ကိုယ်တိုင်လိုက်ပို့ဖြစ်ခဲ့သော ကျွန်မ၏ သေဆုံးခြင်း အခမ်းအနား
ကျွန်မဘေးပတ်ပတ်လည်တွင် လူများကြည့်နေကြသည်။
တစ်ချို့က မှင်သေသေ..တစ်ချို့က မျက်နှာလို မျက်နှာရ...
တစ်ချို့က အယောင်ဆောင်....တစ်ချို့ကတော့တကယ်
ဝမ်းနည်းသည့်မျက်နှာ.....
ထိုမျက်နှာများနဲ့ ကျွန်မ အချိန်ကာလတစ်ခုအထိရင်းနှီးခဲ့ဖူးသည်။
ယခုသူတို့ကျွန်မကို ကြည့်နေကြသည်။အနီးကပ်တော့မဟုတ်။
ခပ်လှမ်းလှမ်းနေရာတစ်ခုကသာ။ယခင်က ကျွန်မကိုညီမလေးလို
အစ်မလို ချစ်ခင်ခဲ့ကြသော လူတွေ ယခုအချိန်မှာတော့
ကျွန်မအနားကို မည်သူမျှ မကပ်ရဲကြတော့။သူတို့ကိုလည်း ကျွန်မ
အပြစ်တော့မဆိုသာပေ။ကျွန်မသာ သူတို့နေရာမှာ ရှိနေခဲ့မည်ဆိုလျှင်
ကျွန်မလည်းထိုသူတို့လိုပဲ ပြုမူမိမည်ထင်သည်။
(၁)
အမေ့ဗိုက်ထဲကတည်းက အလုပ်လုပ်ခဲ့ရသော ကျွန်မ၏နှလုံးသားတို့
ပင်ပန်းနွမ်းနယ်လွန်း၍ထင်သည်။မနေ့ည ညဦးပိုင်းက အနားယူသွားခဲ့သည်။
တစ်ဖြည်းဖြည်းထွက်ခွာလာခဲ့သော ကျွန်မ ၀ိဥာဉ်က အသက်မဲ့သွားသော
ကျွန်မခန္ဓာကိုယ်ကို ပြန်လည်ငုံ့ကြည့်သည်။ဘေးနားမှာအလွန်အပြစ်ကင်းလှသော
သားငယ်လေးက ကျွန်မ၏အသက်မဲ့နေသော ခန္ဓာကိုယ်ကို ဖက်လျက်
အိပ်ပျော်နေလေသည်။ကျွန်မ၏ ဖြူလွလွ ၀ိဥာဉ် ဆစ်ခနဲ နာကျင်သွားရသည်။
သားလေးကို ကျွန်မ ထားခဲ့ရလေပြီ။သားလေးနားမှာ နေချင်သည့်စိတ်ခဏ
ဖြစ်ပေါ်လိုက်သည်နှင့် ကျွန်မသားလေးနားကိုဖြတ်ခနဲရောက်သွားသည်။
ယခင်က သားလေးအိပ်လျှင်ပြုလုပ်ပေးနေကြအတိုင်း သားလေးတင်ပါးကို
ကျွန်မလက်ကလေးနှင့်အသာအယာပုတ်ပေးမိသည်ထင်သည်။ကျွန်မ
မသိ။ကျွန်မ မှာခိုနားစရာ ခန္ဓာမရှိတော့သဖြင့် ကျွန်မတွင်ခံစားတတ်သော
စိတ်ရှိသေးသလား ကျွန်မ မသိ။ကျွန်မ သားလေး၏အသားစိုင်ကလေးကို
မကိုင်တွယ်မိတာတော့ သေချာသည်။
ဝိဥာဉ်..ကျွန်မဟာဝိဥာဉ်တစ်ခုဖြစ်နေခဲ့တာလား...အမေပြောဖူးတာ
ပြန်လည်ကြားယောင်လာမိသည်။လူဆိုတာသေပြီးလျှင် ချက်ချင်းဘ၀ကူးသတဲ့။
ကျွန်မကရော..ငရဲလည်းမရောက်သေး..နတ်ပြည်ဆိုတာကတော့ကျွန်မနှင့်
လားလားမျှ မဆိုင်..ဒါဆိုကျွန်မ သရဲဟုခေါ်ကြသော ပြိတ္တာ
အဆင့်ကို ရောက်နေခဲ့တာလား..ဒါဆိုသေခါနီး ကျွန်မ ဘာကိုများစွဲလန်း
ခဲ့ပါလိမ့်..တွေးမိသည်။သေချာပြီ။ ကျွန်မ သားလေးကိုစွဲလန်းခဲ့မိသည်ထင်သည်။
