သွားပိုးစားရောဂါ တစ်ဖြစ်လဲ သွားဆွေးမြေ့ခြင်းရောဂါ (Dental Caries or Dental Decay)
သွားပိုးစားရောဂါ တစ်ဖြစ်လဲ သွားဆွေးမြေ့ခြင်းရောဂါ
(Dental Caries or Dental Decay)
သွား ပိုးစားတယ်ဆိုတဲ့စကားကို လူတိုင်းကြားဖူးကြမှာပါ။ သွားပိုးစားနေလို့ သွားကိုက်
နေတာ..သွားပိုးစားနေလို့ အခေါင်းပေါက်ကြီးဖြစ်နေတာ..သွားပိုးစားနေလို့
ရေအေးသောက်ရင်၊အချိုစားရင် ကျဉ်တာ..စသဖြင့်ပေါ့။
အဲ့ဒီတော့ သွားပိုးစားတယ် ဆိုတဲ့စကားကို အရင်စရှင်းပါမယ်...
တကယ်တော့သွားပိုးစားတယ်ဆိုတာ လူတွေထင်နေကြသလို
ပိုးကောင်က သွားကို စားသွားတာ မဟုတ်ပါဘူး...သွားချေးလွှာ(Bacterial
Plaque) လို့ခေါ်တဲ့ သာမန် မျက်စိနဲ့ မမြင်ရတဲ့ ဘက်တီးရီးယားတွေပါဝင်တဲ့
စေးကပ်ပျော့ပြောင်းတဲ့ အလွှားပါလေးဟာ သွားရဲ့ ချိုင့်နေတဲ့ နေရာတွေ၊
အစင်းကြောင်းကြားတွေ၊ ပြီးတော့သွားတစ်ချောင်းနဲ့ တစ်ချောင်းကြားနေရာတွေ၊
သွားနဲ့သွားဖုံးဆုံတဲ့နေရာတွေ စတဲ့နေရာတွေမှာ တွယ်ကပ်နေကြပါတယ်...
အဲ့ဒီသွားချေးလွှ့ာထဲမှာ ပါတဲ့ဘက်တီးရီးယားတွေနဲ့ ချိုပြီးစေးကပ်သော အစာများ
အထူးသဖြင့် သကြားဓာတ်ပါဝင်တဲ့အစားအစားတို့ အချဉ်ပေါက် ဓာတ်ပြုပြီး
အက်ဆစ်ပျော့ တစ်မျိုးထွက်လာပါတယ်။ထိုအက်ဆစ်က သွားမှာပါတဲ့
သတ္တုဓာတ်များကို ပျော်ဝင်ပျက်စီးစေပြီးတော့မှ သွားပိုးပေါက်ကို
ဖြစ်ပေါ်စေတာပါ။ဒါ့ကြောင့် သွားပိုးစားခြင်းကို တစ်ချို့ပညာရှင်များက
ပိုးစားခြင်းမဟုတ်လို့ သွားဆွေးမြေ့ခြင်း (Dental Decay) လို့လည်း
ခေါ်ကြပါတယ်..
ဒီဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် သွားပိုးစားရောဂါဖြစ်ဖို့ အချက်လေးချက် နဲ့
ပြည့်စုံရပါမယ်။
နံပါတ်(၁) သွားရှိရပါမယ်..သွားမရှိရင် သွားပိုးစားရောဂါ
ဖြစ်လာစရာအကြောင်း မရှိပါဘူး..
နံပါတ်(၂) သွားရှိရင် သွားချေးလွှာဆိုတာ ရှိစမြဲပါ..အဲ့ဒီသွားချေးလွှာထဲမှာလည်း
ဘက်တီးရီးယားရှိပါတယ်..အဲ့ဒီတော့ ဘက်တီရီးယား ရှိရပါမယ်..
နံပါတ်(၃) အချိုဓာတ်ပါ..အချိုဓာတ်ကိုများများစားတဲ့လူတွေဟာ မစားတဲ့
လူတွေထက် ပိုပြိးသွားပိုးစားပါတယ်..
