Sunday, September 8, 2013

ဖြတ်ခနဲ................လွင့်ကြွေ............................................

ကျွန်မ မရဲတရဲနှင့် အခန်းထဲလှမ်းဝင်လိုက်သည်..
အဝတ်အစားဘိုသီဘတ်သီဝတ်ထားသော အမျိုးသမီးကြီးတစ်ယောက်
ကျွန်မကိုစူးစိုက်စွာကြည့်လျက်...

"အန်တီတို့ဆီမှာတော့ ကလေးဖျက်ချတာနှစ်နည်းရှိတယ်..
ဆေးသောက်ပြီးဖျက်တာ ရှိသလို ဒီလိုပစ္စည်းကိရိယာတွေသုံးပြီးဖျက်တာလည်းရှိတယ်"
ပြောရင်းက ချွန်ချွန်ထက်ထက်ကိရိယာတွေ ကျွန်မကို ထုတ်ပြသည်..

ကျွန်မစိတ်ထဲ ငိုသံလိုလိုလေးကြားလိုက်ရသည်..

"မေမေရေ မလုပ်ပါနဲ့..ကျေးဇူးပြုပြီးမလုပ်ပါနဲ့..
ဒီချွန်ထက်တာကြီးတွေကို ကြောက်လို့ပါ."....

ဗိုက်ထဲက သားသားလေးလား မီးမီးလေးလား မသိရသေးတဲ့
ရင်သွေးလေးရဲ့အသံ....
ကျလုဆဲဆဲမျက်ရည်တွေကို မကျအောင်ထိန်းရင်း
နှုတ်ခမ်းကို အားနဲ့ဖိကိုက်ရင်းး ဆုံးဖြတ်ချက်တစ်ခုကိုပိုင်နိုင်စွာချလိုက်သည်..

"အန်တီ ကျွန်မဆေးနဲ့ပဲ ဖျက်ချင်တယ်..
ဒီကိရိယာကြီးတွေကျွန်မထဲထည့်မှာ ကြောက်လို့ပါ.."

အသက်ရှိနေပြီလားးမရှိသေးဘူးလား မသိရသေးတဲ့ ကလေးလေးတစ်ယောက်ကို
မနာကျင်စေဘဲ အသက်ပျောက်သွားစေချင်တာ မိခင်မေတ္တာလား...

မနာကျင်စေဘဲနဲ့တဲ့...ဆေးတွေနဲ့ဖျက်လည်းသူမနာကျင်ဘူးရယ်လို့
နင်ဘယ်လိုသိလဲဟင်...နင်ကိုယ်တိုင်မခံစားရလို့..
နင့်အသက်ကိုသေမှာမဟုတ်တဲ့အတွက်ကြောင့် မနာကျင်ဘူးရယ်လို့များ
သုံးနှုန်းလိုက်တာတဲ့လား....

ဘာရယ်...မိခင်မေတ္တာ ဟုတ်လားးးးမိခင်မေတ္တာဆိုတဲ့စကား နင်နဲ့ထိုက်တန်လို့လားး
နင့်မှာမိခင်စိတ်ရှိရင် ဒီကလေးကို နင်မွေးရဲရမှာပေါ့..
နင်ဘာကိုရှက်ကြောက်နေတာလဲ..
လက်မထပ်ရသေးဘဲ အတူတူနေတာကိုကျ နင်မရှက်ဘူးး
ဒီလိုကလေးလေးတစ်ယောက် လောကထဲရောက်လာမှာကိုကျ နင်ရှက်တယ်..
ဒီကလေးလေးက သူ့အလိုလိုရောက်လာတာမဟုတ်ဘူးလေ..
နင်တို့ ကမျဉ်းကျောထလို့..နင်တို့မဆင်မခြင်နေလို့ ဒီလောကထဲရောက်လာရတာ....

