ မေးရိုးကျိုးတာပါ...
ကျွန်မမှာ သားသမီးသုံးယောက်ရှိပါတယ်..ကျွန်မကအမှိုက်ပုံတွေကနေ အမှိုက်ကောက်တာပါ..
ယောက်ျားကမြင်းလှည်းမောင်းတာ..ကလေးတွေနဲ့ကျွန်မကိုကျ ရှာမကျွေးဘဲမယားငယ်ကျယူထားတယ်..
ယူတာကယူပါစေ..ကျွန်မကပြတ်ပြီးသား..ဒီကလေးသုံးယောက်ကို သူရှာမကျွေးလဲ ကျွန်မရှာကျွေးနိုင်တယ်..
ရန်ဖြစ်ရတာက ညညမူးလာပြီဆို (ကန်တော့ပါရဲ့ဆရာမရယ်)..ကျွန်မကိုလုံချည်လာလာလှန်တယ်..
ကျွန်မကရွံလွန်းလို့ သူ့ကိုငြင်းဆန်မိရာကနေ ကျွန်မကိုဆွဲထိုးတော့တာပါပဲ ဆရာမရယ်"...
"ဖြစ်မှဖြစ်ရလေအမရယ်...နောက်တစ်ခါအဲ့ယောက်ျားလာရင်လည်းမပေါင်းနဲ့သိလားအမ..
အမကိုနှိပ်စက်ဦးမှာပဲ"..မနေနိုင်စွာ ကျွန်မ မ၀င်သင့်သောကြားတစ်ကြားသို့ဝင်လိုက်မိလေသည်...

"မပေါင်းပါဘူးဆရာမရယ်..ခုလည်းကျွန်မကဒီလိုဖြစ်တော့အကြီးနှစ်ယောက်ကိုရပ်ကွက်ကကျွေးမွေးထားပေးတာ..
အငယ်လေးကလည်းခုမှနှစ်လရှိသေးတယ်..၀မ်းလျှောလို့ဆေးရုံမှာ..ညညတွေမအိပ်ရတာကိုတော်တော်ကြာပြီ
ဆရာမရယ်"..

"ကလေးကဘာဖြစ်လို့ဆေးရုံတက်နေရတာလဲအမရဲ့"..

"ကျွန်မကအစာရေစာမပြည့်ဝတော့နို့မထွက်ဘူးလေ..ဒီတော့တစ်ရာတန်နို့်မှုန့်လေးတစ်ထုပ်ဝယ်..
ကလေးကိုအရင်တိုက်..ကျွန်မက သူကျန်တဲ့နို့လေး ဆက်သောက်ပေါ့...နို့မှုန့်မကောင်းတာတွေတိုက်မိလို့လားမသိဘူး
ကလေးက၀မ်းလျှောလိုက်တာဆရာမရယ်..ဆေးရုံရောက်လို့အသက်မှီတာကံကောင်း"...

ထိုအမျိုးသမီးစကားတွေနားထောင်ရင်း ကျွန်မ သက်ပြင်းချမိသည်..ဘ၀တွေ.ဘ၀တွေ..
ဘ၀တွေဘာလို့များဒီလောက်ခြားနားရပါလိမ့်....

"အမဒီကရှေ့လျှောက်အစာ၀၀စားနော်..သိလား...အမအသက်ရှင်နေမှအမသားသမီးလေးတွေ
အသက်ရှင်မှာ"...

ပြောမဲ့သာပြောလိုက်ရသည်..အမှိုက်ပုံနားနေသူအဖို့ အမှိုက်ကောက်ရသူအဖို့ ဘယ်မှာအစာကောင်းကောင်း
စားနိုင်မည်နည်း...

"အမခုရောလက်ထဲဘယ်လောက်ပါလာလဲ...အပြန်ခရီးစရိတ်ရော ရှိရဲ့လား"..

"လက်ထဲတော့ ခုနစ်ထောင့်ငါးရာလောက်ရှိပါသေးတယ်..ကားခက လေးထောင့်ငါးရာ..နှစ်ပတ်စာတွက်

ဆေးဝယ်ရမှာက နှစ်ထောင်လောက်ကျမယ်ဆိုတော့ လက်ထဲတစ်ထောင်တော့ကျန်ပါသေးတယ်..
နေ့လည်စာတွက်ဆန်ပြုတ်တစ်ရာတန်တစ်ပွဲဆို ကျွန်မက ၀ပါပြီ"...

ဆန်ပြုတ်တစ်ရာတန်တစ်ပွဲတဲ့..ပုံမှန်ပြောလိုက်သောစကားသံဆိုပေမဲ့နားထောင်လိုက်ရသူကျွန်မအဖို့
ရင်ဝကိုစီးကန်လိုက်သလိုပါပဲ...ကျွန်မအတွက်တစ်ထောင်ဆိုတာအသေးသုံးပေမဲ့ ထိုအမျိုးသမီးအဖို့တော့
နှစ်ရက်သုံးရက်စာ ထမင်းဖိုးပါလား...ကျွန်မခေါင်းကိုအပူတပြင်းအလုပ်ပေးမိသည်...
သူ့ကိုငါဘာကူညီရပါ့မလဲ...ကျွန်မအိတ်ထဲဒီနေ့ပိုက်ဆံသိပ်ပါမလာ..ငါးထောင်ပဲပါသည်...
ဘာများပေးရမလဲ..အိမ်မှာဆိုလျှင်တော့ကျွန်မမ၀တ်တော့သော အ၀တ်အစားဟောင်းများပေးမိမည်..
အိမ်မှာရှိသော မုန့်များပေးမိမည်..ခုတော့ဆေးရုံမှာဆိုတော့..ဒီနေ့မှပိုက်ဆံများများထည့်မလာသော
ကျွန်မကိုယ်ကျွန်မအပြစ်တင်မိသည်..အမှန်ကတော့ထည့်မလာတာမဟုတ်..လကုန်ခါနီးဆိုတော့လည်းကျွန်မလက်ထဲ
သုံးစရာပိုက်ဆံသိပ်မရှိတော့...ဒါနဲ့ခေါင်းကလည်းစဉ်းစားတွက်ချက်ရင်းလူက အိတ်တွေထည့်ထားရာ လော့ကာ နား
သွားပြီးပိုက်ဆံထုတ်မိသည်..အော်.လော့ကာထဲမှာကော်ဖီမစ်ထုတ်တွေပါလား..ဟိုနေ့ကလူနာပေးသွားတဲ့
ကော်ဖီမစ်ဆယ်ထုတ်လောက်ရှိသည်...အိပ်ချင်ရင်သောက်ရအောင်ကျွန်မလော့ကာထဲထည့်ထားခဲ့တာ..
ဒီကော်ဖီမစ်အားလုံးကိုအိတ်ကလေးနဲ့ထုပ်...ပြီးတော့လက်ထဲရှိတဲ့ငါးထောင်ထဲကနေသုံးထောင်ကိုထုတ်ပြီး
ထိုအမျိုးသမီးကိုပေးလိုက်သည်..

"အမရော့...ကျွန်မမှာလည်းဒါပဲရှိလို့...ကော်ဖီမစ်ကတစ်ခြားအိုဗာတင်းမိုင်လိုတို့လောက်တော့အားမဖြစ်ဘူးပေါ့ဗျာ..
ဒါပေမဲ့သောက်စရာမရှိတာထက်စာရင် ကော်ဖီသောက်စရာရှိတာက ပိုကောင်းလားလို့ပါ..ပြီးတော့ဒါကခရီးစရိတ်သုံးထောင်..
အမအားရှိတာဝယ်စားးးနွားနို့တွေဘာတွေဝယ်သောက်..သိလားအမ"..

