အလွမ်းဝေဒနာ
ဆုံဆည်းမှုတစ်ခု၏နောက်ကွယ်တွင် ခွဲခွင်းခြင်းဆိုသည့်အရာ
မလွဲမသွေရောက်လာမည်မှန်း အမြဲတမ်းနှလုံးသွင်းထားပါလျက်နှင့်
တကယ်ခွဲခွာရသောအခါ သေမတတ်နာကျင်ခံစားမိလေသည်။
(၁)
"အစ်ကို..ဟိုရှေ့မှာမြင်နေရတာ ဦးပိန်တံတားလေ...အစ်ကိုယုံမလားတော့မသိ.
အဲ့ဒီဦးပိန်တံတားကို အတွဲတွေအစအဆုံးခြေလျင်လမ်းလျှောက်နိုင်ရင်
အဲ့ဒီစုံတွဲကဖူးစာပါပြီး ညားကြသတဲ့..နောက်တစ်ခါမန်းလေးလာရင်
အစ်ကို့ကောင်မလေးကိုခေါ်ခဲ့နော်.."
ကျွန်မ အစ်ကို့မျက်နှာလေးကိုအမှတ်မဲ့ငေးကြည့်ရင်းပြောမိသည်..
ပြောပြီးမှစဉ်းစားမိသည်။ဒီစကားကိုပြောလိုက်ခြင်းရဲ့ရည်ရွယ်ချက်က
ဦးပိန်ရာဇ၀င်သိစေချင်လို့လား..အစ်ကို့မှာကောင်မလေးရှိမရှိ
တစ်ဖက်လှည့်နှင့်မေးလိုက်ခြင်းလား..ပြန်တွေးမိတော့ ကျွန်မမျက်နှာ
နွေးကနဲဖြစ်သွားလေသည်။
"ဒီကောင်မလေးကတော့ ပေါက်ပေါက်ရှာရှာ..ငါ့မှာဘာကောင်မလေးမှ
မရှိပါဘူးဟယ်.ပြီးခဲ့တဲ့နိုဝင်ဘာလကမှ ပြတ်သွားတာ."..
ကျွန်မရင်ထဲ သိမ့်ကနဲလှုပ်ရှားသွားမိသည်။ခံစားချက်တို့ကလည်း
ပျော်တစ်ဝက်..၀မ်းနည်းတစ်ဝက်.. ပျော်မိသည်က အစ်ကို့မှာ
လက်ရှိချစ်သူမရှိတာ သိလိုက်ရ၍..၀မ်းနည်းမိသည်က
အစ်ကိုချစ်တဲ့သူက အစ်ကို့ကိုမချစ်တော့လို့ ပစ်သွား၍.
(၂)
ခုနကကြည်လင်နေသောကောင်းကင် ရုတ်ခြည်း မှောင်မည်းလာ
သည်။မိုးနှင့်အတူ လေပြင်းများပါ ရောပါလာသည်....
ကျယ်ပြန့်သောကွင်းပြင်ကိုဖြတ်တိုက်လာသော လေဖြစ်သဖြင့်လည်း
ပို၍ အင်အားပြင်းထန်လှသည်..ဦးပိန်တံတားပေါ်တွင်
လေလွင့်နေသော လုံချည်ကိုလက်တစ်ဖက်က ထိန်းကိုင်ရင်း..
သူစိမ်းယောက်ျားလေးတစ်ယောက်ကိုဘေးမှာထားလျက်
လမ်းလျှောက်ရသည့်အဖြစ်က တော်တော်စိတ်ညစ်စရာ
ကောင်းလှသည်။
"လာ..ညီမ ..နင့်ကြည့်ရတာ ကို့ရို့ကိုးယားနဲ့..အစ်ကိုလက်ဆွဲမယ်."
