Sunday, September 8, 2013

သံစဉ်များရဲ့ အလွမ်းကဗျာ

(၁)

Do Re Me Fa So La Ti Do......
သံစဉ်များ.....................
သံစဉ်များနှင့် ကျွန်မ ငယ်စဉ်ကတည်းကထိတွေ့ခွင့်ရခဲ့သည်။
ဆရာဝန်ဘ၀ကို ပထမဘ၀ဟု ကျွန်မသတ်မှတ်ခဲ့လျှင်
ဂီတသံစဉ်များက ကျွန်မ၏ဒုတိယဘ၀ပါပေ။
မြောက်များလှစွာသော အဖြူအမည်း ခလုတ်များပေါ်သို့
လက်ချောင်းများကို တို့ထိကစားလိုက်ရုံမျှဖြင့်
လှပသော သီချင်းကလေးများထွက်ပေါ်လာသည်မှာ မည်မျှ
အံ့သြစရာ ကောင်းပါသနည်း။စန္ဒယားတီးနေသည့်အချိန်
ပတ်ဝန်းကျင်ကိုဂရုမစိုက်မိသဖြင့်လည်း စိတ်၏တည်ငြိမ်မှုကို
အတိုင်းအတာတစ်ခုထိရရှိသဖြင့် ဂီတ ကိုကျွန်မပိုစိတ်ဝင်စားမိ
တာလည်းပါမည်ထင်ပါသည်။ဒိုရေမီဖာ ဂီတသံစဉ်တွေကိုကျွန်မ
ချစ်သလို ထိုဂီတသံစဉ်ပေါ်တွင် အခြေပြုမွေးဖွားလာသော သီချင်း
စာသားများကိုလည်း ကျွန်မမြတ်နိုးမိလေသည်။စိတ်ညစ်သည့်အချိန်
ပျော်သည့်အချိန်..၀မ်းနည်းသည့်အချိန်...၀မ်းသာသည့်အချိန်
စသည့်လူ့လောကကြီး၏ လောကဓံများကိုခံစားရသည့်အခါတိုင်း
ကျွန်မ အနားမှာအမြဲအဖော်ပြုနေသည်က ထိုသီချင်းများပါပေ။
ထိုသီချင်းများနှင့် ကျွန်မ အမြဲလိုလိုအတူတူရှိနေတာတွေများလာသည့်အခါ
သီချင်းများက ကျွန်မ ဘ၀ကိုညွှန်ပြလာလေတော့သည်။

(၂)
မောင်နှင့် ကျွန်မကြားမှာလည်း သံစဉ်တွေက အဓိကနေရာကပါဝင်
ခဲ့ပါသည်။မောင်ကလည်း သီချင်းတွေကို ချစ်သလို ကျွန်မကလည်း
သီချင်းတွေကို ချစ်ပါသည်။သီချင်းတွေကိုချစ်တတ်တာခြင်းတူသလို
ကျွန်မတို့နှစ်ယောက်လုံးမည်သည့်တူရိယာကိုမှ
မတီးတတ်တာခြင်းလည်း တူညီလှပါသည်။

မောင်နှင့်ချစ်သူဘ၀ကိုဖြတ်သန်းရသည်မှာပျော်စရာကောင်းလှသည်။
ဘယ်သွားသွားဘယ်လာလာ သီချင်းများက ကျွန်မတို့နှစ်ယောက်ကြား
တွင် တတိယလူအဖြစ်ပါလာတတ်ပါသည်။

"အတူတူမင်းနားရှိခဲ့တဲ့ ဘ၀နေ့ရက်တွေ..ရင်ခုန်မြတ်နိုးရင်းသာတို့
အမြဲသတိရနေ..တစ်နေရာတစ်ကမ္ဘာခြားပါစေ..မင်းအတွက်ပေါ့
မကုန်နိုင်ဒီအချစ်များစွာကို."....

ပထမဆုံးမောင်နဲ့ချစ်သူစဖြစ်ကာစ ဒီသီချင်းလေးကို
ညည်းမိကတည်းက ကျွန်မ သိခဲ့သင့်မိသည်လေ။

(၃)
"နင်ဟာ ဟိုအရင်အတိုင်းပဲရှိမယ်....ငါအသက်တစ်ရက်ရှည်ရင်
ပိုကြေကွဲပါတယ်..နင်ငါ့ကိုစိတ်နာနေလား..ချစ်တဲ့သူရေ..
နင်ဟာ ငါမပိုင်တဲ့ သူစိမ်းလေး.."..

ဒီသီချင်းဟာမောင်အကြိုက်ဆုံးသီချင်းတဲ့..ဒီသီချင်းကို
မောင်ဆိုပြတုန်းက မောင့်မျက်နှာမှာအဆွေးရိပ်လေးတစ်ခုဖြတ်သန်း
သွားတာကို ကျွန်မ မြင်ဖြစ်အောင်မြင်လိုက်မိသေးသည်။နှုတ်က
ဘာတစ်ခုမှထုတ်ဖော်မပြောမိခဲ့ပေမဲ့ မောင့်မျက်နှာအရိပ်အကဲကို
မောင်တစ်ခွန်းမှမပြောဘဲ ဖတ်တတ်သူက ဒီကမ္ဘာမှာမောင့်အမေ
ပြီးလျှင် ကျွန်မပဲ ရှိမည်ထင်သည်။

"မိုးပြေးလေးပါပဲ..အသည်းထဲခဏ၀င်ခဲ့...လာပါဆိုတော့လည်းပဲ..
အဝေးဆုံးကိုပြေးခဲ့..."...
မောင်..မောင်ဟာတကယ်တော့ ကျွန်မဘ၀ရဲ့မိုးပြေးလေးပဲ
ဖြစ်ခဲ့မှာပါနော်...ကျွန်မပြောခဲ့ပါပြီရော...သီချင်းတွေက ကျွန်မရဲ့
ရှေ့ဆောင်လမ်းပြတွေ..ကျွန်မဘ၀ရဲ့ လမ်းညွှန်မှုတွေပါလို့.....