ကျွန်မသူ့လက်တစ်ဖက်ကိုဆုပ်ကိုင်ရင်းပေးလိုက်တော့ ခုနကတောက်ပနေသောမျက်ဝန်းတွေ
ချက်ချင်းမျက်ရည်လည်လာသည်..သူ့ကိုကုသပေးနေသောထိုင်ခုံပေါ်ကချက်ခြင်းဆင်းထိုင်ချပြီး
ကျွန်မကိုကန်တော့သည်..မထင်မှတ်ထားသောအပြုအမူကြောင့်ကျွန်မဘာလုပ်ရမှန်းမသိ...
ပြီးမှအသက်ဝင်လာပြီးကျွန်မပါသူနဲ့တူတူထိုင်ချလျက်..

"မကန်တော့ပါနဲ့အမရယ်..ကျွန်မက အမထက်အသက်ငယ်ပါတယ်..ကျွန်မငရဲတွေကြီးကုန်ပါ့မယ်...
မလုပ်ပါနဲ"့...ပြောပြာဆိုဆိုနဲ့ကျွန်မသူ့လက်ကိုအတင်းဆွဲထူထခိုင်းလိုက်တော့..
သူ့မျက်နှာမှာမျက်ရည်တွေနဲ့ပါလား......
...............................................................................................................................
ထိုနေ့ကဆေးရုံမှအပြန်လမ်းတစ်လျှောက်လုံးကျွန်မစိတ်တွေပေါ့ပါးနေသည်...
ဘာကိုပဲမြင်လိုက်မြင်လိုက် မြင်သမျှအရာအားလုံးကလှပနေသည်....
ကျွန်မပြုလိုက်သောကုသိုလ်လေးတစ်ခု...တကယ်ပြောရလျှင်ဘာမှပြောပလောက်တာမဟုတ်သောကုသိုလ်လေးတစ်ခု..
ဒီကုသိုလ်လေးကိုပဲ တွေးရင်းတွေးရင်းကျွန်မပီတိဖြစ်မိသည်...
...........................................................................................................................
ထိုနေ့ကကျွန်မ ထမင်းစားမကောင်းပါ..
ဟင်းမကောင်း၍မဟုတ်...
ပီတိကိုစားနေသဖြင့် ဆာလောင်မှု မရှိ ခြင်းမျှသာ........

(ဟန်နာ စနိုး)

ချစ်မိသည့် ထိုခဏ

"ကိုကို...ကိုကို သဲလေးကိုချစ်လားဟင်"...

ကျနော့်ရင်ခွင်ထဲတွင်ခေါင်းလေးမှီလျက်အနေအထားနှင့် မျက်လုံးလေးအပေါ်သို့ဝင်ကြည့်ကာ
မေးလိုက်သံကိုကြားလိုက်ရသည်....

"ချစ်တာပေါ့..သည်းလေးရယ်..ချစ်လို့ပဲ ကိုကိုခု သဲလေးနား နေနေတာပဲမလား"..

"ဟုတ်လို့လားကိုကိုရယ်...ကိုကိုကနောက်နှစ်ဆို ဆရာဝန်ဖြစ်တော့မဲ့ ဆေးကျောင်းသား
တစ်ယောက်...သဲလေးကဘာပညာမှလည်းမတတ်ဘူး..
အဆိုးဆုံးကတော့ သဲလေးက အရက်ဆိုင်ကစင်မြင့်ထက်မှာယောက်ျားသားတွေကို
သီဆိုဖျော်ဖြေရတဲ့ အဆိုတော်
တကယ်တော့သဲလေးနဲ့ ကိုကို့ဘ၀ကမိုးနဲ့မြေကြီးလိုကွာခြားပါတယ် ကိုကိုရယ်".....

"တော်တော့..သဲလေး..ဆက်မပြောနဲ့တော့..ကိုကိုမကြားချင်ဆုံးကဒီစကားတွေပဲ..
ကိုကို သဲလေးကိုချစ်တယ်...သဲလေးကိုလည်းယုံတယ်......ကိုကိုဆရာဝန်ဖြစ်ရင်
သဲလေးကိုပဲယူမယ်....သဲလေးအဆိုတော်လုပ်တယ်ဆိုတာကလည်းသဲလေး
မိသားစုအရလုပ်တယ်ဆိုတာ ကိုကိုသိပြီးသား...ပြီးတော့ဒီလိုအဆိုတော်ဖြစ်လို့လည်း
သဲလေးနဲ့ကိုကို လာတွေ့ရတာပဲလေ...အိုကွာ...သဲလေးဆီက၀မ်းနည်းတဲ့စကားသံတွေ
ဘာဆိုဘာမှကိုမကြားချင်တာ...တော်ပြီနော်..ကိုကိုတို့ရဲ့တန်ဖိုးရှိလှတဲ့ အချိန်လေးတွေကို
ဒီလိုမဖြုန်းပစ်ကြစို့နဲ့"....
ဟုပြောလျက် ရင်ခွင်ထဲတွင်ကနွဲ့ကလျလေးမှီနေသော သဲလေးကို တအားဖက်ထားလိုက်
မိလေသည်...
.........................................................................................................
ဘီယာဆိုင်တွင်သီချင်းဆိုသောကောင်မလေးနဲ့ ဘီယာလာသောက်တတ်သော
ကျနော်တို့ ချစ်ခင်မိခြင်းကတော့ထူးဆန်းမည်မထင်ပါ။
မထူးဆန်းသည့်ထဲမှ ထူးဆန်းတာတစ်ခုကတော့ သဲလေးကိုကျနော်တကယ်
ချစ်မိခြင်းပါ...မိသားစုအခြေအနေအရ သီချင်းဆိုနေရသော သဲလေးဘ၀ကို
မြင်ရကြားရသည့်အခါတိုင်း ကျနော့်နှလုံးသားတို့ နာကျင်ရတာ အကြိမ်ကြိမ်ပါ..
ဒါပေမဲ့ သဲလေးကိုကျနော်ချစ်သဖြင့်ယုံလေသည်...သဲလေးဘ၀လေးဖြူစင်သည်ဆိုတာ
ကျနော်ယုံထားပြီးဖြစ်လေသည်..ထို့ကြောင့်လည်းကျနော်ဒုတိယနှစ်ကတည်းကပင်
သဲလေးကိုပိုင်ဆိုင်ခဲ့သည်မှာ..ခုကျနော်အလုပ်သင်ဆရာဝန်ဘ၀သို့ပင် ရောက်နေခဲ့လေပြီ....
အချစ်က အရာအားလုံးကိုကျော်ဖြတ်နိုင်သည်ဟု ကျနော်ယုံထားသည့်အတွက်
သဲလေးကိုလည်း ကျနော်ဘွဲ့ယူပြီးလျှင် လက်ထပ်မည်ဟု ဖွင့်ဟပြောဆိုပြီးဖြစ်လေသည်...
...........................................................................................................
"မင်းသိမှာပါ...ငါ့ရဲ့အချစ်တွေဟာ..နောက်ဆုံးအချိန်ထိ..မင်းနဲ့ဝေးဝေးမသွား"...
ဖုန်း ring tone လေးက လှပစွာထွက်ပေါ်လာလေသည်..သေချာသည်..ဒါသဲလေးရဲ့ဖုန်း..

"ဟဲလို..သဲလေး..ပြော..ဘာကိစ္စလဲ.".........

"ဟုတ်ကဲ့..ဒါဒေါက်တာ........ဖုန်းလားမသိဘူး"..

"ဟုတ်..ကျနော်ပါပဲ..ပြောပါ..ဘာဖြစ်လို့လဲမသိဘူးနော်"..