နံပါတ်(၄) အချိန်ပါ..ကိုယ်စားထားတဲ့အစာတွေအချဉ်ပေါက်ဖို့၊
သွားချေး တွေသွားမှာကပ်ပြီးစုစည်းနေဖို့ နဲ့ သွားမှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ
အက်ဆစ်ပျော့နဲ့တွေ့ပြီး အရည်ပျော်ဖို့(တစ်နည်းအားဖြင့် သွားပိုးစား)ဖြစ်ဖို့
အချိန်တစ်ခုဆိုတာ လိုအပ်ပါတယ်...
ဒီအချက်လေးချက်လုံးနဲ့တိုက်ဆိုင်မှ သွားဆွေးမြေ့ခြင်း ဆိုတာဖြစ်ပေါ်လာတာပါ..
ဒီအချက်လေးချက်မှာ တစ်ချက်ချက် မရှိခဲ့ဘူးဆိုရင် သွားဆွေးမြေ့ခြင်း ရောဂါ
ဖြစ်ပေါ်လာစရာအကြောင်းမရှိပါဘူး..အဲ့ဒီတော့ ပြန်စဉ်းစားကြည့်ရပါမယ်..
ကျနော်တို့မှာ သွားရှိပါတယ်..သွားချေလွှာဆိုတာကလည်းသွားတိုက်ပြီး
စက္ကန့်သုံးဆယ်ကြာရင် ဖြစ်လာစမြဲပါ..အချိုဓာတ်ဆိုတာကလည်း
ကိုယ်စားသမျှအစားအစာတိုင်းမှာ အနည်းနဲ့အများပါလာတတ်မြဲပါ..
အဲ့ဒီတော့အပေါ်ကသုံးခုမှာကျနော်တို့ အစားတစ်ခုကိုပဲ အနည်းအကျဉ်း
ထိန်းချုပ်လို့ရပါမယ်...ဒါပေမဲ့ကျနော်တို့မှာ အားသာချက်တစ်ခုရှိပါတယ်..
အချိန်ပါ..အချိန်ကိုတော့ကျနော်တို့ ထိန်းချုပ်လို့ရပါတယ်..
အစားစားပြီးတိုင်း ပလုတ်ကျင်းမယ်..ချိုပြီးစေးကပ်တဲ့အစားအစာတွေ
စားပြီးတိုင်း သွားတိုက်မယ်ဆိုရင်တော့ ကျနော်တို့သွားပိုးစားရောဂါ
ဖြစ်လာစရာအကြောင်းမရှိပါဘူး...
လူတွေပြောပြောနေကြတဲ့ သွားပိုးချတယ် ဆိုတဲ့စကားကို
ကျနော်ထပ်ပြီးရှင်းပြချင်ပါတယ်..သွားပိုးချလိုက်လို့
သွားပိုးတွေ အကောင်လိုက် ကျလာသတဲ့..
တကယ်တော့ သွားပိုးချပေးတယ်ဆိုတာက လူတွေကိုလိမ်တာပါ..
ကျနော့်လူနာတစ်ချို့က ကျနော့်ကိုပြောပါတယ်..ဆရာမရယ်..
သွားပိုးချတာ သွားပိုးတွေ အကောင်လိုက် ကျလာတယ်တဲ့..
ကျနော်လည်းတစ်ခွန်းတည်း ပြန်မေးလိုက်ပါတယ်..
အမရယ်..အဲ့လောက်အကောင်အကြီးကြီးတွေ အစ်မခံတွင်းထဲ
ရှိနေတာ အမ ယားကျိကျိဖြစ်မနေဘူးလားလို့...အဲ့လောက်အကောင်ကြီးတွေ
ရှိနေတာ အမက အဲ့ဒီကျမှ သိသလားလို့..ပြီးတော့ လျှာတွေတို့
တစ်ခြား ခံတွင်းထဲရှိသမျှ အဲ့ဒီအကောင်တွေကလျှောက်ကိုက်နေမှာပေါ့လို့..
အဲ့လိုမေးလိုက်ရင်တော့ လူနာတွေဆီက ပြန်ဖြေစရာစကားမရှိတော့ပါဘူး..
အစက ရွာတွေမှာပဲ သွားပိုးချတယ်ဆိုတာရှိတယ်ထင်နေတာ..
