Sunday, September 8, 2013

ဘ၀ချင်းခြားတောင် ချစ်နေတဲ့သူ

ဒေါက်..ဒေါက်..ဒေါက်.......
အိမ်ရှေ့တံခါးမကြီး ဆီမှ တံခါးခေါက်သံလိုလို ကြားလိုက်ရသဖြင့်
အိပ်ပျော်နေရာမှ လန့်နိုးသွားခဲ့ရသည်...ခေါင်းအုံးဘေးမှာအမြဲတမ်းထားအိပ်သော
နာရီကိုကြည့်လိုက်မိတော့ည၁၂ နာရီတိတိ...
ပတ်ဝန်းကျင်သည် မှောင်အတိကျလျက်ရှိနေလေသည်......
အမှောင်ထဲတွင်ကျင့်သားမရသေးသောမျက်ဝန်းတို့က တစ်စုံတစ်ခုကို
တွေ့လိုတွေ့ငြား လှည့်ပတ်ရှာကြည့်ရင်း
ခုနကကြားရသော တံခါးခေါက်သံကို ပြန်လည်နားစိုက်ထောင်မိသည်..
ဆက်ပြီးတော့မကြားရတော့သဖြင့် အိပ်မက်ယောင်တာဖြစ်မည်ဟု
ပြန်တွေးပြီး ဆက်အိပ်ရန်ပြင်ဆင်သည်.....

ဒေါက်..ဒေါက်..ဒေါက်......အီးးဟီးးးးးးးးဟီးးးးးးးးး
ဒီတစ်ခါတော့တံခါးခေါက်သံ ပီပီသသနှင့်အတူ လူတစ်ယောက်ငြီးတွားသံလိုလိုပါ
ကြားလိုက်ရသည်..နဂိုကတည်းကမကြောက်တတ်သော မိန်းမတစ်ယောက်
ဖြစ်သည့်အတွက်..လက်နှိပ်ဓာတ်မီးကို လက်ကဆွဲလျက် အိမ်ရှေ့သို့
ထွက်လာခဲ့သည်..

ဒေါက်...ဒေါက်..ဒေါက်..ဒေါက်...ဒေါက်.....
တံခါးခေါက်သံတို့အဆက်မပြတ်ထွက်ပေါ်လာသည်..ထို့အတူ
ကျွန်မ အမြဲတမ်းကြားနေကြဖြစ်သော အသံတစ်ခု...

မေ..မေရေ....မေ...တံခါးမြန်မြန်လာဖွင့်ပါကွာ..
မောင် ဒီမှာချမ်းလှပြီ.......

မောင့်အသံကိုကြားလိုက်ရတော့ ရုတ်တရက်ကြောင်သွားမိသည်..
မောင်ခရီးသွားနေတာမဟုတ်ဘူးလား..မောင်ပင်လယ်ထဲမှာလေ..
မောင်ပြန်လာရမဲ့ ရက်မှာမဟုတ်သေးတာ...အတွေးတို့ စီတန်းကာ
ဝင်လာသည်...

မေ..မေ..မောင်ခေါ်နေတာမကြားဘူးလား..အိပ်ပျော်နေလားးမေ....
မောင်ချမ်းလှပြီကွ..ဒီမှာရေတွေ စိုရွှဲနေတာ...

အတွေးတို့ကိုဖြတ်တောက်ပြီး တံခါးကိုအမြန်ဖွင့်လိုက်သည်...
လက်နှိပ်ဓာတ်မီးရောင်အောက်တွင် မောင့်မျက်နှာဖြူဖျော့ဖျော့လေးကို
တွေ့လိုက်ရသည်..လက်နှစ်ဖက်ကိုပိုက်ထားလျက်...ဆံပင်များမှ
ရေများက မျက်နှာပေါ်သို့စီးကျနေလေသည်..ချမ်းလွန်း၍ထင်သည်..
မေးတစ်ခုနှင့်တစ်ခုရိုက်ခတ်၍ ထွက်လာသည့်အသံများကိုပင်
အတိုင်းသားကြားရသည်...

မောင်ရယ်..လာ..မြန်မြန်ဝင်..ဘယ်လိုဖြစ်လာတာတုန်း....