"ဒီမှာအမတစ်ယောက်ဆိုင်ကယ်တိုက်လို့...မျက်နှာခိုင်းမိသွားတယ်ထင်တယ်ဗျ......
သက်ဆိုင်ရာအရာရှိတွေတော့ရောက်နေတယ်..
အဲ့ဒါအမကဒေါက်တာကိုဖုန်းဆက်ပြောပေးပါဆိုလို"့...

သဲလေး.သဲလေး..ဆိုင်ကယ်တိုက်တယ်ဆိုပါ့လား....ငါကလည်းဒီမှာဂျူတီနဲ့
ထွက်လို့ကမရ...

"ဟုတ်ကဲ့..ရဲအမှုအခင်းဆိုတော့ဆေးရုံကြီးရောက်မှာပါပဲ..ကျနော်ဆေးရုံကနေပဲ
စောင့်နေပါ့မယ်လို့ပြောပေးပါနော်အစ်ကို..ကျေးဇူးတင်ပါတယ်"....

သဲလေးဆေးရုံရောက်လာသည်...မျက်နှာမှာလည်းပွန့်ပဲ့ရာတွေနှင့်..
သက်ဆိုင်ရာ ဋ္ဌာနတွေကိုပြလာပြီးသည့်နောက် နောက်ဆုံးမျက်နှာနှင့်
မေးရိုးဋ္ဌာနကိုရောက်လာလေသည်......

"မေးရိုးကျိုးသွားတယ်ဗျ...အဲ့ဒါခွဲစိတ်ခန်းထဲဝင်ပြီး မေးရိုးကိုပြန်တည့်ရမယ်..
သားလည်းအလုပ်သင်ဆရာဝန်ဖြစ်နေပြီဆိုတော့ ဒါတွေသိမှာပါ..
ခုအတိုက်ခံရတာသားသူငယ်ချင်းမလား..ခုဆရာရှင်းပြတာတွေအပြင်
သားကထပ်ရှင်းပြလိုက်နော်"..
ဆရာဝန်ကြီးက ဓာတ်မှန်စာရွက်ကိုပြလျက် ကျနော်နှင့်သဲလေးကို သေချာရှင်းပြလေသည်..

"ဒါနဲ့ သွေးလေးတော့စစ်ပေးဦးနော်သား...ဒီလိုမေးရိုးကျိုးတဲ့လူနာတွေဆို
အေ ဘီ စီ စစ်ရတာ သားလည်းသိပါတယ်"..

"ဟုတ်ကဲ့ဆရာ..သိပါတယ်..ခုလိုရှင်းပြတာ ကျေးဇူးတင်ပါတယ်..
နောက်ရက် ကျနော်ပြန်လာခဲ့ပါ့မယ်နော်ဆရာ"....
......................................................................................................
သဲလေးသွေးစစ်ထားသောအဖြေကို ဆရာကကျနော့်ကိုခေါ်ပြသည်..

"သား..ရော့..မင်းသူငယ်ချင်းသွေးစစ်ထားတဲ့အဖြေ.ကြည့်."...

ဆရာဝန်ကြီးလှမ်းပေးလိုက်သော အဖြေစာရွက်ကို ကျနော်ရိုသေစွာဖြင့်
လှမ်းယူကြည့်လိုက်သည်...

ကျနော့်မျက်လုံးတို့ ပြာရီလျက်....မြင်လိုက်ရသည့်အဖြေကို မယုံချင်..
မျက်စိရှေ့မှာ မြင်နေရသည့်အဖြေက ရုတ်တရက်ေ၀၀ါးသွားသည်..
မျက်ရည်တွေ.မျက်ရည်တွေဝိုင်းလို့ပါလား....

ဒီလိုအချိန်မှာကျနော်ဆရာဝန်တစ်ယောက်မဖြစ်ချင်..
စာရွက်ပေါ်မှာကျနော်တို့ဆရာဝန်များသာသိသော စာလုံးတစ်လုံး...
ထိုစာလုံးဘေးမှာ...reactive တဲ့...

"ဟုတ်တယ်..သားသူငယ်ချင်းမှာ HIV ပိုးရှိနေပြီ.".....

ကျနော့်ကမ္ဘာကြီးလည်နေရာမှ ရုတ်တရက်ရပ်တန့်သွားသည်ထင်ရသည်....
ကျနော့်သွေးတွေလည်းခန်းခြောက်သွားသလို...ကျနော့်နှလုံးခုန်သံတို့လည်း
ရပ်တန့်သွားသည်...ကျနော့်ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်လျက်...
ခေါင်းထဲတွင်လည်းဘာမှစဉ်းစားမရတော့....

ကျနော့်အနာဂတ်တို့တစ်စစီဆွဲဖြဲခံလိုက်ရလေသည်.....
ကျနော်အနှစ်နှစ်အလလကကြိုးစားခဲ့ရသော ဆရာဝန် ဘ၀....
ကျနော့်ကို ဆရာဝန်ဘ၀ရောက်အောင် မြေတောင်မြှောက်ပေးခဲ့သောအမေ...
ကျနော့်စိတ်ကူးအိပ်မက်များ....
အကုန်အကုန်တစ်စစီ ပျက်စီးခဲ့လေပြီ....

သဲလေး..သဲလေး...သဲလေးကိုကျနော်ချစ်လွန်းသဖြင့်
သဲလေးနဲ့ကျနော့်ကြား ဘာမှအကာအရန်မရှိခဲ့....
ဒါသည်ပင် ပြီးပြည့်စုံသည့် အချစ်တစ်ခုဟုကျနော်ထင်ခဲ့သည်...
သဲလေးကိုကျနော်ချစ်သည်..
ကြားလေသွေးလျှင်ပင်ဝေးသည်ထင်သော ကျနော့်အဖို့
သဲလေးနှင့်ချစ်သည့်အချိန်တိုင်း ဘယ်တော့မှအကာအကွယ်မသုံးခဲ့..
ဒါကိုပဲသန့်စင်သောအချစ်တစ်ခုဟု ကျနော်နားလည်ခဲ့သည်..
ဒါကိုပဲ ကျနော်မြတ်နိုးစွာ ရူးသွပ်ခဲ့သည်..
ဒါကိုပဲ ကိုယ့်ကိုကိုယ် အချစ်တတ်ဆုံးလူသားအဖြစ် မြင်ယောင်စေခဲ့သည်....
ယခုထိုသန့်စင်သောအချစ်ဟု ကိုယ့်ကိုကိုယ်ယူဆထားသည်များက
ဒီအချိန်မှာဘာမှအသုံးမ၀င်ခဲ့.....

ကျနော့်ခန္ဓာကိုယ်ထဲကသွေးများကို ကျနော်ကိုယ်တိုင်ဖောက်ထုတ်ပစ်ချင်သည်...
အချစ်စွမ်းအားများကို သုံးလျှက် တစ်စက်မကျန် ဖောက်ထုတ်ပစ်ချင်သည်..
ယခုမူ ကျနော့်ကမ္ဘာ မှောင်အတိကျလျက်.......

(ဟန်နာစနိုး)

ပုထုဇဉ်

မိုးယံတစ်ယောက် ဒီညအတော်ထွေနေသည်..ညနေကတည်းကမိုးအေးအေးနှင့်
သောက်နေသည်မှာ ခုဆို ညကိုးနာရီထိုးတော့မည်...တစ်ယောက်တည်းသောက်ရ
သည်ကလည်း ကြာတော့ပျင်းလာပြီ....ဒီအချိန်မှ သူငယ်ချင်းတွေကိုလည်း
လှမ်းမခေါ်ချင်တော့..ညမိုးချုပ်ဆိုတော့ သူတို့မိန်းမတွေက လွှတ်မှာမဟုတ်မှန်း
သူသိသည်...မိန်းမဆိုမှ သူ့မိန်းမ ၀ါဝါ ကိုသတိရလာသည်...မိန်းမနဲ့ကလည်း ညားပါပြီ
ဆိုကတည်းက အလုပ်တာဝန်တွေနှင့် တစ်နေရာဆီခွဲနေရသည်...နှစ်လလောက်နေမှ
မိန်းမနှင့် တစ်ခါလောက်သာတွေ့ရသည်...နှစ်ယောက်လုံးက အစိုးရ၀န်ထမ်း
တွေဆိုတော့လည်း ဘယ်သူ့ကိုမှ အပြစ်တင်လို့မရ....

