Sunday, September 8, 2013

အိပ်မက်

ဒီနေရာ...ဒီနေရာ တစ်ခုကိုပဲ ကျွန်မ ရောက်လာပြန်ပြီ....
မျက်လုံးတို့ကိုဝေ့၀ိုက်ကာကြည့်လိုက်တော့ ဒီသစ်ပင်..ဒီတောအုပ်..
ဒီတောင်တန်းနှင့် တစ်လမ်းတည်းသာရှိသော မြေနီလမ်းသွယ်တစ်ခု...
ဒီလမ်းအတိုင်းရှေ့ဆက်သွားလျှင် ရှေ့မှာ ဘာတွေရှိနေမည်ကို ကျွန်မသိသည်..
ဘာဖြစ်လို့လဲဆိုတော့ ဒီလမ်းကို ဒီခြေထောက်နဲ့ပဲ အကြိမ်ကြိမ်အခါခါ
လျှောက်ခဲ့ဖူးသောကြောင့်ပင်...ပတ်ဝန်းကျင်သည် အရင်တစ်ခေါက်က ရောက်ခဲ့သည့်
နည်းတူ မပြောင်းလဲ...ဒီနေရာကို ရောက်ခဲ့သည့်အကြိမ်အရေအတွက်
များလွန်းသည့်အတွက် ဘယ်နေရာမှာဘာရှိနေသည်ကို အလွတ်ပင်ရနေလေပြီ...
တိတ်ဆိတ်လွန်းသော ထိုနေရာနှင့် ကျွန်မသည် ဘယ်လိုအဆက်အစပ်ရှိသလဲ
ကျွန်မ မသိ...အမျိုးအမည်မသိ..အကောင်အထည်မရှိ..မျက်စိနှင့်မမြင်ရသော
တစ်စုံတစ်ခု၏ဆွဲဆောင်ဖြားယောင်းမှုကြောင့်တော့ ကျွန်မ ဒီနေရာကို
ရောက်ခဲ့ရလေသည်....
ထိုတစ်စုံတစ်ခုသည် ကျွန်မ၏ထိန်းချုပ်နိုင်သော စိတ်အစုံကို လွှမ်းမိုးထားသည်..
ထိုတောအုပ်ထဲသို့ရောက်သွားလျှင် ကျွန်မစိတ်ကို ကျွန်မ မပိုင်တော့...
ထိုတစ်စုံတစ်ခုက သိမ်းပိုက်ထားသည်..ထိုသူ၏အမိန့်ကို ကျွန်မ နာခံရသည်...
ဦးနှောက်ရော နှလုံးသားရော နည်းနည်းလေးမှ လွန်ဆန်နိုင်စွမ်းမရှိအောင်
ထိုအရာက ကျွန်မကို ညှို့ငင်ထားလေသည်...ထိုသူပေးသောအမိန့်သည်
အသံနှင့်မဟုတ်...အမြင်နှင့်လည်းမဟုတ်.သူ့နှလုံးသားတစ်စုံကနေ
ကျွန်မနှလုံးသားတစ်စုံဆီသို့ တိုက်ရိုက်ဆက်သွယ်ထားကာ အမိန့်ပေးသည့်သဘော..

မင်း..လမ်းလျှောက်တော့လေ....

ဟော..ထိုသူ အမိန့်ပေးနေပြီ...ကျွန်မ ပတ်ဝန်းကျင်မှာ ဘာမှမရှိ...ဘာသံမှလည်း
မကြားရ..ထိုသူက သူ၏မနောဖြင့် ကျွန်မကိုအမိန့်ပေးသည်..လွန်ဆန်ခြင်းငှာ
ကျွန်မ မစွမ်းသာ...ထိုသူ၏အမိန့်ကိုနာခံရခြင်းသည် အတင်းအဓမ္မစေခိုင်းခြင်း
ကြောင့်နားထောင်မိခြင်းလည်းမဟုတ်..ရင်ထဲ နှလုံးသားထဲ အသွေးအသားထဲကနေ၍
ကျေနပ်စွာ အမိန့်နာခံသည့်သဘော....ဒါပေမဲ့...