ဝေဒနာကိုပြင်းထန်စွာ ခံစားရတုန်းက ဝေဒနာသက်သာလို သက်သာငြား
အိပ်ပျော်နေသော သားလေးမျက်နှာကို ငေးမောကြည့်နေခဲ့ဖူးသည်။
ဒါကြောင့်ဖြစ်မည်။
(၂)
မနက်လင်းပြီ။ ၇ နာရီကျော်လျှင်နှိုးနေကျအတိုင်းအမေလာနှိုးတော့မည်။
ပထမတစ်ခါ တံခါးဖွင့်ပြီး ထတော့ဟု အော်ရုံအော်သွားမည်။ဒုတိယတစ်ခါ
ထပ်အော်မည်။တတိယအခါကျလျှင်တော့ ခြင်ထောင်ကိုမပြီး လူကို
ကိုင်လျှက် နှိုးတော့မည်။ဒါကြုံနေကျ ကျွန်မရဲ့မနက်တွေ။ခုတော့
အမေဘယ်လောက်လာနှိုးနှိုး ကျွန်မ နိုးတော့မည်မဟုတ်တော့ပေ။
ကျွန်မ မနိုးတော့လျှင်..အမေလန့်သွားမည်ထင်သည်။အပေါ်ယံမာကျော
ဟန်ဆောင်ထားသောအမေ့စိတ်ထားလေး ဘယ်လောက်နူးညံ့သည်ကို
ကျွန်မသာ သိသည်။ဒါပေမဲ့အမေ့ကိုအရမ်းကြီးစိတ်မပူမိ။ဘာဖြစ်လို့လဲဆိုတော့
အမေ့မှာ တရားအသိရှိသည်။အချိန်အတိုင်းအတာတစ်ခုရောက်သွားလျှင်
အမေ ဖြေသာသွားနိုင်လိမ့်မည်ဟု ကျွန်မ ယုံကြည်လေသည်။
“အမလေး..လုပ်ကြပါဦး..ကျွန်မသမီးလေး မနိုးတော့ဘူး.”...
ကျွန်မထင်ထားသည့်အတိုင်း..အမေလန့်သွားသည်။
“ဘွား..သားသားကြောက်တယ်..မေမေ..မေမေရော...
မေမေ့ကိုနှိုးပေး....ဘွား..မေမေ့ကိုနှိုးပေးပါ..
မေမေ..မေမေ..ထ..ထ...”.
အမေ့ရဲ့စူးစူးဝါးဝါးအော်သံရော သားငယ်လေးရဲ့အော်သံပါရောပြွန်းလျက်
ထွက်လာကြသည်။အခန်းတစ်နေရာမှာ ကျွန်မ ရှိနေသည်။ကျွန်မ အားလုံးကို
မြင်နေရသည်။ကျွန်မ အားလုံးကိုကြားနေရသည်။ကျွန်မ ပြန်ပြောလို့မရ။
ဟစ်အော်လို့မရ။သူတို့ကိုကျွန်မ မြင်နေရပေမဲ့ ကျွန်မကိုတော့သူတို့မမြင်။
မွန်းကြပ်လာသည်ထင်ရသည်။ကျွန်မပြေးထွက်ချင်လာသည်။
ထိုစိတ်ဖြစ်ပေါ်လာသည့်တစ်ခဏ အိမ်အပြင်ဘက်သို့
ကျွန်မရောက်သွားလေသည်။
(၃)
ကျွန်မအိမ်ရှေ့တွင် ချက်ချင်း မဏ္ဍပ်တစ်ခုထွက်ပေါ်လာသည်။
ကုတင်လေးပေါ်တွင် အ၀တ်ပါးလေးလွှမ်းခြုံထားလျက်
အပေါ်က ခေါက်ခြင်ထောင်လေး အုပ်ပေးထားသည်။
ကျွန်မကိုယ်ကျွန်မ ပြန်မြင်မိတော့ အိပ်နေသည့်အတိုင်းလေး။
အရင်ကတည်းက မိတ်ကပ်မလိမ်းသည့်ကျွန်မကို
အမေက နောက်ဆုံးအကြိမ်အဖြစ် သနပ်ခါးလေး လိမ်းပေးထားသည်။
စကားသံ သဲ့သဲ့ကြားရသည်..သားလေးကို ဘွားကြီးအိမ်ပို့ထားမတဲ့။
ကောင်းပါတယ်..သားလေးကိုဒီလိုတွေမမြင်စေချင်ဘူး..ခေါ်သွားကြပါ...