တော်ပါတော့.. ဆင်မပြောပါနဲ့တော့..ကျွန်မအသံတွေကို ကျွန်မကိုယ်တိုင်နားထောင်နိုင်စွမ်းမရှိလို့ပါ..
ကလေးလေးရေ..အမေ့ကိုခွင့်မလွှတ်ပါနဲ့..
မင်းကိုမလိုချင်တဲ့ မင်းအဖေကိုယ်တိုင်အမေ့ကို ဒီကိုခေါ်လာတာပါ..
အမေရော အဖေရော ကျောင်းဆက်တက်ရဦးမယ်..
အလုပ်လုပ်ရဦးမယ်..အသက်တွေလည်းငယ်သေးတယ်..
အဓိက ပြသနာက မင်းအဖေကအမေ့ကို မယူနိုင်ဘူးတဲ့..
အဖေမရှိတဲ့မင်းကိုအမေဘယ်လိုမွေးမလဲကွယ်...
ဒီအချိန်မှာပြသနာကိုအကောင်းဆုံးဖြေရှင်းနည်းကမင်းမရှိဖို့ပဲ..
ဟုတ်တယ်..မင်းသာမရှိတော့ရင်ပြီးပြီ...
ငါတို့တွေအကုန်အဆင်ပြေမှာ..စိတ်ချမ်းသာရမှာ..
ဟုတ်တယ်..မင်းသေပေးရမယ်...
ကလေးရေ ခွင့်မလွှတ်ပါနဲ့..အမေတို့ကိုလုံးဝခွင့်မလွှတ်ပါနဲ့တော့....
နောင်ဘဝမှာခံစားရမဲ့ ဝဋ်ဆိုတာထက် ဒီဘဝမှာအပြောဆိုခံရမဲ့အသံတွေကို
အမေကြောက်လို့ပါ....

"ဟဲ့ကလေးမ..ဆေးကိုဘယ်လိုသောက်ရမယ်ဆိုတာပြောပြီးပြီနော်..
ငါပြောတာရောမှတ်မိရဲ့လားးး စိတ်တွေကဘယ်ရောက်နေမှန်းမသိဘူး တကတည်းးး
နင်တင်မဟုတ်ဘူးဟဲ့..မိန်းကလေးတော်တော်များများအဲ့လိုပဲ..
ငါလုပ်ပေးခဲ့သမျှ အဆင်ပြေသွားတာချည်းပဲ..
တွေဝေမနေနဲ့.."

အန်တီကြီးပြောလိုက်တဲ့စကားကြောင့်ကျွန်မအတွေးတို့ရပ်တန့်သွားခဲ့ရသည်..
သူပြောတဲ့စကားကလည်းဝမ်းသာရမှာလိုလို ၀မ်းနည်းရမှာလိုလို....

