Sunday, September 8, 2013

Four Types of Love (အချစ်လေးမျိုး)

အချစ်တွင် လေးမျိုး ရှိသည်ဟု ကျွန်တော်ကြားဖူးထားသည်။

1) Storge - Affection
2)Phileo - Friendship
3)Eros - Romance &
4)Agape - Unconditional Love

ပထမတစ်မျိုးStorgeက သွေးရင်းသားရင်းအချစ်မျိုး..မိဘမောင်နှမသားချင်း
အချစ်မျိုး..ကျွန်တော်တို့ နားလည်ထားသလိုမျိုးနှင့်ပြောရလျှင်
၅၂၈ မေတ္တာလိုမျိုးကိုပြောသည်ထင်သည်။

ဒုတိယအချစ်က သူငယ်ချင်းအချစ်..မိတ်ဆွေအချစ်တဲ့...
ဒါကတော့ ဘော်ဒါကဏ္ဍ ကိုပြောချင်သည်ဖြစ်မည်။

တတိယအချစ် Eros ကတော့ ချစ်သူသမီးရည်းစားအချစ်..
လင်မယားအချစ်တဲ့...သူ့မှာတော့ လိုချင်တပ်မက်တဲ့တဏှာ
ပါမည်ထင်သည်။ ကျွန်တော်တို့အခေါ်ဆိုလျှင် ၁၅၀၀ အချစ်ဖြစ်မည်။

နောက်ဆုံး စတုတ္ထအချစ် Agape ကို နောက်တစ်မျိုးခေါ်သေးသည်။
ဒီအသုံးအနှုန်းလေးကိုတော့လူသိများကြမည်ထင်သည်။
Ptatonic ပလေတိုးနစ် အချစ်တဲ့..သူ့ကိုအဓိပ္ပါယ်ဖွင့်ဆိုထားတာလေးကို
ကျွန်တော် တအားသဘောကျမိသည်။
Agapic Love, is altruistic, saying, “I will give, requiring nothing in return.”
တဲ့..ဘယ်လောက်တောင်မှ မွန်မြတ်လိုက်သည့် အချစ်မျိုးပါလဲ....

(၂)
ကျွန်တော်ဖြူလေးကိုချစ်သည်။ဖြူလေးကို ချစ်သည့်နည်းတူ
မိုးနှင်း ကိုလည်း ကျွန်တော်ချစ်လေသည်။
နှလုံးသားတစ်ခုတည်းတွင် မိန်းကလေးနှစ်ယောက်ကိုတစ်ပြိုင်နက်တည်း
ချစ်လို့ရမရ ကျွန်တော်မသိ။အချစ်ဆိုတာ တစ်သက်မှာတစ်ခါပဲဖြစ်ပေါ်တတ်သလား။
ဒါမှမဟုတ်အချိန်အခါ ပတ်ဝန်းကျင်နှင့် သံယောဇဉ်ပေါ်မူတည်ပြီးပြောင်းလဲတတ်သလားလည်း
ကျွန်တော်မသိ။ယခုအချိန် ဖြူလေးကိုချစ်သလား မေးလျှင်ချစ်သည်ဟုဖြေမည်
ဖြစ်သလို မိုးနှင်းကိုချစ်သလားဟုမေးလျှင်လည်း ချစ်သည်ဟုပဲဖြေမည်ထင်သည်။