ဟင့်အင်း..ဟင့်အင်း..ကျွန်မ မသွားပါရစေနဲ့..လမ်းဆုံးရင်ဘာရှိသလဲဆိုတာ
ကျွန်မသိတယ်...ကျွန်မ မသွားပါရစေနဲ့......

နွမ်းလျတိုးတိတ်စွာ ကျွန်မငြင်းဆန်မိသည်...ထိုငြင်းဆန်မှုသည်
ကျွန်မအတွက်အချည်းနှီးဖြစ်မည်မှန်းလည်း ကျွန်မသိသည်...
အကြိမ်ကြိမ်အခါခါ ငြင်းဆန်ခဲ့ဖူးသောစကားတစ်ခွန်းကိုပင်ကျွန်မထပ်ပြောမိသည်..
ဒါပေမဲ့ကျွန်မခြေလှမ်းတွေရဲ့ဦးတည်ရာတော့ ရှေ့တူရူသို့....
ဖြေးညင်းစွာလမ်းလျှောက်ခဲ့သည်...မမြင်ရသော ထိုတစ်စုံတစ်ခု
ကျွန်မဘေးမှာကပ်ပါနေသည်ကို ကျွန်မ စိတ်ထဲက ခံစားမိသည်....
ကြောက်ရွံ့မှုအလျင်းမရှိသော စိတ်တို့ဖြင့် ခြေလှမ်းတွေက တစ်လှမ်းခြင်း..

တိတ်ဆိတ်မှုတို့ ပိုမိုလွှမ်းခြုံလာသည်..ကျွန်မလျှောက်လှမ်းလာခဲ့သော
မြေနီလမ်းကလေးသည် ကျောက်သားလမ်းကလေးအဖြစ်သို့
ပြောင်းလဲလာခဲ့ပြီ..ကျွန်မကြောက်သော ထိုနေရာသို့ မကြာခင်
ရောက်ရှိတော့မည်...လျှောက်လှမ်းနေသော ထိုခြေလှမ်းတို့ကို
ရပ်ပစ်ရန် စဉ်းစားမိပေမဲ့..ဘေးနားမှာ ကပ်ကာ ဆက်လျှောက်လှမ်းရန်
ပြောနေသော ထိုသူ၏အမိန့်ကြောင့်..............

ကွင်းပြင်ဖြစ်နေသော ကျောက်စိုင်ကျောက်သားအကြီးကြီးပေါ်မှာ
ကျွန်မ မတ်တပ်ရပ်နေသည်...
ကျွန်မဘေးပတ်ပတ်လည်တွင် လက်ကိုင်ကာအားပြုစရာဆိုလို့
လေထု တစ်ခုသာရှိသည်....ဘာဖြစ်မည်ကိုသိနေသော ကြောက်စိတ်တစ်ခု..
ထိုကြောက်စိတ်ကို အားယူလျက်ကရှေ့သို့ ဖြည်းဖြည်းခြင်းတိုးသွားမိသည်...
ကျွန်မ၏ နီကြင်ကြင်အရောင်ရှိသော ဆံနွယ်တွေနှင့်
ဖြူလွလွ အကျီ၏ အနားစတို့သည် လေထဲတွင် ၀ဲပျံလျက်...
လက်နှစ်ဖက်ကို ဆန့်တန်းကာ ထိုကျောက်ဆောင်ပေါ်တွင်
လေဆန်ကို အံတုလျက် တစ်လှမ်းခြင်း တစ်လှမ်းခြင်း.........

ရှေ့မှာ..ရှေ့မှာ..ချောက်ကြီးတစ်ခု....တစ်စုံတစ်ရာဆီတွင်
ရောက်ရှိနေသော ကျွန်မ၏စိတ်တို့ကို ပြန်စုစည်းပြီး
ကိုယ့်ကိုကိုယ်အမိန့်ပေးသည်...
အောက်ကို ငုံ့မကြည့်နဲ့...မင်းအောက်ကို ငုံ့မကြည့်စေနဲ့..
မင်းအောက်ကိုငုံ့ကြည့်ရင် ဘာဖြစ်မယ်ဆိုတာ မင်းသိတယ်..
မင်းလုံးဝမကြည့်နဲ့နော်....