အိမ်ရောက်တော့သူပြောလိုက်တဲ့အတိုင်းဆေးတွေသောက်ချလိုက်သည်..
သူပြောလိုက်တဲ့ရက်ကျော်သည်အထိ ရာသီမပေါ်ခဲ့..
ဒါပေမဲ့ ကျွန်မလက်တွေပေါ်မှာတော့ အနီကွက်တွေအများကြီးပေါ်လာခဲ့လေသည်..
ဗိုက်ထဲက ကလေးက လနည်းနည်းရင့်သွားလို့ပဲပျက်မကျတာလားး
အထဲမှာပျက်ကျပြီးပဲ အပြင်ကိုထွက်မလာသေးတာလားးး
သူပြောလိုက်တဲ့စကားအရဆိုရင်တော့ မအောင်မြင်တာမရှိဘူးဆိုပဲ..
ငါ့မျက်နှာလည်းတဖြည်းဖြည်းနဲ့ အရိုးပေါ်အရေတင်ဖြစ်နေပြီ..
အသားအရည်တွေလည်းမဲခြောက်လို့..
ပတ်ဝန်းကျင်ကလည်း ငါ့ကိုတီးတိုးစကားတွေပြောကုန်ကြပြီ..
အဖေနဲ့မောင်လေးသိရင်လည်းသတ်ပွဲတွေဖြစ်ကုန်ကြတော့မယ်..
အမေကတော့ရိပ်မိနေပြီထင်တယ်..ငါစိတ်ဆင်းရဲမှာစိုးလို့သာ ဘာမှမပြောရှာတာ..
ကလေးရေ မြန်မြန်သေပါတော့ မြန်မြန်သေပါတော့ကွယ်....
ဆုမတောင်းကောင်းမှန်းသိတဲ့အရာကို ကျွန်မဆုတောင်းမိသည်...
ထိုအချိန်ကျွန်မမျက်နှာက ဘီလူးသရဲလိုဖြစ်နေမှာကိုလည်းကျွန်မသိသည်..
ကျွန်မမှာရွေးချယ်စရာလမ်းကလည်း မရှိတော့....
ကိုယ့်ကိုကိုယ်သတ်သေရလောက်အောင်လည်း ကျွန်မမှာသတ္တိတွေမရှိ...
ကျွန်မရဲ့မကောင်းဆိုးဝါးတစ်ကောင်လိုအသံမျိုးနဲ့ ဆုတောင်းသံကို
အပြစ်မရှိတဲ့ ကလေးလေးကြားသွားလို့ပဲလားမသိ...
နှစ်ပတ်လောက်အကြာမှာတော့ သွေးတွေဆင်းလာလေသည်..
ပျော်လိုက်သည့်ဖြစ်ခြင်း....ထိုအပျော်တွေဟာ အပြစ်မရှိတဲ့ကလေးလေးတစ်ယောက်ရဲ့
အသက်တွေကိုရင်းပြီး ရလာတဲ့အပျော်တွေမှန်းကျွန်မ သိပေမဲ့လည်း
ကျွန်မပျော်သည်..သိသာသိစေ မမြင်စေနဲ့ဆိုတာလိုပဲ ခုချိန်မှာ ကျွန်မကို
လူတွေက အပျိုလိုပဲမြင်နေကြမယ်မှန်း ကျွန်မသိသည်....
ကျွန်မဟာ လူသတ်ကောင်ဖြစ်မှန်းမသိဖြစ်နေမှန်းကိုလည်း ကျွန်မသိသည်....
အရင်ဘ၀က သူကျွန်မကိုသတ်ခဲ့၍ ဒီဘ၀မှာ ကျွန်မကသူ့ကိုသတ်ရသော
လူသတ်သမားနေရာ ရောက်ရသည်ဟုသာ ကျွန်မဖြေတွေးထားလေသည်...
............................................................................................
သူ့ကိုချစ်မိသောစိတ်တစ်ခုတည်းနဲ့ ကျွန်မဘ၀ကိုပုံအပ်ခဲ့သလို
သူ့ကိုချစ်မိသောစိတ်တစ်ခုတည်းနဲ့လည်း သူနဲ့ကျွန်မရဲ့သွေးသားကို
ကျွန်မသတ်ခဲ့မိလေသည်...
ရလာတဲ့နောက်ဆုံးအကျိုးဆက်ကတော့ သူကျွန်မကိုပစ်သွားခဲ့ခြင်းပါ....
မိန်းမတစ်ယောက်ရဲ့နောက်ဆုံးသော သံယောဇဉ်တွေနဲ့ သူ့မိဘတွေဆီ
ကျွန်မ၀တ်တွားခယခဲ့ပေမဲ့..သားသမီးချင်းကိုယ်ချင်းမစာတတ်သော
ယောက္ခမတွေရဲ့ နင်နဲ့ငါ့သားမတန်ဘူးဆိုတဲ့စကားတွေကြား..
င့ါမှာသမီး မမွေးထားလို့ သမီးချင်းကိုယ်ချင်းမစာနိုင်ဘူးဆိုတဲ့စကားတွေကြား..
ချစ်သူအပါအ၀င်တစ်မိသားစုလုံးရဲ့ ရိုက်ပုတ်မှုဒဏ်တွေကြားမှာ..
ကျွန်မ ဘ၀ဆုံးပါးခဲ့ရပါတယ်......

လူဆိုတာကိုယ့်လိပ်ပြာကိုယ်လုံဖို့ အရေးကြီးတယ်တဲ့...
ကျွန်မ သွေးသားကိုကျွန်မကိုယ်တိုင် ရက်စက်စွာသတ်ခဲ့တယ်ဆိုတဲ့
အမည်းစက်ကြီးကိုတော့ ကျွန်မဘယ်လိုအင်အားမျိုးနဲ့ ရင်ဆိုင်ရမလဲ...
ကိုယ့်လိပ်ပြာကို သူများတွေမမြင်ပေမဲ့ ကိုယ့်လိပ်ပြာကို ကိုယ်နေ့တိုင်း
ရင်ဆိုင်နေရတော့ ငါဖြတ်သန်းရတဲ့နေ့ရက်တွေက ပူပြင်းခြောက်သွေ့လိုက်တာ....

ဘုရားရှိခိုးတိုင်းတော့ဆုတောင်းမိပါရဲ့....
ကလေးရယ်..ဘ၀ဆက်တိုင်းဒီလိုအမေဗိုက်ထဲ ဘယ်တော့မှမ၀င်စားပါစေနဲ့.......

(သူများခံစားချက်ကိုအငှားရေးဖွဲ့သည်).
နှင်းငယ်

No comments:

Post a Comment