ထို့ကြောင့် သူ့ကို ချစ်သည်
ကျွန်မပေါင်ကို ခေါင်းအုံးကာ အိပ်နေသည့် သူ့ပုံစံလေးက
အပြစ်ကင်းလွန်းလှသည်...ကျွန်မထက်အသက်ငယ်ပေမဲ့
အရာရာမှာကျွန်မထက် ရင့်ကျက်နေတတ်သည့်သူက ယခုတော့
ပီဘိကလေးငယ်လေးတစ်ယောက်လို.....ကျယ်ပြန့်သည့်သူနဖူးလေးနှင့်
လှိုင်းတွန့်ဖြစ်နေသော သူ့ဆံပင်လေးတွေကို ကျွန်မလက်ကလေးနှင့်
အသာအယာပွတ်သပ်ပေးမိသည်...ဒီအထိအတွေ့တွေမှာ စွန်းထင်းသော
တဏှာဆိုတာ မပါ....အစ်မတစ်ယောက်က မောင်ငယ်လေးတစ်ယောက်ကို
ထွေးပွေ့ထားသလို...မိခင်တစ်ယောက်က သူချစ်သော သားငယ်လေးကို
ချော့သိပ်ပေးသလို....
သူနဲ့ကျွန်မ ရင်းနှီးခဲ့တာကြာပြီ...ကျွန်မစိတ်ညစ်တိုင်း သူ့ကိုအရင်ဆုံး
သတိရတတ်သည်..သူ့ကိုအမြဲတမ်းလည်းရင်ဖွင့်တတ်သည်...
အဲ့သလိုပဲ...သူကလည်းသူနဲ့ပတ်သတ်ခဲ့သောမိန်းကလေးများအကြောင်း
ကျွန်မကိုရင်ဖွင့်သည်...သူတွဲခဲ့သောမိန်းကလေးတိုင်းကို အချစ်စစ်
အချစ်မှန်နဲ့ချည်းချစ်ခဲ့သည်(သူ့အပြောပေါ့လေ) ဆိုသော်ငြား
ကောင်မလေးတိုင်းကတည်းတစ်ယောက်မဟုတ်တစ်ယောက်အမြဲ
သူ့ကိုပစ်သွားတတ်သည်..မှတ်မှတ်ရရ သူချစ်ခဲ့သောအချစ်ဦးနှင့်ပတ်သတ်ပြီး
သူငိုရသည်ဟုပြောခဲ့သည့် ညတစ်ည...ငိုနေမဲ့သူ့မျက်နှာကိုမြင်ယောင်ပြီး
ကျွန်မ စိတ်မကောင်းဖြစ်ခဲ့ရဖူးသည်...သူ့တစ်သက်တာတွင် ထိုကောင်မလေး
ကြောင့်ပဲ မျက်ရည်ကျခဲ့ဖူးသည်ဟုပြောပြတော့ အပြင်မှာကျွန်မ မမြင်ဖူးသော
ထိုကောင်မလေးကို အားကျမိသလိုလို...မနာလိုမိသလိုလို.....
သူ့ကောင်မလေးများအကြောင်းပြောလျှင် ကျွန်မကပြုံးရွှင်စွာနားထောင်
ပေးတတ်ပေမဲ့ ကျွန်မကောင်လေးများအကြောင်းပြောလျှင်တော့
သူ့မျက်နှာကသုန်မှုန်သွားတတ်သည်...ရည်းစားထားမည်ဟုများပြောလိုက်
လျှင်တော့ စိတ်တိုသည့်မျက်ဝန်းတွေနှင့် ကြည့်ခံရမည်မှာ အသေအချာပင်..
တစ်ခါတစ်ခါ ထိုမျက်ဝန်းမျိုးတွေနဲ့အကြည့်ခံလိုသဖြင့် တမင်လည်း
စနောက်ခဲ့ဖူးသည်...ထိုအခါမျိုးတွင်တော့ ကျွန်မရင်ထဲတွင် ပျော်ရွှင်သလိုလို..
ကြည်နူးသလိုလို..ဒါပေမဲ့ ထိုစိတ်မျိုးသည် သာယာသောစိတ်တော့မဟုတ်...
သွယ်သွယ်လျလျမရှိသည့် သူ့ညာဘက်လက်ကလေးကို ကျွန်မလက်နှစ်ဖက်နှင့်
အသာအယာကိုင်ထားမိသည်..ခြေချောင်းကလေး လက်ချောင်းကလေးများ
လှသော ယောက်ျားကလေးများကို ကျွန်မစိတ်ဝင်စားသည်..ထိုသွယ်လျနေသော
လက်ချောင်းခြေချောင်းလေးများကို ကိုင်ကြည့်ချင်တတ်သည်..