ကျွန်မနဲ့ဝေးရာကို သားလေးကိုခေါ်သွားပေးကြပါ.....
လူတွေတစ်ဖွဲဖွဲရောက်လာကြသည်။
ဆွေမျိုးတွေပါသည်။သူငယ်ချင်းမိတ်ဆွေတွေပါသည်။
လုပ်ဖော်ကိုင်ဖက်တွေပါသည်။ကျောင်းမှ မောင်လေး
ညီမလေးတွေပါသည်။ကျနော်နဲ့လူ့ဘ၀တုန်းက မသိခဲ့သော
လူတစ်ချို့တောင်ပါသည်။မည်သူတွေလဲ...ကျွန်မ စဉ်းစားမရ။
အမေတို့နှင့်လည်းသိဟန်မတူ။ ခနနေတော့ကျွန်မ အစ်ကိုရောက်လာသည်။
ကျွန်မပျော်သွားသည်။ အစ်ကို့နားကို ကျွန်မ ပြေးကပ်လိုက်မိသည်။
အစ်ကို့မျက်နှာမှာ မျက်ရည်တွေနှင့်...ကျွန်မခန္ဓာကိုယ်ကိုပြင်ဆင်ထားသော
ကုတင်နားသို့ အစ်ကိုကပ်သွားပြီး မျက်ရည်များကြားထဲက စကားတိုးတိုးကပ်ပြော
လိုက်သည်ထင်သည်။ဘာပြောလိုက်သလဲဆိုတာတော့ တိုးလွန်းသဖြင့်
ကျွန်မ၀ိဥာဉ်ကမကြားလိုက်ပေ။
(၄)
"ခွမ်း" ခနဲ ရေအိုးခွဲလိုက်သံကို ကျွန်မကြားလိုက်ရသည်။ဒါရေစက်ပြတ်ပြီဆိုတဲ့
သဘောများလား...လူ့ဘ၀မှာ ရှိတုန်းကတည်းက ဘာလို့ရေအိုးခွဲသလဲဆိုတာကို
သိချင်လွန်း၍ ခဏခဏ မေးခဲ့ဖူးသည်။မည်သူမျှ တိကျသေချာတဲ့အဖြေကို
မပေးနိုင်ခဲ့ကြ။ယခုကျွန်မအလှည့်တွင်လည်း ရေအိုးခွဲကြပြန်လေပြီ။
အကြောင်းပြချက်ကိုတော့ သေသည်အထိကျွန်မ သိမသွားရပေ။
ကျွန်မခြေရာများဖြင့်ပြည့်နှက်နေသောလမ်းအတိုင်း ကျွန်မကိုသူတို့
ခေါ်ဆောင်လာခဲ့ကြသည်။
လမ်းကလေး..ထိုလမ်းကလေး..ထိုလမ်းကလေးကိုမြင်မိတော့သူ့ကိုသတိရ
သွားမိသည်။သူကျွန်မ၏အသုဘသို့ရောက်မလာခဲ့ပေ။သတင်းပဲမကြားလို့လား။
သေသည်အထိကျွန်မကို ကြောက်သွားလို့ပဲလား။မသေခင်ကတော့အမေ့ကို
မှာထားခဲ့ဖူးသည်။ကျွန်မသေလျှင် သူနှင့် သူ့မိသားစုကိုအကြောင်းမကြားပါနှင့်ဟု။
အမေကသူနှင့်ပတ်သတ်သည့်ကျွန်မ၏ မာနနှင့်အမုန်းကို သိသဖြင့်
အကြောင်းကြားမှာမဟုတ်မှန်းတော့ ကျွန်မသိထားလေသည်။လာလျှင်တောင်မှ
အိမ်ထဲအ၀င်ခံမည်မဟုတ်ပေ။ထို့ကြောင့်ကျွန်မ မမြင်မိတာလည်းဖြစ်နိုင်လေသည်။
ကျွန်မကို မီးသဂြိုဟ်မည့်နေရာသို့ ရောက်ခဲ့လေပြီ။လူတွေတစ်ရုန်းရုန်းနှင့်။
အမေ့ကိုလှမ်းကြည့်မိတော့ တဘက်ကလေးကိုပုခုံးပေါ်တင်လျက်