သောက်ထားသည့်အရှိန်လေးနဲ့ မိန်းမကိုသတိရတဲံ့စိတ်တို့ပေါင်းပြီး
မိုးယံတစ်ယောက် စိတ်ထဲက တစ်စုံတစ်ခုကို တောင့်တလာသည်....
ညကိုးနာရီပဲရှိသေးတာဆိုတော့ ထပ်သောက်လို့လည်းရအောင်..
ကောင်မလေးတွေရဲ့အလှအပတွေလည်း ခံစားလို့ရအောင်..ငါဆိုင်ကိုသွားမှပဲ...
ပြောရင်း ဂိုဒေါင်ထဲမှာသိမ်းထားသော ကားကိုထုတ်လျက် ဖြေးဖြေးမှန်မှန်
ဆိုင်သို့ မောင်းလာခဲ့လေသည်......

ထွန်းထားသော မှုန်ပျပျအလင်းရောင်များ...စည်းချက်ညီညီကခုန်နေသော
မိန်းကလေးများ...သာယာနာပျော်ဖွယ်ကောင်းသော တေးသီချင်းများ ကြားမှာ
မိုးယံတစ်ယောက် စိတ်တွေလှုပ်ရှားနေသည်...မိုးယံဒီလိုဆိုင်မျိုးသို့
တော်ရုံတန်ရုံမလာ..လာခဲသည်...ကိုယ်လုပ်နေသော အလုပ်တစ်ခုနှင့်
ဒီလိုဆိုင်မျိုးနှင့် မအပ်စပ်ဘူးဟု ယူဆထားသည့်အတွက် မလာဖြစ်..
ဒီနေ့ကျမှ စိတ်ရူးပေါက်ပြီးတစ်ယောက်တည်း ထွက်လာခဲ့ခြင်းဖြစ်သည်..

"အစ်ကို..ကျွန်မ အရက်ငှဲ့ပေးမယ်လေ"...

အသံကြားတော့မှ သူ့ဘေးမှာမိန်းကလေးတစ်ယောက်
ထိုင်နေမှန်း သတိထားမိသည်...ကောင်မလေးအသံကချိုသာလွန်းလှသည်...
ဆံပင်အဖြောင့်အရှည်လေးနှင့်..ဂါဝန်အတိုလေးကိုဝတ်ထားသည်....
တူမအရွယ်လောက်ရှိသော ကလေးမလေးက အစ်ကို လို့ချွဲချွဲနွဲ့နွဲ့ခေါ်လိုက်သံကို
သူသဘောကျလှသည်...ကောင်မလေးငှဲ့ပေးတဲ့ အရက်ကိုသောက်ရင်း
ကောင်မလေးကို ရွှန်းရွှန်းစားစားကြည့်မိသည်...ချစ်စရာကောင်းလိုက်တာ..
မျက်လုံးလေးတွေကလည်း စိုလို့ လက်လို့...ကြည့်ရင်း ကောင်မလေးကို
သူမြင်ဖူးသည်ဟု စိတ်ထဲတွင်ထင်မိသည်...သေချာကြည့်ပြန်တော့လည်း
မမှတ်မိ...ငါမူးနေတာလို့ အမြင်တွေေ၀၀ါးနေတာနေမှာပါလို့ပဲ တွေးလိုက်မိသည်..

ပြောရင်းကောင်မလေးကသူ့ပေါင်ပေါ်တက်ထိုင်သည်...သူ့နားနားကိုကပ်လျက်
တစ်စုံတစ်ခုကိုတီးတိုးပြောသည်...မိုးယံမျက်လုံးတို့အရောင်လက်သွားလျက်
ကောင်မလေးကိုဖက်ထားလိုက်မိသည်...
...............................................................................................

ပိုမှောင်နေသောအခန်းတစ်ခုထဲတွင် မိုးယံနှင့် ကောင်မလေး နှစ်ယောက်တည်း
ရှိနေသည်....မိုးယံရဲ့ ဘယ်ဘက်လက်မောင်းပေါ်မှာ ကောင်မလေးက
အိပ်ပျော်လျက်......မနက်လင်းတော့မည်..ရောင်နီလာတော့မည်...
ရောင်နီလာမှ သူမပြန်ချင်...သူ့ဝန်ထမ်းအိမ်ရာကို အလင်းရောင်မလာခင်
အရောက်သွားမှဖြစ်မည်....ကောင်မလေးကိုလည်းသူ့တာဝန်အတွက်
အဖိုးအခပေးရမည်...ထို့ကြောင့်အပြစ်ကင်းစွာအိပ်ပျော်နေတဲ့ကောင်မလေးကို
သူနှိုးလိုက်သည်.....

"မိန်းကလေးး..ထ..ထတော့လေ....
ပိုက်ဆံရှင်းပြီး ပြန်တော့မယ်"....

အိပ်မှုန်စုံမွှားနှင့် မျက်လုံးလေးကိုပွတ်လျက် မိန်းကလေး ထလာသည်...

"ရှင်.အဖိုးအခလား....မယူပါဘူးဆရာ....ဆရာက ကျောင်းမှာဆို သမီးရဲ့
ဆရာပဲ....ဆရာဝင်လာကတည်းက ဆရာမှန်းသမီးသိပါတယ်...
အဲ့ဒါကြောင့် ဆရာမခေါ်ဘဲ ဆရာ့နားသမီးလာနေတာပါ...
ဆရာသမီးကို မမှတ်မိလောက်ဘူးလို့လဲ သမီးသိပြီးသားပါ..
အစကတည်းက ပိုက်ဆံယူဖို့ စိတ်ကူးမရှိပါဘူး....ဆရာ့ကိုကျေးဇူးဆပ်
တယ်လို့ပဲ သဘောထားပေးပါဆရာ....ဒါစာမေးပွဲအအောင်ပေးစေချင်လို့
လုပ်တာလည်းမဟုတ်ပါဘူးနော်ဆရာ....ဒီလိုကျေးဇူးဆပ်ခွင့်ရတာကိုပဲ
သမီးကကျေနပ်နေတာပါ.......
သမီးဒီအလုပ်လုပ်တာကလည်း မိသားစု အခြေအနေအရပေါ့ဆရာရယ်"....

"ရော့ ဆရာ..ဒါဆရာ့ကားသော့..မနေ့ကမူးပြီးကျနေရစ်ခဲ့လို့ သမီးသိမ်းပေးထားတာ..
သမီးသွားပြီနော်ဆရာ"......