အခုမန်းလေးမြို့ရဲ့ နေရာတစ်ချို့မှာလည်း သွားပိုးချတယ်ဆိုတာ
ခေတ်စားနေပါပြီ...သွားပိုးချတာ ဘယ်လိုလိမ်သလဲ ဆိုတာ
ကျနော်ပြောပြပါမယ်..
သွားပိုးချတယ်ဆိုတဲ့ လိမ်နည်းတစ်ခု ပြီးမြောက်ဖို့ လိုအပ်တဲ့
ပစ္စည်း တွေကတော့ ရေတစ်ဖလားရယ်၊ကညွတ်ခွေပါတဲ့ သင်္ကြန်ပန်းအိုးရယ်၊
ဓားရှည်တစ်ချောင်းရယ် နဲ့ မြေပုပ်ခရမ်းသီး တို့လိုအပ်ပါတယ်..
ပထမဆုံး မြေပုပ်ခရမ်းသီးကို နေပူပူမှာလှမ်းရပါမယ်..
နေပူမှာလှန်းထားတာ ကြာရင် ခရမ်းသီးထဲက အစေ့တွေထွက်လာပါတယ်..
အဲ့ဒီအစေ့တွေကို ယူထားရပါမယ်..ရေဖြည့်ထားတဲ့ ဖလားခွက်ပေါ်မှာ
ကညွတ်ခွေပါတဲ့ သင်္ကြန်ပန်းအိုးကို မှောက်လျက်အနေအထားနဲ့တင်ထားရပါမယ်.
ပန်းအိုးဖင်မှာ အပေါက်ကလေးဖောက်ထားရပါမယ်..အဲ့ဒီအပေါက်ကလေးကို
ဝိုင်းပြီးတော့ လက်ခုစုတ်ကို ဘေးပတ်ပတ်လည်မှာတင်ထားရပါမယ်..
ပြီးတော့ ပန်းအိုးအလယ်လောက်မှာ ဓားကိုအရှည်လိုက်ဝင်နိုင်လောက်ရုံ
လေးထောင့်အပေါက်ကလေး ဖောက်ရပါဦးမယ်...
ဒါမျိုးတွေပြင်ဆင်ပြီးပြီဆိုရင်တော့ ခုနက ဓားရှည်ကို ပူလာအောင်
မီးဖိုပေါ်ခဏတင်ထားရပါမယ်..ဓားသွားကမီးပူလာရင်တော့
နေလှန်းထားတဲ့မြေပုပ်ခရမ်းသီး အစေ့ကို ဓားသွားပေါ်တင်ရပါမယ်..
အဲ့ဒီဓားကိုပဲ ခုနက လေးထောင့်အပေါက်ဖောက်ထားတဲ့ သင်္ကြန်အိုးလေးထဲ
လက်က ကိုင်ပြီး ထည့်လိုက်ရပါမယ်..အဲ့ဒီအချိန်မှာ ဓားအပူရှိန်ကြောင့်
မြေပုပ်ခရမ်းသီးအစေ့ တွေက မီးခိုးတွေထွက်လာပါပြီ.
သွားပိုးချချင်တဲ့သူဟာ ခုနက အပေါ်မှာအပေါက်ဖောက်ထားတဲ့
လက်ခုစုတ် ဘေးမှာဝိုင်းထားတဲ့အပေါ်ကနေ ပါးစပ်ကိုဟပေးထားရပါတယ်.
အဲ့ဒီအချိန်မှာ အသက်မရှူရပါဘူးတဲ့..လူနာဟာ အခိုးငွေ့တွေပါးစပ်ထဲလည်း
ရောက်တယ်..အသက်လည်းမရှူရဘူးဆိုတော့ သူ့ဆီကသွားရည်တွေဟာ
ခုနကအပေါက်ဆီကနေတစ်ဆင့် ရေထဲကိုကျသွားပါတော့တယ်...
ဓားရှည်ကိုလည်းမထုတ်သေးတဲ့အတွက် မြေပုပ်ခရမ်းသီးအစေ့တွေကလည်း
သွားရည်နဲ့တူတူ ရေထဲရောပြီးကျသွားပါတယ်...အဲ့ဒါကို သွားပိုးကောင်တွေ
ပါးစပ်က ကျလာပါတယ်ဆိုပြီး လူတွေကိုလိမ်တာပါ..လူတွေကလည်း
ဒါကိုပဲ အယ် ..သွားပိုးကောင်ကြီးတွေ အကြီးကြီးပဲတော့ဆိုပြီး..