ခွင့်တောင်းတာမဟုတ်...အသိပေးသည့်သဘော။
နူးညံ့သောလက်တစ်စုံရဲ့အထိအတွေ့ကို ကျွန်မခံစားမိလေသည်။
သည်းထန်စွာရွာသွန်းနေသော မိုးလေတွေကြား..ဘယ်အရာကိုမှ
ဂရုမစိုက်ဘဲ တစ်ယောက်လက်ကိုတစ်ယောက်ကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်လျက် လမ်းလျှောက်နေသော ကျွန်မတို့နှစ်ယောက်ကို
ချစ်သူမဟုတ်ပါဘူးဟု ကျွန်မဘက်က ပြောလျှင် မည်သူယုံပါမည်နည်း.
ဟုတ်ကဲ့..တကယ်လည်း ကျွန်မတို့ ချစ်သူမဖြစ်ခဲ့ကြပါ....
(၃)
"အစ်ကို..ညီမတို့က ဘာတွေလဲဟင်..ချစ်သူတွေလား"...
အစ်ကို့ရင်ခွင်ကျယ်ကြီးထဲမှာ ကျွန်မ ခေါင်းလေးတိုးဝင်ရင်းမေးမိသည်..
"ဘာလို့မေးတာလဲညီမရဲ့."..
"မသိဘူးလေ..အစ်ကိုကညီမကို ဖက်နေပြီးတော့ အစ်ကို့ဆီက
ချစ်တယ်ဆိုတဲ့စကားကျ ခုထိညီမ မကြားရသေးဘူး...
ပြီးတော့အစ်ကိုခုနက ညီမကိုခိုးနမ်းမလို့မလား..လူမိသွားတာလေ..
ကောင်လေးတစ်ယောက်.".
အစ်ကို့ပါးကိုလိမ်ဆွဲလျက် ပျော်ရွှင်မြူးထူးစွာ ကျွန်မပြောမိလေသည်။
"ညီမကို အစ်ကိုသဘောကျတယ်..နှစ်သက်တယ်..ကြိုက်တယ်..
တကယ်တော့ချစ်တယ်ဆိုတာက အချိန်တစ်ခုရောက်လာမှ
သံယောဇဉ် ဆိုတာရှိလာမှ ဖြစ်လာတာပါ..အစ်ကိုတော့
အချစ်ကိုမယုံဘူး ညီမ"..
ဘယ်လောက်တောင်မှပွင့်လင်းလိုက်သည့်အစ်ကိုပါလဲ...
ကိုယ်နှစ်သက်သည့်ကောင်မလေးကိုရင်ခွင်ထဲထည့်လျက်
အချစ်ကိုမယုံဘူးပြောသည့် ကောင်လေး..ထိုကောင်လေးလောက်
မိုက်မဲသူရှိပါ့မလား..ရှိမည်ထင်ပါသည်..အချစ်ကိုမယုံသည့်
ကောင်လေးကို ဘာပဲပြောပြော ဘာပဲလုပ်လုပ် အပြစ်မမြင်
ချစ်နေမည့် ကောင်မလေးပါပဲ......
(၄)
ခွဲခွာရမည့်ဟုကြိုတွေးထားပေမဲ့.. ဒီလောက်မြန်မြန်ဆန်ဆန်ခွဲခွာရမည်
ဟူ၍ကားယောင်လို့မျှပင် ကြိုတွေးမထားခဲ့မိပါ...ကျွန်မချစ်သော
အစ်ကို့ကို ချစ်သူအဖြစ် ပိုင်ဆိုင်ခွင့်ရခဲ့သည်က နှစ်ရက်နှင့် နေ့တစ်ဝက်တဲ့..
ကိုယ့်ချစ်သူဆီက ဘာဆိုဘာမှလိုချင်တပ်မက်မှုမရှိသောမိန်းကလေး
တစ်ယောက်အတွက် အဲ့ဒီရက်ကလေးကတော့ နည်းလွန်းသည်ဟု
ထင်မိလေသည်။
ချစ်သူဖြစ်တုန်းက အစ်ကို့ဆီကအခွင့်အရေးလေးတစ်ခုပဲပြောမလား..