ထိုအချိန်သည် ကျွန်မ အတွက်အပင်ပန်းအခက်ခဲဆုံးအချိန်...
ထိုသူ၏ ဆန္ဒတွေကို တွန်းဖယ်ရုန်းကန်ရန် ကြိုးစားရသော
ကျွန်မ၏ စိတ်တွေသည် အလွန်ပင်ပန်းလွန်းလှသည်...
မကြည့်နဲ့ဟုအားတင်းရင်းကနေပဲ ကျွန်မ ချောက်ကြီးအောက်သို့
ငုံ့ကြည့်မိသည်...ဘာဖြစ်မည်ကို ကြိုသိနေသော ကျွန်မစိတ်တို့သည်
တကယ်တမ်း ထိုအရာကိုရင်ဆိုင်လာရသောအခါ အရမ်းကြီးမတုန်လှုပ်မိတော့..

တောက်လျှောက်အမိန့်ပေးလာသော ထိုတစ်စုံတစ်ရာက
ချောက်အစွန်းမှာနေ့သော ကျွန်မကို နောက်ကျောဘက်မှနေ၍
တွန်းချလိုက်သည်....မျက်လုံးစုံမှိတ်လျက်က လေဟာနယ်ထဲသို့
ကျွန်မ ထိုးဆင်းသွားသည်.....
အကြိမ်ကြိမ်ထိုချောက်ထဲသို့ ယခုလို တွန်းချခြင်းကို ခံခဲ့ရသော်လည်း
ထိုချောက်၏ အောက်ခြေဆီကိုတော့ ဘယ်သောအခါမှ မရောက်ဖူးခဲ့ပါ...
လေဟာနယ်ထဲတွင် အကာအကွယ်မရှိ လွတ်လပ်စွာ စီးဆင်းရသော
ခံစားမှုသည် ထူးဆန်းပေစွ...အရာအားလုံးသည် လွင့်ပျံလျက်...
မျက်လုံးကိုဖြေးညှင်းစွာ ဖွင့်ကြည့်လိုက်မိတော့ ထိုသူသည်
ကျောက်တောင်စွန်းမှနေကာ ကျွန်မကိုငုံ့ကြည့်နေသည်...
လက်တစ်ဖက်ကို ကျွန်မ ယမ်းယောင်ကာ ကမ်းပေးလိုက်တော့
ထိုသူပျောက်ကွယ်သွားသည်......
.................................................................................
ကျွန်မ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားသွားလျက် ကျွန်မ အိပ်ရာမှ
လန့်နိုးလာခဲ့ပြီ....ဘယ်ဘက်ရင်အုံဘက်မှာ သိုဝှက်စွာ တည်ရှိနေသော
နှလုံးသားတို့မောပန်းစွာ ခုန်နေသံကို တိတ်ဆိတ်သော ညသန်းခေါင်ယံမှာ
အတိုင်းသားကြားနေရသည်..မည်းမှောင်ကာ တိတ်ဆိတ်နေသော
ကျွန်မ ဘေးမှာ အမြဲတမ်းကျွန်မကိုအဖော်ပြုနေသော ရေသန့်ဘူးကလေး
ကတော့ အိပ်မောကျလျက်.......
.....................................................................................

အိပ်မက်..ဒါဟာအိပ်မက်တစ်ခု...ဘာဖြစ်မည်ကို အမြဲတမ်းကြိုသိနေသော
အိပ်မက်တစ်ခု...ချောက်ထဲမကျအောင် ဘယ်လိုပင်ငြင်းဆန်ပါသော်လည်း
မအောင်မြင်နိုင်သေးသော အိပ်မက်တစ်ခု....ချောက်ကြီး၏အောက်ခြေတွင်
ဘာရှိမည်ကိုသိချင်သောစိတ်ဖြင့် အိပ်ပျော်နေရာမှ မနိုးအောင် ကြိုးစားသော်လည်း
မရသော အိပ်မက်တစ်ခု.....
....................................................................................

ဟုတ်သည်..ဒါကျွန်မအမြဲတမ်းမက်နေခဲ့သော..မက်နေဆဲဖြစ်သော...
နောင်လည်း မက်နေမည်ဖြစ်သော ကျွန်မ၏ ခြောက်ခြားဖွယ်
အိပ်မက်တစ်ခု...............

နှင်းငယ်
4.9.2013 Wed,10:23pm

No comments:

Post a Comment