အလိမ်ခံရတော့တာပါပဲ....
ကျနော်အပေါ်မှာ ပြောခဲ့သလိုပဲ.သွားချေးထဲမှာ ဘက်တီးရီးယားတွေရှိပါတယ်..
အဲ့ဒါကိုပဲ သွားပိုးကောင်လို့ခေါ်မယ်ဆိုရင်တော့ အဲ့ဒီပိုးကောင်တွေဟာအလွန်သေးငယ်တဲ့
အတွက် အဏုကြည့်မှန်ပြောင်းလို့ခေါ်တဲ့ Microscope နဲ့ကြည့်မှမြင်ရတာပါ...
သွားပိုးချလို့ သွားပိုးကောင်တွေကို သာမန်မျက်စိနဲ့ မြင်ရတယ်ဆိုကတည်းက
ဒါဟာ လိမ်တယ်ဆိုတာ သိရှိကြဖို့ပါ...
သွားပိုးစားအကြောင်းလည်းပြောခဲ့ပြီးပြီ..သွားပိုးချခြင်းဆိုတဲ့လိမ်နည်းကိုလည်း
ပြောခဲ့ပြီးပြီ..အဲ့ဒီတော့သွားပိုးစားရောဂါဖြစ်ပွားပုံအဆင့်ဆင့် နဲ့ သွားပိုးစားခြင်းရဲ့
နောက်ဆက်တွဲပြသနာတွေကို ဆက်လက်ပြောပြပါမယ်...
သွားပိုးစားခြင်းဟာ ပထမဆုံးသွားရဲ့အပြင်ဘက်ဆုံးအလွှာဖြစ်တဲ့ ကြွေသွားလွှာ
မှာ စတင်ဖြစ်ပေါ်ပါတယ်..ထိုအခါ အမဲစက် အမဲပြောက်များ စတင်ဖြစ်ပေါ်ပြီး
ထိုမှ အပေါက်ငယ်အသွင်ပြောင်းပြီး ပိုမိုကြီးလာနိုင်ပါသည်။ဒီကြွေသွားလွှာမှာ
သွားပိုးပေါက်ဖြစ်လျှင် သွားကိုက်တဲ့ဝေဒနာကို မခံစားရပေမဲ့လည်း
သွားပေါက်ထဲကို အစာဝင်နိုင်ပါတယ်..ဒီလိုသွားပိုးပေါက်ကို သတိပြုမိလာတယ်
ဆိုရင် သွားဘက်ဆိုင်ရာဆရာဝန်ထံမှာ သွားရောက်ပြသပြီး ကြိုတင်စစ်ဆေး
ကုသမှုကို ခံယူသင့်ပါတယ်..တကယ်လို့ သွားပိုးစားရောဂါ ဆက်လက်ပျံ့နှံ့လာပါက
ကြွေသွားလွှာ ရဲ့အောက်ဘက်မှာ ရှိတဲ့ ဆင်စွယ်နှစ် လွှာ ကိုရောက်သွားနိုင်ပါတယ်။
ဒီဆင်စွယ်နှစ် လွှာမှာသွားပိုးစားတယ်ဆိုလျှင်တော့ အပူ၊အအေး စတဲ့အစာတွေ
စားလျှင် သွားကျင်ခြင်းဝေဒနာကို စတင်ခံစားရပါတယ်။သွားမျက်နှာပြင်မှာလည်း
မည်းနက်သော သွားပိုးပေါက်များကို စတင်တွေ့မြင်လာနိုင်ပါတယ်..
ဒီအချိန်မှာ သွားဘက်ဆိုင်ရာဆရာဝန်နဲ့ မကုသဘူးဆိုလျှင်တော့
ဆင်စွယ်နှစ် လွှာရဲ့ အောက်ဘက်မှာရှိတဲ့ မွသွားလွှာကို ရောဂါဆက်လက်
ပျံ့နှံ့မှာ ဖြစ်ပါတယ်...