မိုးယံတစ်ယောက် ဘာဆက်ပြောရမှန်းမသိတော့...အသောက်လွန်ပြီး
ခေါင်းကိုက်ခဲနေတာတောင် ဘယ်ရောက်သွားမှန်းမသိ.....နဂိုကတိတ်ဆိတ်သော
အခန်းဟာ ခုပိုပြီးတိတ်ဆိတ်လျက်......စိတ်အစဉ်က စာသင်ခန်းဆီသို့...
မှတ်မိပြီ....ဆံပင်ရှည်လေးကိုအမြဲစုစည်းထားတတ်တဲ့ မျက်လုံးဝိုင်းဝိုင်း
ကောင်မလေးတစ်ယောက်..စာသင်ရင်းနဲ့သူ့ကိုစူးစိုက်စွာကြည့်နေတတ်တဲ့
ငါးတန်းမြောက်ထိုင်ခုံမှာထိုင်တဲ့ကောင်မလေး...ဘယ်သူ့ကိုအပြစ်တင်ရမလဲ
သူမသိ..မနေ့ကမှ ထူးဆန်းစွာ တောင့်တမိတဲ့ သူ့စိတ်ကိုလား..
စီးပွားရေးမပြေလည်လို့ ဒီမှာအလုပ်လာလုပ်တဲ့ မိန်းကလေးကိုလား..
ဝဋ်ကြွေးရှိလို့ တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံခွင့်ပြုခဲ့တဲ့
ကံတရားကိုလား.....မသိတော့..မသိတော့..ဘာကိုမှ မစဉ်းစားချင်တော့....
.....................................................................................
...................................................................................

ကျောင်းဖွင့်သည့်နေ့မှာတော့ ဆရာမိုးယံတစ်ယောက်
လေးကန်သောခြေလှမ်းများဖြင့် စာသင်ခန်းဆီသို့...............

(လွန်ခဲ့သော ငါးနှစ်ခန့်ကကြားဖူးသောအဖြစ်အပျက်တစ်ခုကို
ပြန်ရေးထားခြင်းမျှသာ..ဒီထဲတွင်ပါဝင်သော နာမည်များသည်
ကျနော်၏စိတ်ကူးယဉ်နာမည်များသာဖြစ်ပါကြောင်း.....)

အလွမ်းဝေဒနာ

ဆုံဆည်းမှုတစ်ခု၏နောက်ကွယ်တွင် ခွဲခွင်းခြင်းဆိုသည့်အရာ
မလွဲမသွေရောက်လာမည်မှန်း အမြဲတမ်းနှလုံးသွင်းထားပါလျက်နှင့်
တကယ်ခွဲခွာရသောအခါ သေမတတ်နာကျင်ခံစားမိလေသည်။
(၁)
"အစ်ကို..ဟိုရှေ့မှာမြင်နေရတာ ဦးပိန်တံတားလေ...အစ်ကိုယုံမလားတော့မသိ.
အဲ့ဒီဦးပိန်တံတားကို အတွဲတွေအစအဆုံးခြေလျင်လမ်းလျှောက်နိုင်ရင်
အဲ့ဒီစုံတွဲကဖူးစာပါပြီး ညားကြသတဲ့..နောက်တစ်ခါမန်းလေးလာရင်
အစ်ကို့ကောင်မလေးကိုခေါ်ခဲ့နော်.."

ကျွန်မ အစ်ကို့မျက်နှာလေးကိုအမှတ်မဲ့ငေးကြည့်ရင်းပြောမိသည်..
ပြောပြီးမှစဉ်းစားမိသည်။ဒီစကားကိုပြောလိုက်ခြင်းရဲ့ရည်ရွယ်ချက်က
ဦးပိန်ရာဇ၀င်သိစေချင်လို့လား..အစ်ကို့မှာကောင်မလေးရှိမရှိ
တစ်ဖက်လှည့်နှင့်မေးလိုက်ခြင်းလား..ပြန်တွေးမိတော့ ကျွန်မမျက်နှာ
နွေးကနဲဖြစ်သွားလေသည်။

"ဒီကောင်မလေးကတော့ ပေါက်ပေါက်ရှာရှာ..ငါ့မှာဘာကောင်မလေးမှ
မရှိပါဘူးဟယ်.ပြီးခဲ့တဲ့နိုဝင်ဘာလကမှ ပြတ်သွားတာ."..

ကျွန်မရင်ထဲ သိမ့်ကနဲလှုပ်ရှားသွားမိသည်။ခံစားချက်တို့ကလည်း
ပျော်တစ်ဝက်..၀မ်းနည်းတစ်ဝက်.. ပျော်မိသည်က အစ်ကို့မှာ
လက်ရှိချစ်သူမရှိတာ သိလိုက်ရ၍..၀မ်းနည်းမိသည်က
အစ်ကိုချစ်တဲ့သူက အစ်ကို့ကိုမချစ်တော့လို့ ပစ်သွား၍.

(၂)
ခုနကကြည်လင်နေသောကောင်းကင် ရုတ်ခြည်း မှောင်မည်းလာ
သည်။မိုးနှင့်အတူ လေပြင်းများပါ ရောပါလာသည်....
ကျယ်ပြန့်သောကွင်းပြင်ကိုဖြတ်တိုက်လာသော လေဖြစ်သဖြင့်လည်း
ပို၍ အင်အားပြင်းထန်လှသည်..ဦးပိန်တံတားပေါ်တွင်
လေလွင့်နေသော လုံချည်ကိုလက်တစ်ဖက်က ထိန်းကိုင်ရင်း..
သူစိမ်းယောက်ျားလေးတစ်ယောက်ကိုဘေးမှာထားလျက်
လမ်းလျှောက်ရသည့်အဖြစ်က တော်တော်စိတ်ညစ်စရာ
ကောင်းလှသည်။

"လာ..ညီမ ..နင့်ကြည့်ရတာ ကို့ရို့ကိုးယားနဲ့..အစ်ကိုလက်ဆွဲမယ်."
ခွင့်တောင်းတာမဟုတ်...အသိပေးသည့်သဘော။
နူးညံ့သောလက်တစ်စုံရဲ့အထိအတွေ့ကို ကျွန်မခံစားမိလေသည်။
သည်းထန်စွာရွာသွန်းနေသော မိုးလေတွေကြား..ဘယ်အရာကိုမှ
ဂရုမစိုက်ဘဲ တစ်ယောက်လက်ကိုတစ်ယောက်ကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်လျက် လမ်းလျှောက်နေသော ကျွန်မတို့နှစ်ယောက်ကို
ချစ်သူမဟုတ်ပါဘူးဟု ကျွန်မဘက်က ပြောလျှင် မည်သူယုံပါမည်နည်း.
ဟုတ်ကဲ့..တကယ်လည်း ကျွန်မတို့ ချစ်သူမဖြစ်ခဲ့ကြပါ....

(၃)
"အစ်ကို..ညီမတို့က ဘာတွေလဲဟင်..ချစ်သူတွေလား"...
အစ်ကို့ရင်ခွင်ကျယ်ကြီးထဲမှာ ကျွန်မ ခေါင်းလေးတိုးဝင်ရင်းမေးမိသည်..

"ဘာလို့မေးတာလဲညီမရဲ့."..

"မသိဘူးလေ..အစ်ကိုကညီမကို ဖက်နေပြီးတော့ အစ်ကို့ဆီက
ချစ်တယ်ဆိုတဲ့စကားကျ ခုထိညီမ မကြားရသေးဘူး...
ပြီးတော့အစ်ကိုခုနက ညီမကိုခိုးနမ်းမလို့မလား..လူမိသွားတာလေ..
ကောင်လေးတစ်ယောက်.".
အစ်ကို့ပါးကိုလိမ်ဆွဲလျက် ပျော်ရွှင်မြူးထူးစွာ ကျွန်မပြောမိလေသည်။

"ညီမကို အစ်ကိုသဘောကျတယ်..နှစ်သက်တယ်..ကြိုက်တယ်..
တကယ်တော့ချစ်တယ်ဆိုတာက အချိန်တစ်ခုရောက်လာမှ
သံယောဇဉ် ဆိုတာရှိလာမှ ဖြစ်လာတာပါ..အစ်ကိုတော့
အချစ်ကိုမယုံဘူး ညီမ"..