ကတိတစ်ခုပဲပြောမလား..အဲ့ဒီတစ်ခုကိုပဲ ကျွန်မတောင်းခဲ့ဖူးလေသည်။
"အစ်ကို..အစ်ကိုနဲ့ညီမက အခြေအနေတွေကွာခြားလွန်းပါတယ်..
ဆုံစည်းဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့ဘ၀တွေပါ...အစ်ကိုလည်း
ဒါကိုသိမှာပါ...ဒီတော့ ညီမကိုထားခဲ့မယ်ဆိုရင်တော့ ထားခဲ့ပြီ
ဆိုတာ အသိပေးပါနော်..မဟုတ်ရင် ညီမကို အစ်ကိုထားခဲ့တာလား
မထားခဲ့တာလား မသိတဲ့ဘ၀မှာ အူကြောင်ကြောင်ဖြစ်နေမှာ
စိုးလို့ပါ..ပြီးတော့ အစ်ကိုနောက်တစ်ယောက်ပြောင်းချင်ရင်တောင်မှ
ညီမ ကိုအားနာနေရမှာစိုးလို့..အဲ့ဒီကတိလေးတော့အစ်ကို
ပေးပါနော်."...
ချစ်သူဖြစ်ပြီးလေးရက်မြောက်နေ့ တစ်ခုသောညနေခင်းမှာပဲ
ထိုကတိကို အစ်ကိုတည်ခဲ့လေသည်။
"ချစ်သူအဖြစ် နေမပေးနိုင်တော့ပေမဲ့
ညီမနားမှာ မိတ်ဆွေလို အစ်ကိုဆက်ရှိပေးနေမှာပါ"...တဲ့...
(၅)
အတိတ်တဲ့...ကျွန်မဘ၀ရဲ့အတိတ်တွေကိုလည်ပြန်ကြည့်လိုက်လျှင်
ခါးသီးစရာ နာကျင်စရာတွေပဲများလှသည်။နာကျင်စရာအတိတ်များသာ
မြက်ရိုင်းများဖြစ်ခဲ့မည်ဆိုလျှင် အစ်ကိုနှင့်ပတ်သတ်သည့်အတိတ်က
မြက်ရိုင်းများကြားထဲမှာမှ တစ်မူထူးစွာ ပေါက်နေသောလှပသည့်
ပန်းရောင်ပန်းကလေးတစ်ပွင့်အဖြစ် တင်စားချင်ပါသည်.....
ထိုပန်းပွင့်ကလေးထဲမှာ ဘာတွေပါသလဲဟုမေးလာခဲ့သူရှိလာလျှင်တော့
ကျွန်မဖြေချင်ပါသည်။
ပျော်ရွှင်စွာ နှစ်ယောက်တွဲပြီး ရိုက်ခဲ့ကြတဲ့ ဓာတ်ပုံပေါင်းတစ်ရာကျော်..
သူ့ဖုန်းမှာတပ်ထားတဲ့ ဆင်တူ ဂစ်တာပုံကီးချိန်းလေးတစ်ခု....
နောက်ပြီးတော့ ဆုလာဘ်တစ်ခုလို့ပဲပြောရမလား..
ခွဲခွာတဲ့နေ့မှာ ကျွန်မရဲ့ဘယ်ဘက်ပါးကလေးကို လူမသိအောင်
ခိုးနမ်းခဲ့ဖူးတဲ့ သူ့နှုတ်ခမ်းရာလေး တစ်ခု...
ကီးချိန်းလေးနဲ့ ဓာတ်ပုံတွေက အချိန်ကြာရင်ပျောက်ပျက်သွားနိုင်ပေမဲ့
သူနမ်းခဲ့ဖူးတဲ့ ဘယ်ဘက်ပါးကလေးကတော့.............
(ဟန်နာစနိုး)
No comments:
Post a Comment