မွသွားလွှာကို သွားပိုးစားခြင်းရောက်ရှိလာပြီဆိုရင်တော့
အဲဒီမွသွားလွှာမှာ သွေးကြောများ..အာရုံကြောများရှိတဲ့အတွက်
ပိုမိုပြင်းထန်တဲ့ သွားကိုက်ဝေဒနာကို ခံစားရမှာဖြစ်ပါတယ်....
ကဲ..သွားပိုးစားခြင်းရဲ့နောက်ဆက်တွဲ ဖြစ်စဉ်များကို ဆက်လက်ပြောပြပါမယ်..
မွသွားလွှာကိုရောက်ရှိနေတဲ့သွားပိုးစားခြင်းကို မကုသဘဲ ဆက်လက်ထားရှိမယ်
ဆိုရင်တော့ အချိန်ကြာလာတာနဲ့အမျှ သွားမှာရှိတဲ့အာရုံကြောတွေ ပုပ်သွားပါမယ်..
ကြာလျှင် သွားဟာ နဂိုအရောင်ကနေ တဖြည်းဖြည်းအရောင်ပြောင်းပြီး ညိုမဲ
သွားနိုင်ပါတယ်...ထိုမှတစ်ဆင့် ရောဂါပိုးတွေရဲ့ ပျံ့နှံ့မှုကြောင့် ပါးစပ်၊ မျက်နှာ
စတဲ့ အစိတ်အပိုင်းတစ်ခုလုံးရောင်ရမ်းပြီး အစားအစားနိုင်ခြင်း၊ အလုပ်အကိုင်
ပျက်ခြင်း၊ ညပိုင်းတွင်ဖြစ်ပါက အအိပ်ပျက်ခြင်း စတဲ့ မလိုလားအပ်တဲ့
ဆိုးကျိုးတွေ ရရှိလာနိုင်ပါတယ်။။
ရောဂါပိုးတွေရဲ့ ပျံ့နှံ့မှုကြောင့် သွားမြစ်ထိပ်ပြည်တည်နာ ဖြစ်နိုင်ပြီး..
ထိုမှတစ်ဆင့် ရောဂါပိုးများဟာ သွေးကြောများထဲသို့ ရောက်ရှိနိုင်ပြီး
ခန္ဓာကိုယ်အတွင်း ဆက်လက်ပျံ့နှံ့ကာ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အထိ
မလိုလားအပ်သော နောက်ဆက်တွဲဆိုးကျိုးများကို ရရှိလာနိုင်ပါတယ်...
ဒီလိုကိုယ့်ခံတွင်းမှာဖြစ်ပေါ်နေတဲ့ သွားပိုးစားရောဂါရှိမရှိကို
သွားဆေးခန်းမသွားဘဲ မိမိကိုယ်တိုင် စစ်ဆေးလို့ရပါသလား..
ဟုတ်ကဲ့..ရပါတယ်....
တကယ်တော့သွားပိုးစားရောဂါဟာ အခုချက်ချင်းရုတ်တရက် ထဖြစ်လာတဲ့
ရောဂါမဟုတ်ပါဘူး...ကျနော်တို့မျက်စိနဲ့မြင်ရတဲ့ အခေါင်းပေါက်ဖြစ်လာဖို့ကို
အနည်းဆုံး တစ်နှစ်ခန့်ကြာတတ်ပါတယ်...သွားနဲ့ခံတွင်းရောဂါတွေဟာ
ဖြစ်ခါစမှာ နာကျင်မှုဝေဒနာမခံစားရလို့ သတိမမူမိကြခြင်းဖြစ်ပါတယ်..
ဒီလိုသွားပိုးစားရောဂါ ကင်းဝေးစေဖို့ အဓိကသော့ချက်ကတော့ မိမိခံတွင်းကို
စနစ်တကျ ကိုယ်တိုင်စစ်ဆေး စောင့်ရှောက်မှုပေးခြင်းကသာ ဘ၀တစ်သက်
လုံးမှာ အထိရောက်ဆုံး၊ကုန်ကျမှု အနည်းဆုံးနဲ့ အကျိုးရှိဆုံး ကာကွယ်မှုကို
ရရှိနိုင်ကြမှာဖြစ်ပါတယ်...အသက်အန္တရယ်ပေးနိုင်တဲ့ ခံတွင်းကင်ဆာလို
ရောဂါမျိုးတောင်မှအချိန်မီ သိရှိပါက ထိရောက်စွာ ကုသနိုင်ပါတယ်..