(၃)
ဖြူလေး မှာ ချစ်သူရှိသည်ဟု ကြားလိုက်ရသည့်နေ့က ကျွန်တော့ရင်တစ်ခုလုံး
စုတ်ပြတ်ကြေမွသွားခဲ့သည့်။ကျွန်တော်ဖြူလေးကိုတောင်းပန်ခဲ့သည်။
ငါ့ကိုပြန်မချစ်ရင်နေပါ သူငယ်ချင်းလေးရယ်...ချစ်သူတော့မထားပါနဲ့နော်ဟု..
ဘယ်လောက်ပဲငုံ့လျိုးတောင်းပန်ခဲ့ပါစေ..ဖြူလေးကိုတော့ တားလို့မရခဲ့ပါ။
ကျွန်တော်နှင့်ဖြူလေးကြားက ဖြူစင်သန့်ရှင်းခဲ့သော Phileo အချစ်ကို
Eros အဖြစ် စတင်အရောင်ဆိုးခဲ့သူက ကျွန်တော်ဖြစ်ခဲ့လေသည်။
ထို့အတွက်ပြစ်ဒဏ်အဖြစ် ဖြူလေးဆီက Eros အချစ်ကို မရခဲ့သည့်အပြင်
Phileo အချစ်ကိုပါ ဆုံးရှုံးခဲ့လေတော့သည်။

ကျွန်တော်ရင်တွေကွဲနေရချိန်..ကြေကွဲဝမ်းနည်းနေရချိန်တွင်
မိုးနှင်းက ကျွန်တော့ဘ၀ထဲကို ချဉ်းနင်းဝင်ရောက်လာခဲ့သည်။
အချစ်ကြောင့်ဒဏ်ရာဖြစ်နေသော ကျွန်တော့နှလုံးသားကို
မိုးနှင်းက ဆေးထည့်ကာ ကုသပေးခဲ့သည်။ဖြူလေးဆီကမရခဲ့သော
အချစ်တို့ကို အမှတ်မထင် မိုးနှင်းဆီက ရလာသည့်အခါ ကျွန်တော့စိတ်တို့
သာယာမိလေသည်။မိုးနှင်းက ကျွန်တော့ကိုပျော်ရွှင်မှုတွေပေးသည်။
ငတ်မွတ်ခဲ့သော ချစ်ခြင်းတွေပေးသည်။အေးစက်နေသော
ကျွန်တော့ဘ၀ကို နွေးထွေးမှုပေးသည်။ကျွန်တော်လိုချင်ခဲ့သော
နားလည်မှုတွေပေးသည်။အချိန်အတိုင်းအတာတစ်ခုသို့ရောက်လာခဲ့သောအခါ
ကျွန်တော်မိုးနှင်းကို သနားသလို ဖြစ်လာသည်။ကိုယ့်အပေါ်မှာ ဒီလို
ဂရုတစိုက်ရှိတဲ့မိန်းကလေးကို ကျွန်တော်လက်မလွှတ်နိုင်သလိုဖြစ်လာသည်။
ထိုအခါ မကျူးလွန်သင့်သောကိစ္စတစ်ခုကို ကျွန်တော်ကျူးလွန်မိတော့သည်။ ဒါကတော့ကျွန်တော်သိပ်ချစ်ခဲ့သောဖြူလေးနေရာမှာ
ကျွန်တော့ကိုသိပ်ချစ်သော မိုးနှင်းကိုအစားထိုးခဲ့ခြင်းပင်။