ဘယ်လောက်တောင်မှပွင့်လင်းလိုက်သည့်အစ်ကိုပါလဲ...
ကိုယ်နှစ်သက်သည့်ကောင်မလေးကိုရင်ခွင်ထဲထည့်လျက်
အချစ်ကိုမယုံဘူးပြောသည့် ကောင်လေး..ထိုကောင်လေးလောက်
မိုက်မဲသူရှိပါ့မလား..ရှိမည်ထင်ပါသည်..အချစ်ကိုမယုံသည့်
ကောင်လေးကို ဘာပဲပြောပြော ဘာပဲလုပ်လုပ် အပြစ်မမြင်
ချစ်နေမည့် ကောင်မလေးပါပဲ......

(၄)
ခွဲခွာရမည့်ဟုကြိုတွေးထားပေမဲ့.. ဒီလောက်မြန်မြန်ဆန်ဆန်ခွဲခွာရမည်
ဟူ၍ကားယောင်လို့မျှပင် ကြိုတွေးမထားခဲ့မိပါ...ကျွန်မချစ်သော
အစ်ကို့ကို ချစ်သူအဖြစ် ပိုင်ဆိုင်ခွင့်ရခဲ့သည်က နှစ်ရက်နှင့် နေ့တစ်ဝက်တဲ့..
ကိုယ့်ချစ်သူဆီက ဘာဆိုဘာမှလိုချင်တပ်မက်မှုမရှိသောမိန်းကလေး
တစ်ယောက်အတွက် အဲ့ဒီရက်ကလေးကတော့ နည်းလွန်းသည်ဟု
ထင်မိလေသည်။
ချစ်သူဖြစ်တုန်းက အစ်ကို့ဆီကအခွင့်အရေးလေးတစ်ခုပဲပြောမလား..
ကတိတစ်ခုပဲပြောမလား..အဲ့ဒီတစ်ခုကိုပဲ ကျွန်မတောင်းခဲ့ဖူးလေသည်။

"အစ်ကို..အစ်ကိုနဲ့ညီမက အခြေအနေတွေကွာခြားလွန်းပါတယ်..
ဆုံစည်းဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့ဘ၀တွေပါ...အစ်ကိုလည်း
ဒါကိုသိမှာပါ...ဒီတော့ ညီမကိုထားခဲ့မယ်ဆိုရင်တော့ ထားခဲ့ပြီ
ဆိုတာ အသိပေးပါနော်..မဟုတ်ရင် ညီမကို အစ်ကိုထားခဲ့တာလား
မထားခဲ့တာလား မသိတဲ့ဘ၀မှာ အူကြောင်ကြောင်ဖြစ်နေမှာ
စိုးလို့ပါ..ပြီးတော့ အစ်ကိုနောက်တစ်ယောက်ပြောင်းချင်ရင်တောင်မှ
ညီမ ကိုအားနာနေရမှာစိုးလို့..အဲ့ဒီကတိလေးတော့အစ်ကို
ပေးပါနော်."...

ချစ်သူဖြစ်ပြီးလေးရက်မြောက်နေ့ တစ်ခုသောညနေခင်းမှာပဲ
ထိုကတိကို အစ်ကိုတည်ခဲ့လေသည်။

"ချစ်သူအဖြစ် နေမပေးနိုင်တော့ပေမဲ့
ညီမနားမှာ မိတ်ဆွေလို အစ်ကိုဆက်ရှိပေးနေမှာပါ"...တဲ့...

(၅)
အတိတ်တဲ့...ကျွန်မဘ၀ရဲ့အတိတ်တွေကိုလည်ပြန်ကြည့်လိုက်လျှင်
ခါးသီးစရာ နာကျင်စရာတွေပဲများလှသည်။နာကျင်စရာအတိတ်များသာ
မြက်ရိုင်းများဖြစ်ခဲ့မည်ဆိုလျှင် အစ်ကိုနှင့်ပတ်သတ်သည့်အတိတ်က
မြက်ရိုင်းများကြားထဲမှာမှ တစ်မူထူးစွာ ပေါက်နေသောလှပသည့်
ပန်းရောင်ပန်းကလေးတစ်ပွင့်အဖြစ် တင်စားချင်ပါသည်.....

ထိုပန်းပွင့်ကလေးထဲမှာ ဘာတွေပါသလဲဟုမေးလာခဲ့သူရှိလာလျှင်တော့
ကျွန်မဖြေချင်ပါသည်။

ပျော်ရွှင်စွာ နှစ်ယောက်တွဲပြီး ရိုက်ခဲ့ကြတဲ့ ဓာတ်ပုံပေါင်းတစ်ရာကျော်..
သူ့ဖုန်းမှာတပ်ထားတဲ့ ဆင်တူ ဂစ်တာပုံကီးချိန်းလေးတစ်ခု....

နောက်ပြီးတော့ ဆုလာဘ်တစ်ခုလို့ပဲပြောရမလား..

ခွဲခွာတဲ့နေ့မှာ ကျွန်မရဲ့ဘယ်ဘက်ပါးကလေးကို လူမသိအောင်
ခိုးနမ်းခဲ့ဖူးတဲ့ သူ့နှုတ်ခမ်းရာလေး တစ်ခု...

ကီးချိန်းလေးနဲ့ ဓာတ်ပုံတွေက အချိန်ကြာရင်ပျောက်ပျက်သွားနိုင်ပေမဲ့
သူနမ်းခဲ့ဖူးတဲ့ ဘယ်ဘက်ပါးကလေးကတော့.............

(ဟန်နာစနိုး)

ကိုယ်တိုင်လိုက်ပို့ဖြစ်ခဲ့သော ကျွန်မ၏ သေဆုံးခြင်း အခမ်းအနား

ကျွန်မဘေးပတ်ပတ်လည်တွင် လူများကြည့်နေကြသည်။
တစ်ချို့က မှင်သေသေ..တစ်ချို့က မျက်နှာလို မျက်နှာရ...
တစ်ချို့က အယောင်ဆောင်....တစ်ချို့ကတော့တကယ်
ဝမ်းနည်းသည့်မျက်နှာ.....
ထိုမျက်နှာများနဲ့ ကျွန်မ အချိန်ကာလတစ်ခုအထိရင်းနှီးခဲ့ဖူးသည်။
ယခုသူတို့ကျွန်မကို ကြည့်နေကြသည်။အနီးကပ်တော့မဟုတ်။
ခပ်လှမ်းလှမ်းနေရာတစ်ခုကသာ။ယခင်က ကျွန်မကိုညီမလေးလို
အစ်မလို ချစ်ခင်ခဲ့ကြသော လူတွေ ယခုအချိန်မှာတော့
ကျွန်မအနားကို မည်သူမျှ မကပ်ရဲကြတော့။သူတို့ကိုလည်း ကျွန်မ
အပြစ်တော့မဆိုသာပေ။ကျွန်မသာ သူတို့နေရာမှာ ရှိနေခဲ့မည်ဆိုလျှင်
ကျွန်မလည်းထိုသူတို့လိုပဲ ပြုမူမိမည်ထင်သည်။