မိဘများကလည်း ကိုယ့်ကလေးများရဲ့ သွားအရေအတွက်နှင့် သွားအရောင်ကို
မှန်မှန်စစ်ဆေးပေးရန်လိုအပ်ပါတယ်..ဒီနေရာမှာ ကလေးတွေမှာရှိတဲ့
သွားအရေအတွက်နဲ့သွားအမျိုးအစားကိုနည်းနည်းပြောချင်ပါတယ်..
လူတွေဟာလူကြီးသွား ၃၂ ချောင်းရှိတာသာ သိကြတာပါ..
ကလေးတွေမှာ ကလေးသွားအားလုံးဘယ်လောက်ရှိသလဲ မသိကြပါဘူး..
ကလေးသွားက အသက်ခြောက်လကနေ စတင်ပေါက်ပါတယ်...
ကလေးသွားမှာတော့ သွားအမျိုးအစား သုံးမျိုးပဲပါပါတယ်..
ရှေ့အလယ်သွား နဲ့ရှေ့ဘေးသွား(incisors)၊ စွယ်သွား (Canine)နဲ့
ပထမအံသွာ၊ဒုတိယအံသွား(Molars) ဟူ၍သာပါရှိပြီး
အံရှေ့သွားများ (Premolars) မပါရှိပါဘူး..သွားအမျိုးအစားတစ်မျိုးလျင်
လေးချောင်းစီပါရှိတာကြောင့် စုစုပေါင်း အချောင်း ၂၀ ပေါက်ပါတယ်..
ကလေးသွားများဟာ အသက် နှစ်နှစ်ခွဲ နဲ့ သုံးနှစ်ကြားအရွယ်ကြားရောက်ရင်တော့ စုံညီစွာ ပေါက်ပြီးဖြစ်တတ်ပါတယ်...
ကျန်းမာသော သွားအရောင်ဟာ
ဖြူဖွေးသန့်စင်နေရပါတယ်..
လူငယ်နှင့်လူကြီးများဟာ မိမိသွားများကို မှန်ရှေ့မှာ လုံလောက်သောအလင်း
ရောင် ရတဲ့နေရာမှာ မှန်မှန်စစ်ဆေးပါ..လိုအပ်လျှင် တစ်ခြားသူများရဲ့
အကူအညီကို ရယူပါ..ထိုသို့စစ်ဆေးရာမှာ ပါးစပ်ကိုသေချာစွာ ရေနှင့်
အာလုပ်ကျင်းပြီးမှ စစ်ဆေးရပါမယ်..
တကယ်လို့အစာဝါးတဲ့ မျက်နှာပြင်မှာ အမဲစက် အမဲကြောင်းလေးတွေ
တွေ့ရှိခဲ့ရင်တော့ သွားပိုးစားရောဂါလို့ သံသယဖြစ်နိုင်ပါတယ်...
ရှေ့သွားတွေမှာဆိုလျှင်လည်း သွားနှစ်ချောင်းကြားမှ စတင်ပြီး
သွားပိုးစားတတ်ပါတယ်...ဒီလို သံသယဖြစ်ဖွယ်တွေ တွေ့ရှိပါက
သွားဘက်ဆိုင်ရာ ဆရာဝန်ကို အမြန်ဆုံး ပြသသင့်ပါတယ်..
ထို့ပြင် သွားများတွင် အခေါင်းပေါက်ဖြစ်ပြီး အစာဝင်တတ်နေလျှင်
မနာကျင်မီ သွားဘက်ဆိုင်ရာ ဆရာဝန်ထံ အချိန်မှီကုသမှုခံယူပါက
သွားပိုးစားရောဂါကို ရပ်တန့်စေပြီး သွားနှုတ်ပစ်ရခြင်းမှ ကာကွယ်နိုင်ပါတယ်....
လူသားအားလုံးသွားပိုးစားရောဂါမှ ကင်းဝေးကြပါစေ..
Dr.နှင်း
Ref..Conservative Notes &
Preventive & Community Dentistry Notes..
No comments:
Post a Comment