Sunday, September 8, 2013

ရွေးချယ်မှု


ကျွန်မဘ၀ရဲ့ ပထမဆုံးဖိနပ်ကလေးကို အမေက
ကျွန်မ အသက်တစ်နှစ်နဲ့သုံးလအရွယ်မှာ ၀တ်ဆင်ပေးခဲ့ပါတယ်..
အောက်ခြေနင်းသားရေခံပေါ်မှာ ဘေးကအညိုရောင် ကတ္တီပါအသိုင်းလေးနဲ့
ခြေမျက်စိနားမှာ နှိပ်စိလေး တပ်ပြီး စီးရတဲ့ဖိနပ်လေးပါ.....
ဒီဖိနပ်လေးကိုစီးပြီး မြေကြီးလမ်းပေါ်မှာ တစ်တောက်တောက်နဲ့
ကျွန်မပျော်ရွှင်စွာ ပြေးလွှားခဲ့တာပေါ့...

ကျွန်မ အသက်သုံးနှစ်ရောက်တော့ အမေကဖိနပ်ဆိုင်ကို ကျွန်မကို
ခေါ်သွားတယ်..အဲ့ဒီမှာ ကျွန်မရွေးဖြစ်တာက အဖြူရောင်ရာဘာခံပေါ်မှာ
အပြာရောင်သဲကြိုးလေးတပ်ထားတဲ့ ကြက်ပေါင်ဖိနပ်လေးပါ..
ဒီဖိနပ်လေးကိုလည်း ပါးလှပ်နေအောင်စီးပြီး ဆော့ကစားခဲ့တာပါပဲ..
ဖိနပ်တစ်ရံကို သဲကြိုးပြတ်သည်ထိစီးပြီးမှ နှမြောစွာ လွှင့်ပစ်ခဲ့မိတာတော့
အဲ့ဒီအသက်အရွယ်ကတည်းကပေါ့......

ကျွန်မအသက်ငါးနှစ်အရွယ်သူငယ်တန်းစတတ်တော့ အမေက
ကျောင်းမှာစီးဖို့ အဖြူရောင် ယင်းမာဖိနပ်လေးကို ၀ယ်ပေးတယ်...
အဖြူရောင်လုံးဝဗြောင်တော့မဟုတ်ဘူး..ခြေထောက်နင်းတဲ့နေရာမှာ
ရောင်စုံကာတွန်းရုပ်ကလေးတွေ ရေးခြယ်ထားတာ...ဒီဖိနပ်လေးကို
ကျွန်မ ၀တ်ဆင်လိုက်ပြီးရင် ကိုယ့်ကိုကိုယ် တက္ကသိုလ်ကျောင်းသူကြီး
တစ်ယောက်လိုခံစားခဲ့ရတယ်...ဘယ်နေရာသွားသွား ဒီဖိနပ်အဖြူရောင်လေးကို
စီးထားလိုက်ရင် ကိုယ့်ကိုကိုယ်ယုံကြည်ချက်အပြည့်ဖြစ်နေတတ်တယ်...
အဖြူရောင်ဖိနပ်ကလေးကို ကျွန်မ တက္ကသိုလ်ဝင်တန်းအထိ နှစ်ခြိုက်စွာ
မော်ကြွားစွာ စီးနင်းခဲ့တာပေါ့....

ဒီလိုနဲ့ကျွန်မ တက္ကသိုလ်ဒုတိယနှစ်အရောက်မှာ ဒေါက်မြင့်ဖိနပ်တွေ
စီးနင်းလာတတ်တော့တယ်..ဖိနပ်အရောင်တွေရွေးလိုက်တိုင်းမှာလည်း
ရွှေအိုရောင်လိုမျိုး..အညိုရောင်လိုမျိုး..အမည်းရောင်လိုမျိုး
မှိုင်းမှိုင်းညို့ညို့အရောင်တွေပဲ ရွေးချယ်လာတော့တယ်..
အဖြူရောင်ဖိနပ်ကလေးဆိုရင် ၀ယ်ဖို့မပြောနဲ့..ခြေထောက်မှာကို
အစမ်းမစီးကြည့်တတ်တော့တာ....ကျွန်မ စိတ်တွေငယ်စဉ်ကလို
မဟုတ်တော့ ကျွန်ရွေးချယ်မှုတွေကလည်းမဖြူစင်လာတော့ဘူး...