မောင့်လက်ကလေးကိုယုယစွာ စွဲကိုင်လျက် အခန်းဆီသို့
ခေါ်လာခဲ့လေသည်..အလို..မောင့်လက်တွေ ရေခဲတုန်းလို အေးစက်လို့နေပါလား...
အပြင်မှာ မိုးမရွာဘဲနဲ့ ဘယ့်နှယ့် ရေတွေစိုလာပါလိမ့်....မောင်အအေးမမိအောင်
သုတ်ပေးပြီးမှပဲ အေးအေးဆေးဆေး မေးပါတော့မယ်လေ....
ဘီဒိုထဲမှ တဘက်ကို ထုတ်ကာ မောင့်ခေါင်းက ဆံပင်တွေကို
ရေသုတ်ပေးမိလေသည်..မောင်က ကျွန်မပုခုံးပေါ်သို့အလိုက်သင့်လေးမှီထားသည်..
မလင်းတလင်းဖြစ်နေသော မီးရောင်အောက်မှာ မောင့်မျက်နှာကိုသေချာ
ကြည့်မိလေသည်..မောင့်မျက်နှာ အတော်ချောင်ကျသွားသည်..
သွေးမရှိသကဲ့သို့လည်းဆွတ်ဆွတ်ဖြူနေသည်...မောင့်ပါးလေးကိုယုယစွာ
ကိုင်ကြည့်မိတော့ အေးစက်လို့...မောင်တော်တော်ပင်ပန်းကာချမ်းနေရှာသည်
ထင်သည်..ထို့ကြောင့် ပုခုံးပေါ်မှေးစက်နေသော မောင့်ကို ကြင်နာစွာ
ပိုက်ထွေးမိထားလေတော့သည်....

ကလင်..ကလင်..ကလင်.......
ကလင်..ကလင်...ကလင်.......
ဖုန်းသံကြား၍ ကမန်းကတန်းထကာ ဧည့်ခန်းဆီသို့ပြေးထွက်ခဲ့သည်..

ဟဲလို...

ဟဲလို..ဟုတ်ကဲ့..ဒါ ဦးငြိမ်းချမ်း ရဲ့ ဇနီး ဒေါ်မေ၀တ်ရည်အိမ်ကလားမသိဘူးနော်..

ဟုတ်ကဲ့ရှင့်..ကျွန်မ မေ၀တ်ရည် စကားပြောနေပါတယ်..

ဟုတ်ကဲ့ပါ...အမကြီး...ကျွန်တော်က အစ်မကြီးအမျိုးသားအလုပ်လုပ်တဲ့
ကုမ္ပဏီကပါ...အစ်မကြီးကို ကျနော်သတင်းတစ်ခုပြောချင်လို့ပါ..အစ်မကြီး
စိတ်ခိုင်ခိုင်ထားပါနော်..

ဟုတ်ကဲ့..ဘာများပြောမလို့လဲမသိဘူးနော်..ပြောပါရှင့်...

ဟုတ်ကဲ့..ဟိုဟာလေ...အစ်မကြီးအမျိုးသား မနေ့ညက ပင်လယ်ပြင်မှာ
မုန်တိုင်းမိလို့ သဘောင်္မှောက်တဲ့ထဲပါသွားတာ....မနေ့ည ၁၂နာရီလောက်က
ဖြစ်တာခင်ဗျ..ကျနော်တို့လည်း ကြိုးစားပြီးလိုက်ရှာပါသေးတယ်..ပင်လယ်ပြင်ဆိုတော့
မုန်တိုင်းကလည်းရှိနေပြန်..လှိုင်းကလည်းကြီးနေတာဆိုတော့ သေဆုံးလား
ပျောက်ဆုံးလား မသိသေးတာရော..ဆက်သွယ်ရခက်တာရယ်ရောကြောင့်
မဆက်သွယ်ဖြစ်တာပါ...ခုမနက်တော့.....

နေ..နေစမ်းပါဦး....ခုကဘာပြောနေတာလဲဟင်...ကျွန်မအမျိုးသားက
မနေ့ညကပဲ အိမ်ကိုပြန်ရောက်လာတယ်ရှင့်..ခုတင်ကျွန်မ သူ့အနားက
ထလာခဲ့တာ..ရှင်တို့လူမှားနေတာလားမသိဘူးနော်......

အစ်မကြီး..တစ်ဆိတ်လောက်နားထောင်ပါခင်ဗျာ..အစ်မကြီးစိတ်ထိခိုက်မှာကို
ကျနော်တို့ကိုယ်ချင်းစာပြီးနားလည်ပါတယ်....အမ တရားသဘောနဲ့သာဖြေပါ..
ခုပဲ အမအမျိုးသားအလောင်းကို ကျနော်တို့ဆယ်ယူရရှိပါတယ်...အဲ့ဒါ...

တစ်ဖက်ကပြောစကားတွေကိုဆက်လက်နားထောင်နိုင်စွမ်းမရှိတော့သဖြင့်
ဖုန်းကြိုးကိုလွှတ်ချထားခဲ့မိသည်...ထို့နောက် ခြေလှမ်းများကအိပ်ခန်းဆီသို့..
မောင် အသက်ရှင်နေသေးတယ်..သူတို့လူမှားနေတာ..လူမှားနေတာပဲဖြစ်မှာ..