(၄)
ဖြူလေးသူ့ချစ်သူနှင့် လက်ထပ်တော့မည်ဟုတစ်စွန်းတစ်စကျွန်တော်
ကြားခဲ့ရသည်။ကျွန်တော့ဘေးနားတွင် မိုးနှင်းရှိနေလျက်ကပင်
ဖြူလေးကို ကျွန်တော်စိတ်ပူမိလေသည်။သူ့ချစ်သူက ငါ့လောက်မှ
ဖြူလေးအပေါ် ကြင်နာပါ့မလား...ဂရုစိုက်ပါ့မလား...ချစ်ပါ့မလား..
အို..ငါဘာတွေလျှောက်တွေးနေမိပါလိမ့်...ဖြူလေးကအရာရာကို
ဝေဖန်ပိုင်းခြားနိုင်တဲ့ မိန်းကလေးတစ်ယောက်ပဲ...မစဉ်းစားမဆင်ခြင်ဘဲ
ဘယ်အရာကိုမှ အလွယ်တကူဆုံးဖြတ်မှာမဟုတ်ပါဘူး...
ငါသူ့ရည်းစားကို ဖြူလေးကိုဂရုစိုက်ဖို့ သွားပြောရမလား..
ဒီလိုလည်းမဖြစ်သေးပါဘူး...ဒီလိုပြောရင် ဖြူလေးစိတ်ဆိုးသွားလိမ့်မယ်...
ဖြူလေးနဲ့ငါက ဆွေမျိုးတော်တာလည်း မဟုတ်ဘူး....
သူ့ချစ်သူအနေနဲ့စဉ်းစားပြန်ရင်လည်း မကောင်းပါဘူး...
ထိုရက်ပိုင်းတွေတုန်းက ညညတွေ ကျွန်တော်အိပ်မပျော်ခဲ့....
အိပ်ရာထဲမှာလူးလိမ့်ရင်း ကျွန်တော်အလန့်တကြား တွေးမိသွားခဲ့သည်။
ကျွန်တော်ဖြူလေးကို ချစ်နေမိတုန်းပဲ.......

(၅)
လူတစ်ယောက်ထဲကနေ အချစ်လေးမျိုးလုံးနှင့် လူလေးယောက်ကိုတစ်ပြိုင်နက်ထဲ
ချစ်လို့ရမရ ကျွန်တော် မသိပါ။
သေချာသည်ကတော့ ဖြူလေးဆီကအချစ်ကို နည်းနည်းလေးမှမျှော်လင့်၍
မရတော့သည့်အခါ ကိုယ့်ရဲ့ Eros အချစ်တွေကို Platonic အဖြစ်သို့
ပြောင်းလဲခဲ့လိုက်လေသည်။ကိုယ့်အချစ်တွေကို သူ့ကိုပေးမယ်..
ဒါပေမဲ့သူ့ဆီကတော့ ဘာမှမမက်မော..ဘာမှမလိုချင်....

ဒါဆိုလျှင် မိုးနှင်းကိုရော...ကျွန်တော်မိုးနှင်းကို ဘယ်လိုအချစ်မျိုးနှင့်
ချစ်ခဲ့ပါလိမ့်....Phileo အချစ်မကတော့တာတော့ ကိုယ့်ကိုကိုယ်သေချာသည်။
ဒါဆို Eros အချစ်မျိုးလား.....ယခုအချိန်မှာ မိုးနှင်းကို ကျနော်သနားသည်။
သူ့ကို ထားခဲ့ဖို့ဆိုတာ စိတ်ကူးထဲတောင်မရှိ။အချစ်ငတ်နေတုန်းက အချစ်တွေ
ရင်နှင့်မဆံ့အောင်ပေးခဲ့သော မိုးနှင်းကို ကျွန်တော်တစ်ယောက်တည်း
မထားရက်ခဲ့ပါ။ဒါဆိုလျှင် မိုးနှင်းကို ကျွန်တောရယူပိုင်ဆိုင်ချင်တဲ့အချစ်နဲ့
ချစ်ခဲ့တာလား.......

(၆)
ဖြူလေးကို ချစ်သလားမေးလျှင် ချစ်သည်ဟုဖြေမည် ဖြစ်သလို
မိုးနှင်းကို ချစ်သလားမေးလျှင်လည်း ချစ်သည်ဟုပဲဖြေမည် ဖြစ်သည်။
ဒါပေမဲ့ ဖြူလေးကိုချစ်လားမေးလာသူတိုင်းကိုတော့ ကျွန်တော့ဘက်က
စကားလေးတစ်ခွန်းကိုဖြည့်စွက်ဖြေပေးမည်။
ဖြူလေးကို Platonic အချစ်မျိုးနှင့်ချစ်တာဟု......................

(ဟန်နာစနိုး)

No comments:

Post a Comment