(၁)
အမေ့ဗိုက်ထဲကတည်းက အလုပ်လုပ်ခဲ့ရသော ကျွန်မ၏နှလုံးသားတို့
ပင်ပန်းနွမ်းနယ်လွန်း၍ထင်သည်။မနေ့ည ညဦးပိုင်းက အနားယူသွားခဲ့သည်။
တစ်ဖြည်းဖြည်းထွက်ခွာလာခဲ့သော ကျွန်မ ၀ိဥာဉ်က အသက်မဲ့သွားသော
ကျွန်မခန္ဓာကိုယ်ကို ပြန်လည်ငုံ့ကြည့်သည်။ဘေးနားမှာအလွန်အပြစ်ကင်းလှသော
သားငယ်လေးက ကျွန်မ၏အသက်မဲ့နေသော ခန္ဓာကိုယ်ကို ဖက်လျက်
အိပ်ပျော်နေလေသည်။ကျွန်မ၏ ဖြူလွလွ ၀ိဥာဉ် ဆစ်ခနဲ နာကျင်သွားရသည်။
သားလေးကို ကျွန်မ ထားခဲ့ရလေပြီ။သားလေးနားမှာ နေချင်သည့်စိတ်ခဏ
ဖြစ်ပေါ်လိုက်သည်နှင့် ကျွန်မသားလေးနားကိုဖြတ်ခနဲရောက်သွားသည်။
ယခင်က သားလေးအိပ်လျှင်ပြုလုပ်ပေးနေကြအတိုင်း သားလေးတင်ပါးကို
ကျွန်မလက်ကလေးနှင့်အသာအယာပုတ်ပေးမိသည်ထင်သည်။ကျွန်မ
မသိ။ကျွန်မ မှာခိုနားစရာ ခန္ဓာမရှိတော့သဖြင့် ကျွန်မတွင်ခံစားတတ်သော
စိတ်ရှိသေးသလား ကျွန်မ မသိ။ကျွန်မ သားလေး၏အသားစိုင်ကလေးကို
မကိုင်တွယ်မိတာတော့ သေချာသည်။
ဝိဥာဉ်..ကျွန်မဟာဝိဥာဉ်တစ်ခုဖြစ်နေခဲ့တာလား...အမေပြောဖူးတာ
ပြန်လည်ကြားယောင်လာမိသည်။လူဆိုတာသေပြီးလျှင် ချက်ချင်းဘ၀ကူးသတဲ့။
ကျွန်မကရော..ငရဲလည်းမရောက်သေး..နတ်ပြည်ဆိုတာကတော့ကျွန်မနှင့်
လားလားမျှ မဆိုင်..ဒါဆိုကျွန်မ သရဲဟုခေါ်ကြသော ပြိတ္တာ
အဆင့်ကို ရောက်နေခဲ့တာလား..ဒါဆိုသေခါနီး ကျွန်မ ဘာကိုများစွဲလန်း
ခဲ့ပါလိမ့်..တွေးမိသည်။သေချာပြီ။ ကျွန်မ သားလေးကိုစွဲလန်းခဲ့မိသည်ထင်သည်။
ဝေဒနာကိုပြင်းထန်စွာ ခံစားရတုန်းက ဝေဒနာသက်သာလို သက်သာငြား
အိပ်ပျော်နေသော သားလေးမျက်နှာကို ငေးမောကြည့်နေခဲ့ဖူးသည်။
ဒါကြောင့်ဖြစ်မည်။

(၂)
မနက်လင်းပြီ။ ၇ နာရီကျော်လျှင်နှိုးနေကျအတိုင်းအမေလာနှိုးတော့မည်။
ပထမတစ်ခါ တံခါးဖွင့်ပြီး ထတော့ဟု အော်ရုံအော်သွားမည်။ဒုတိယတစ်ခါ
ထပ်အော်မည်။တတိယအခါကျလျှင်တော့ ခြင်ထောင်ကိုမပြီး လူကို
ကိုင်လျှက် နှိုးတော့မည်။ဒါကြုံနေကျ ကျွန်မရဲ့မနက်တွေ။ခုတော့
အမေဘယ်လောက်လာနှိုးနှိုး ကျွန်မ နိုးတော့မည်မဟုတ်တော့ပေ။
ကျွန်မ မနိုးတော့လျှင်..အမေလန့်သွားမည်ထင်သည်။အပေါ်ယံမာကျော
ဟန်ဆောင်ထားသောအမေ့စိတ်ထားလေး ဘယ်လောက်နူးညံ့သည်ကို
ကျွန်မသာ သိသည်။ဒါပေမဲ့အမေ့ကိုအရမ်းကြီးစိတ်မပူမိ။ဘာဖြစ်လို့လဲဆိုတော့
အမေ့မှာ တရားအသိရှိသည်။အချိန်အတိုင်းအတာတစ်ခုရောက်သွားလျှင်
အမေ ဖြေသာသွားနိုင်လိမ့်မည်ဟု ကျွန်မ ယုံကြည်လေသည်။

“အမလေး..လုပ်ကြပါဦး..ကျွန်မသမီးလေး မနိုးတော့ဘူး.”...

ကျွန်မထင်ထားသည့်အတိုင်း..အမေလန့်သွားသည်။

“ဘွား..သားသားကြောက်တယ်..မေမေ..မေမေရော...
မေမေ့ကိုနှိုးပေး....ဘွား..မေမေ့ကိုနှိုးပေးပါ..
မေမေ..မေမေ..ထ..ထ...”.

အမေ့ရဲ့စူးစူးဝါးဝါးအော်သံရော သားငယ်လေးရဲ့အော်သံပါရောပြွန်းလျက်
ထွက်လာကြသည်။အခန်းတစ်နေရာမှာ ကျွန်မ ရှိနေသည်။ကျွန်မ အားလုံးကို
မြင်နေရသည်။ကျွန်မ အားလုံးကိုကြားနေရသည်။ကျွန်မ ပြန်ပြောလို့မရ။
ဟစ်အော်လို့မရ။သူတို့ကိုကျွန်မ မြင်နေရပေမဲ့ ကျွန်မကိုတော့သူတို့မမြင်။
မွန်းကြပ်လာသည်ထင်ရသည်။ကျွန်မပြေးထွက်ချင်လာသည်။
ထိုစိတ်ဖြစ်ပေါ်လာသည့်တစ်ခဏ အိမ်အပြင်ဘက်သို့
ကျွန်မရောက်သွားလေသည်။

(၃)
ကျွန်မအိမ်ရှေ့တွင် ချက်ချင်း မဏ္ဍပ်တစ်ခုထွက်ပေါ်လာသည်။
ကုတင်လေးပေါ်တွင် အ၀တ်ပါးလေးလွှမ်းခြုံထားလျက်
အပေါ်က ခေါက်ခြင်ထောင်လေး အုပ်ပေးထားသည်။
ကျွန်မကိုယ်ကျွန်မ ပြန်မြင်မိတော့ အိပ်နေသည့်အတိုင်းလေး။
အရင်ကတည်းက မိတ်ကပ်မလိမ်းသည့်ကျွန်မကို
အမေက နောက်ဆုံးအကြိမ်အဖြစ် သနပ်ခါးလေး လိမ်းပေးထားသည်။
စကားသံ သဲ့သဲ့ကြားရသည်..သားလေးကို ဘွားကြီးအိမ်ပို့ထားမတဲ့။
ကောင်းပါတယ်..သားလေးကိုဒီလိုတွေမမြင်စေချင်ဘူး..ခေါ်သွားကြပါ...
ကျွန်မနဲ့ဝေးရာကို သားလေးကိုခေါ်သွားပေးကြပါ.....
လူတွေတစ်ဖွဲဖွဲရောက်လာကြသည်။
ဆွေမျိုးတွေပါသည်။သူငယ်ချင်းမိတ်ဆွေတွေပါသည်။
လုပ်ဖော်ကိုင်ဖက်တွေပါသည်။ကျောင်းမှ မောင်လေး
ညီမလေးတွေပါသည်။ကျနော်နဲ့လူ့ဘ၀တုန်းက မသိခဲ့သော
လူတစ်ချို့တောင်ပါသည်။မည်သူတွေလဲ...ကျွန်မ စဉ်းစားမရ။
အမေတို့နှင့်လည်းသိဟန်မတူ။ ခနနေတော့ကျွန်မ အစ်ကိုရောက်လာသည်။
ကျွန်မပျော်သွားသည်။ အစ်ကို့နားကို ကျွန်မ ပြေးကပ်လိုက်မိသည်။
အစ်ကို့မျက်နှာမှာ မျက်ရည်တွေနှင့်...ကျွန်မခန္ဓာကိုယ်ကိုပြင်ဆင်ထားသော
ကုတင်နားသို့ အစ်ကိုကပ်သွားပြီး မျက်ရည်များကြားထဲက စကားတိုးတိုးကပ်ပြော
လိုက်သည်ထင်သည်။ဘာပြောလိုက်သလဲဆိုတာတော့ တိုးလွန်းသဖြင့်
ကျွန်မ၀ိဥာဉ်ကမကြားလိုက်ပေ။