ကျွန်မ ခုလုပ်ငန်းခွင်ကိုရောက်လာပြီ...ပြေးရလွှားရတဲ့နေရာလေးတွေ
ရှိလာပြီ...နှစ်ခြိုက်စွာစီးနင်းခဲ့တဲ့ ဒေါက်ဖိနပ်ကို သိပ်မစီးဖြစ်တော့...
ကိုယ်တိုင်လှပဖို့အရေးထက် လူသက်သာမဲ့အရေးကို ပိုတွေးတတ်လာပြီ..
ဖိနပ်အပါးလေးတွေကိုအရောင်ရွေးရင်တော့ အရင်လိုအမည်းရောင်တွေချည်း
မရွေးချယ်မိတော့ဘူး..အမည်းနဲ့အဖြူစပ်ထားတာလေးတွေကို
ပိုကြိုက်နှစ်သက်လာတယ်..အရောင်ဖျော့တာလေးတွေ...အရောင်လင်းတာ
လေးးတွေ ကိုပိုဦးစားပေးဝယ်ဖြစ်တော့တယ်...
ကျွန်မ စိတ်ဓာတ်တွေလည်း အဖြူအမည်းရောနေပြီထင်ပါရဲ့....

ငယ်စဉ်တစ်နှစ်ကျော်ကတည်းကနေ ခုချိန်ထိကျွန်မခြေထောက်မှာ
ဖိနပ်တွေစီးနေရတုန်းပဲ....
လမ်းကြမ်းမှာ ကျွန်မခြေဖ၀ါးတွေ မနာကျင်ဖို့...
ပုလင်းကွဲတွေမရှမိစေဖို့...နေပူပူမှာ ခြေထောက်တွေမပူလောင်ဖို့...
ကျောက်ပြားချောချောပေါ်မှာ ကျွန်မချော်မလဲစေဖို့..
စတာတွေကို ကျွန်မ ခန္ဓာကိုယ်တစ်ခုလုံးအလေးချိန်ကြီးကို
ထမ်းထားပြီး ဆောင်ရွက်ပေးခဲ့တာ ဒီဖိနပ်လေးတွေပေါ့....
ဖိနပ်ကလေးတစ်ရံပြတ်သွားပြီးရင် နောက်တစ်ရံ အစားထိုးစီးလိုက်...
တစ်ချို့ကလည်း ဖိနပ်ကလေးမပြတ်သေးဘဲ တစ်ရံပြီးတစ်ရံပြောင်းလဲ
စီးလိုက်နဲ့...ဘယ်သူမှတော့ဖိနပ်ဗလာနဲ့ လမ်းမလျှောက်ကြပါဘူးလေ..

အရောင်အသွေးစုံ.. အရောင်စုံ..အမျိုးအစားစုံတဲ့ ဖိနပ်ကလေးတွေကို
ကျွန်မတို့ မသေမချင်းရွေးချယ်ပြီးတော့ စီးနေရဦးမှာပဲ..
သေချာတာတော့ လုံးဝဖြူဆွတ်နေတဲ့ဖိနပ်တစ်ရံကို
ခုချိန်မှာ ကျွန်မ မစီးရဲတော့ဘူး..
ဘာဖြစ်လို့လဲဆိုတော့ ဟိုအရင် ယင်းမာအဖြူရောင်လေးစီးခဲ့တုန်းကလို
ကျွန်မ စိတ်တွေ မဖြူစင်တော့လို့.....

(နှင်းငယ်)

No comments:

Post a Comment