နီရဲနေသောမျက်လုံးအစုံတို့ဖြင့်။အိပ်ပျော်နေသယောင်ရှိသောကျွန်မကို
စတီးတွန်းလှန်းပေါ်တွင်အသာတင်ထားလေသည်။ကျွန်မ၏၀ိဥာဉ်က
ကျွန်မခန္ဓာကိုယ်နားမှာ အသာကပ်လျက်။ အရင်က နှစ်အိမ့်တစ်အိမ်နေခဲ့သော
ဘေးအိမ်က ဒေါ်လေးတို့ငိုသံကိုကြားလိုက်ရသည်။ဆံမည်းကို ဆံဖြူက
လိုက်ပို့ရတာပေါ့တဲ့..ကျွန်မဆီမှာမရှိတော့သော မျက်ရည်များ ကျလာမိသည်
ထင်သည်။ကျွန်မကိုထွင်းဖောက်သွားလျက် ခန္ဓာတစ်ခုဖြတ်သန်းသွားသည်။
ပူလောင်သလိုခံစားလိုက်ရသည်။ကြည့်လိုက်တော့အမေ။ကျွန်မ၏အသက်မဲ့
နေသောမျက်နှာလေးကို သူ့လက်ကြမ်းကြမ်းကလေးနှင့် ပွတ်သပ်ပေးလျက်..
ငါ့သမီးလေးကတော့စောစောစီးစီး ၀ဋ်ကျွတ်သွားတာပေါ့ကွယ်တဲ့....
ကျွန်မကိုထိုးဖောက်ဝင်ရောက်နေသော အမေ့ခန္ဓာကိုယ်ကိုဖက်တွယ်လျက်
နောက်ဆုံးအကြိမ်အဖြစ်နမ်းလိုက်မိသည်ထင်သည်။
"ကဲ...ကဲ...သေတဲ့သူကိုနောက်ဆုံးအနေနဲ့ ကန်တော့မယ်..
သူ့ထက်အသက်ငယ်တဲ့သူတွေ ဒီနားကိုလာခဲ့ကြပါ."..
ဘယ်သူတွေကျွန်မကိုကန်တော့သလဲတော့ ကျွန်မ မသိ...
ကျွန်မအကြည့်တွေက ကျွန်မ ချစ်ခင်သူများရဲ့ မျက်လုံးများဆီမှာ...
ကျွန်မ၀ိဥာဉ်က သူတို့နားမှာ နောက်ဆုံးအကြိမ်အဖြစ်ဝဲပျံလျက်....
(၅)
"ဂျိမ်း".. ခနဲတံခါးပိတ်သံနှင့်အတူ...ညှော်နံ့တို့ ထွက်လာသည်။
ကောင်းကင်ပေါ်ကို မော့်ကြည့်လိုက်တော့ အဖြူရောင်မီးခိုးများ...
ကျွန်မ အမေ့ရှေ့ ထိုင်ချလိုက်သည်။လွင့်မျောနေသော
ကျွန်မ လက်နှစ်ဘက်ကို စုစည်းလျက်...
ကျွန်မကိုမွေးခဲ့ကျွေးခဲ့သောအမေ့ကို နောက်ဆုံးအကြိမ်အဖြစ်
ကန်တော့လိုက်မိသည်။
အမေက ကျွန်မရှိနေတာကို သိနေသယောင်။
"စိတ်ချသွားပါ ငါ့သမီးရေ.....အားလုံးကိုစိတ်ချပြီး သွားပါတော့....."
လူ့ဘ၀တုန်းက ကိုယ့်သွေးသားကိုစွဲလန်းသဖြင့် ယခုပြိတ္တာဘ၀ကို
ရောက်ခဲ့ရသည်။ပြိတ္တာဘ၀မှာ ထပ်ပြီးစွဲလန်းနေလျှင်ရော..ဘယ်ဘ၀ကို
ရောက်မည်လဲ ကျွန်မ မသိ...သေချာသည်ကတော့ ကျွန်မ
ဘ၀အသစ်ဆီသို့ လျှောက်လှမ်းဖို့အတွက် ကျွန်မ ၀ိဥာဉ်ဟာ
မီးခိုးငွေ့နဲ့အတူ လေထဲတွင်မျောပါလျက်...............
(ဟန်နာစနိုး)
No comments:
Post a Comment