(၄)
"ခွမ်း" ခနဲ ရေအိုးခွဲလိုက်သံကို ကျွန်မကြားလိုက်ရသည်။ဒါရေစက်ပြတ်ပြီဆိုတဲ့
သဘောများလား...လူ့ဘ၀မှာ ရှိတုန်းကတည်းက ဘာလို့ရေအိုးခွဲသလဲဆိုတာကို
သိချင်လွန်း၍ ခဏခဏ မေးခဲ့ဖူးသည်။မည်သူမျှ တိကျသေချာတဲ့အဖြေကို
မပေးနိုင်ခဲ့ကြ။ယခုကျွန်မအလှည့်တွင်လည်း ရေအိုးခွဲကြပြန်လေပြီ။
အကြောင်းပြချက်ကိုတော့ သေသည်အထိကျွန်မ သိမသွားရပေ။
ကျွန်မခြေရာများဖြင့်ပြည့်နှက်နေသောလမ်းအတိုင်း ကျွန်မကိုသူတို့
ခေါ်ဆောင်လာခဲ့ကြသည်။
လမ်းကလေး..ထိုလမ်းကလေး..ထိုလမ်းကလေးကိုမြင်မိတော့သူ့ကိုသတိရ
သွားမိသည်။သူကျွန်မ၏အသုဘသို့ရောက်မလာခဲ့ပေ။သတင်းပဲမကြားလို့လား။
သေသည်အထိကျွန်မကို ကြောက်သွားလို့ပဲလား။မသေခင်ကတော့အမေ့ကို
မှာထားခဲ့ဖူးသည်။ကျွန်မသေလျှင် သူနှင့် သူ့မိသားစုကိုအကြောင်းမကြားပါနှင့်ဟု။
အမေကသူနှင့်ပတ်သတ်သည့်ကျွန်မ၏ မာနနှင့်အမုန်းကို သိသဖြင့်
အကြောင်းကြားမှာမဟုတ်မှန်းတော့ ကျွန်မသိထားလေသည်။လာလျှင်တောင်မှ
အိမ်ထဲအ၀င်ခံမည်မဟုတ်ပေ။ထို့ကြောင့်ကျွန်မ မမြင်မိတာလည်းဖြစ်နိုင်လေသည်။

ကျွန်မကို မီးသဂြိုဟ်မည့်နေရာသို့ ရောက်ခဲ့လေပြီ။လူတွေတစ်ရုန်းရုန်းနှင့်။
အမေ့ကိုလှမ်းကြည့်မိတော့ တဘက်ကလေးကိုပုခုံးပေါ်တင်လျက်
နီရဲနေသောမျက်လုံးအစုံတို့ဖြင့်။အိပ်ပျော်နေသယောင်ရှိသောကျွန်မကို
စတီးတွန်းလှန်းပေါ်တွင်အသာတင်ထားလေသည်။ကျွန်မ၏၀ိဥာဉ်က
ကျွန်မခန္ဓာကိုယ်နားမှာ အသာကပ်လျက်။ အရင်က နှစ်အိမ့်တစ်အိမ်နေခဲ့သော
ဘေးအိမ်က ဒေါ်လေးတို့ငိုသံကိုကြားလိုက်ရသည်။ဆံမည်းကို ဆံဖြူက
လိုက်ပို့ရတာပေါ့တဲ့..ကျွန်မဆီမှာမရှိတော့သော မျက်ရည်များ ကျလာမိသည်
ထင်သည်။ကျွန်မကိုထွင်းဖောက်သွားလျက် ခန္ဓာတစ်ခုဖြတ်သန်းသွားသည်။
ပူလောင်သလိုခံစားလိုက်ရသည်။ကြည့်လိုက်တော့အမေ။ကျွန်မ၏အသက်မဲ့
နေသောမျက်နှာလေးကို သူ့လက်ကြမ်းကြမ်းကလေးနှင့် ပွတ်သပ်ပေးလျက်..
ငါ့သမီးလေးကတော့စောစောစီးစီး ၀ဋ်ကျွတ်သွားတာပေါ့ကွယ်တဲ့....
ကျွန်မကိုထိုးဖောက်ဝင်ရောက်နေသော အမေ့ခန္ဓာကိုယ်ကိုဖက်တွယ်လျက်
နောက်ဆုံးအကြိမ်အဖြစ်နမ်းလိုက်မိသည်ထင်သည်။

"ကဲ...ကဲ...သေတဲ့သူကိုနောက်ဆုံးအနေနဲ့ ကန်တော့မယ်..
သူ့ထက်အသက်ငယ်တဲ့သူတွေ ဒီနားကိုလာခဲ့ကြပါ."..

ဘယ်သူတွေကျွန်မကိုကန်တော့သလဲတော့ ကျွန်မ မသိ...
ကျွန်မအကြည့်တွေက ကျွန်မ ချစ်ခင်သူများရဲ့ မျက်လုံးများဆီမှာ...
ကျွန်မ၀ိဥာဉ်က သူတို့နားမှာ နောက်ဆုံးအကြိမ်အဖြစ်ဝဲပျံလျက်....

(၅)
"ဂျိမ်း".. ခနဲတံခါးပိတ်သံနှင့်အတူ...ညှော်နံ့တို့ ထွက်လာသည်။
ကောင်းကင်ပေါ်ကို မော့်ကြည့်လိုက်တော့ အဖြူရောင်မီးခိုးများ...
ကျွန်မ အမေ့ရှေ့ ထိုင်ချလိုက်သည်။လွင့်မျောနေသော
ကျွန်မ လက်နှစ်ဘက်ကို စုစည်းလျက်...
ကျွန်မကိုမွေးခဲ့ကျွေးခဲ့သောအမေ့ကို နောက်ဆုံးအကြိမ်အဖြစ်
ကန်တော့လိုက်မိသည်။
အမေက ကျွန်မရှိနေတာကို သိနေသယောင်။

"စိတ်ချသွားပါ ငါ့သမီးရေ.....အားလုံးကိုစိတ်ချပြီး သွားပါတော့....."

လူ့ဘ၀တုန်းက ကိုယ့်သွေးသားကိုစွဲလန်းသဖြင့် ယခုပြိတ္တာဘ၀ကို
ရောက်ခဲ့ရသည်။ပြိတ္တာဘ၀မှာ ထပ်ပြီးစွဲလန်းနေလျှင်ရော..ဘယ်ဘ၀ကို
ရောက်မည်လဲ ကျွန်မ မသိ...သေချာသည်ကတော့ ကျွန်မ
ဘ၀အသစ်ဆီသို့ လျှောက်လှမ်းဖို့အတွက် ကျွန်မ ၀ိဥာဉ်ဟာ
မီးခိုးငွေ့နဲ့အတူ လေထဲတွင်မျောပါလျက်...............

(ဟန်နာစနိုး)