မောင်...မောင်ရေ...မောင်..ဘယ်ရောက်နေလဲ..
မောင်....မေ့ကိုပြန်ထူးပါဦး..မောင်........
ပါးစပ်က မနားတမ်းအော်ခေါ်နေရင်းခြေလှမ်းများက ဦးတည်ရာမဲ့စွာဖြင့်
အခန်းတစ်ခုလုံးလှည့်ပတ်ရှာနေမိသည်.....
ရေချိုးခန်း..အိမ်သာ...ယုတ်စွအဆုံးမောင်များပုန်းနေမလားဆိုသော
စိတ်ကူးဖြင့် ကုတင်အောက်ကိုတောင် ငုံ့ကာရှာနေမိသည်....
ထို့နောက် စိတ်ပင်ပန်းနောက်ကျိစွာဖြင့် ကုတင်ပေါ်သို့လက်နှစ်ဖက်ကိုထောက်ကာ
ထိုင်ချလိုက်မိသည်.....
ညကတင်မောင့်ကို ထွေးပွေ့ထားမိသေးသည်..ညကတင် မောင့်ကိုယုယစွာ
ချော့သိပ်ခဲ့သေးသည်...ညကတင် အိပ်ပျော်နေသော မောင့်ပါလေးကို
ကြင်နာစွာနမ်းမိသေးသည်..ခုမောင် မရှိတော့ဘူး..မရှိတော့ဘူးတဲ့လားကွယ်..
မေ ဘယ်လိုယုံရမှာလဲ...မောင် မေ့ပုခုံးပေါ်မှာ မှီအိပ်ခဲ့တာက အိပ်မက်မှ
မဟုတ်တာ....မောင့်ကိုဖက်ထားတဲ့ မေ့လက်တွေက မောင်တကယ်ရှိကြောင်း
သက်သေမထူပေးနိုင်တော့ဘူးတဲ့လားကွယ်...မောင်ရေ...မောင်.....
သွေးရူးသွေးတန်းနှင့် မနေ့ညက မောင်အိပ်ခဲ့သော မွေ့ရာလေးကို
လက်နဲ့အသာအယာစမ်းသပ်မိနေသည်..

ရေတွေ..ရေတွေ...ဟုတ်သည်..မေ့လက်မှာရေတွေ......
မောင်ထိုင်သွားသောနေရာမှာ ရေတွေရှိနေတာကို
မေ စမ်းမိသည်.....ရောင်စုံအိပ်ရာခင်းလေးကို မပြီး
မွေ့ရာပေါ်ကိုကြည့်မိတော့လည်းလူတစ်ယောက်လဲလျောင်းသွားသည့်
ပုံစံ ရေကွက်တွေကို တွေ့ရသည်...

ဒါဆို..ဒါဆို မောင်ရောက်လာတာသေချာပြီပေါ့....
မေ့ဆီကို အားတင်းပြီးတော့ကို လာခဲ့တယ်ပေါ့နော်မောင်......
သေလွန်ပြီးတာတောင်မှ မေ့ကို ချစ်တုန်းတဲ့လား မောင်ရယ်...
ဒီလိုသာသိခဲ့မိရင် မောင့်ကိုဒီ့ထက်ပိုပြီး ထွေးပွေ့ထားခဲ့ရမှာ...
မောင့်ကိုဒီ့ထက်ပိုပြီး ကြင်နာပေးခဲ့ရမှာ..ခုတော့..ခုတော့လေ....
မောင့်အငွေ့အသက်တို့ နောက်ဆုံးတည်ရှိသွားသော အိပ်ရာပေါ်သို့
မေတစ်ယောက် မျက်နှာအပ်ကာ ရှိုက်ကြီးတငင် ငိုနေလေတော့သည်...

မောင်တစ်ယောက်နောက်ဆုံးအချိန် ဟိုးပင်လယ်အောက်ထဲမှာ
အရမ်းချမ်းနေလွန်း၍ထင်သည်..
အချမ်းပြေပျောက်စေရန် သူချစ်သော မေ့ရင်ခွင်မှာ
ခိုဝင်နားဖို့ ခေတ္တခဏ ရောက်လာခဲ့သေးသည်ကိုး..........

နှင်းငယ်

ဝန်ခံချက်..ဖတ်ဖူးသော စာတစ်ပုဒ်လား ကြားဖူးသော ပုံပြင်တစ်ပုဒ်လားတော့
သေချာမသိတော့ပါ...ယနေ့ည ခေါင်းထဲတွင် ထိုအကြောင်းအရာလေးတစ်ခု
ရောက်လာမိသဖြင့် ရေးမိခြင်းဖြစ်ပါသည်..

No comments:

Post a Comment