(၄)
ကျွန်မ ဘ၀မှာလုံးဝနားထောင်ဖြစ်မှာမဟုတ်တော့သောသီချင်း
တစ်ပုဒ်ရှိခဲ့လေသည်။ထိုသီချင်းကို မောင်နှင့်ကျွန်မ ခွဲခွာသောနေ့တွင်
မြစ်ကမ်းစပ်ဘေးမှာထိုင်ကာ မျက်ရည်များဝဲလျက်
နှစ်ယောက်သားသီဆိုခဲ့ကြသည်။

"အိုး...ကစ္စပနဒီ..အိုး..ကစ္စပနဒီ......
လှိုင်းလေတွေကြားးငိုရှိုက်သံများ..ပျံ့လွင့်နေပြီ....
အိုး..ကစ္စပနဒီ...အိုး...ကစ္စပနဒီ....
ချစ်နေလျက်များ..ရင်နင့်စေသလား.....
ဆွေးလို့ ကျန်နေခဲ့ပြီ."...........

"ဖြေရှင်းပြခဲ့တာ..သူကလည်းနားလည်...ခွင့်လွှတ်ငိုကြွေးခဲ့ပြီ..".....

မောင်ဆက်မဆိုနိုင်တော့..အသံများတိမ်ဝင်လျက်.......

"ရှောင်ပေးတဲ့ချစ်သူ..ကျန်နေခဲ့တဲ့သူ...အတူနှစ်ယောက်လုံး
ဆွေးကြရှာပြီ...".............
ငိုချင်သောစိတ်ကို မောင်မသိစေရဘဲ အံကိုကြိတ်လျက် ကျန်နေသော
သီချင်းစာသားတို့ကိုကျွန်မ ဆက်ဆိုခဲ့ပြီး...မောင့်ဘေးနားကနေ
အသာလှည့်ထွက်ခဲ့လေတော့သည်။

(၅)
ကွန်ပျူတာကိုကျွန်မဖွင့်လိုက်သည်။desktop ပေါ်တွင် သီချင်းလေးတစ်ပုဒ်
ကိုအမြဲတင်ထားခဲ့သည်မှာ မောင်နှင့်လမ်းခွဲပြီးကတည်းကဖြစ်လေသည်။
ထိုသီချင်းလေးပေါ်သို့ ကလစ်ကလေးကို နှစ်ချက်ဆင့်နှိပ်လိုက်သည်။
လှပသောဂစ်တာသံလေးများချက်ခြင်းလွင့်ပျံလာသည်......

"ဒုက္ခမိုးစက်အောက်...င့ါအတွက် မလျှောက်နဲ့တော့...
သွားလိုက်ပါ..ကျောခိုင်းတော့....
ပျော်စရာတွေ မရှိဘူး

အချစ်တစ်ခုနဲ့ရောနှော...ဘ၀ကိုမဖျက်နဲ့တော့..
သွားလိုက်ပါ လမ်းခွဲတော့
ငါမငြိုငြင်ပါဘူး..

ကံကြမ္မာ မုန်တိုင်းတစ်ခု င့ါဆီနင်ဝင်မလာသင့်ဘူး..
မကိုးကွယ်နဲ့..အချစ်က ဘာမှအရေးမကြီးဘူး...

မင်းငါ့ကိုမေ့လိုက်တော့...မျှော်လင့်ချက်ထားတာမှားပြီနော်..
အိပ်မက်ကတစ်ခုမှဖြစ်မလာတော့..
မင်းလေးငါ့ကိုမေ့လိုက်တော့...
ကျေနပ်ဖို့အပြစ်တွေပေးလိုက်တော့..ခံစားချက်မဲ့တယ်ပြောချင်ပြော..
တစ်နေ့တော့နားလည်လိမ့်မယ်နော်..မင်းလေးငါ့ကိုမချစ်နဲ့တော့...
မင်းငါ့ကိုမေ့လိုက်တော့.."...

မျက်ရည်များနှင့်Repeat ခလုတ်ကိုနှိပ်လျက်..........
အသံများကွဲအက်သွားသည်ထိ ထိုသီချင်းကိုသီဆိုရင်း...

(၆)
ပြောခဲ့ဖူးသည့်စကားကိုပဲ ထပ်ကာပြောပါမည်။
ကျွန်မချစ်သော ကျွန်မမြတ်နိုးသောသံစဉ်များ သီချင်းများက
ကျွန်မဘ၀ရဲ့ လမ်းညွှန်မှုများဖြစ်ခဲ့လေသည်။
နှင်းငယ်

No comments:

Post a Comment