ယောက်ျားကလေးတစ်ယောက်ကိုကြည့်လျှင်ခြေဆံလက်ဆံကို အရင်
ကြည့်တတ်သည်မှာကျွန်မအကျင့်..ယခု ကျွန်မဆုပ်ကိုင်ထားသော
သူ့ညာဘက်လက်တစ်ဖက်သည် သွယ်လျမနေ...ကျွန်မနှစ်သက်သော
သေးသွယ်ရှည်လျားသည့် လက်ချောင်းများမဟုတ်ပေမဲ့ ထိုလက်များကိုမူ
ကျွန်မ နှစ်သက်မြတ်နိုးမိလေသည်...ထိုလက်တစ်စုံ၏ဆွဲခေါ်ရာနောက်မှာ
ကျွန်မဘ၀၏လုံခြုံမှုတစ်ခုကိုခံစားခဲ့ရဖူးသည်..ထို့ကြောင့်ထိုလက်တစ်စုံကို
ကျွန်မ နှစ်သက်မြတ်နိုးမိသည်..
လူတွေသည်အိပ်ပျော်နေလျှင်အပြစ်အကင်းဆုံးပဲတဲ့..ထိုစကားအတော်မှန်သည်..
အိပ်မောကျနေသော သူ့မျက်နှာလေးကို ခဏခဏငုံ့ကြည့်မိသည်...
ကျယ်ပြန့်သော သူ့နဖူးပြင်လေးကို ခိုးခိုးနမ်းမိသည်မှာလည်းအကြိမ်ကြိမ်..
ကျွန်မငုံ့နမ်းလိုက်တိုင်း ကျွန်မဆံပင်တွေကသူ့မျက်နှာပေါ်အုပ်မိုးမိပြီး
လန့်နိုးသွားမည့်အဖြစ်ကိုတော့ ကျွန်မ မလိုလား...ဘာမဆိုင်ညာမဆိုင်
ခေါင်းစည်းကြိုးမယူခဲ့မိသည့်ကိုယ့်ကိုကိုယ်ပင် အပြစ်တင်မိသေး...
ကျွန်မသူ့ကိုချစ်သည်...ကမ္ဘာပေါ်တွင် ကိုယ်အခင်တွယ်ရဆုံးသူစိမ်း
ယောက်ျားသားနှစ်ဦးထဲမှာ သူသည်လည်းတစ်ယောက်အပါအ၀င်..
ကိုယ့်ဆီက ဘာမှရယူလိုစိတ်..(ရိုင်းစိုင်းသည့်အသုံးအနှုန်းနှင့်ပြောရ
လျှင် ကိုယ့်ကိုတပ်မက်တဲ့စိတ် ) တစ်စက်မှမရှိဘဲနဲ့ ကိုယ့်ကို ကာကွယ်ပေးတာ
မြင်ရတော့ သူနှင့်ဆုံတွေ့ခွင့်ပေးခဲ့သည့် ကံကြမ္မာကို ကျေးဇူးတင်မိသည်..
တစ်ခါတစ်ခါ သူပေးသည့်လုံခြုံမှုတွေကို တစ်သက်လုံး လိုချင်နေမှာစိုးသဖြင့်
သူ့ဘေးနားကထွက်ခါဖို့ကြိုးစားသည်မှာလည်း အကြိမ်ကြိမ်.....
ခုချိန်ထိတော့မအောင်မြင်သေး....
ဒါပေမဲ့သူနှင့်ကျွန်မကြားမှာ ကွာဟချက်တစ်ခုရှိသည်...
သူက ပြောမှ...ဖွင့်ဟတောင်းဆိုမှ ပေးတတ်သူ..
ကျွန်မက ကိုယ့်ဘက်ကဖွင့်ဟပြောဆိုမှတစ်ဖက်က ပေးလာတာကို မလိုချင်သူ...
တစ်ခုကိုတော့ယခုအချိန်ထိ တစ်ကိုယ်တည်းတွေးတောကာအဖြေရှာနေမိဆဲ..
ကျွန်မရင်ဘတ်ထဲမှာ..သူ့ကိုတန်ဖိုးထားပြီးချစ်သလောက် သူ့ရင်ထဲမှာရော
ကျွန်မက ဘယ်အတိုင်းအတာထိရှိသလဲ...
ထိုမေးခွန်းကိုတော့ မေးချင်မိသည်...အဖြေရှိမည့်မေးခွန်းလား...
အဖြေရှိပြီးထိုအဖြေကိုကြားခွင့်မရှိသည့် မေးခွန်းမျိုးလား...
မဖြေတတ်ဘူးဟုဆိုလျှင်တော့ ကျွန်မကိုချွေးသိပ်ထားမည့်
မေးခွန်းမျိုးဖြစ်လေသည်...
ရင်ဘတ်ကြယ်သီးတွေဖြုတ်ကာအိပ်နေသောသူ့ကို အအေးမိမှာစိုးသဖြင့်
အကျီင်္ကိုပြန်စေ့ပေးထားလိုက်သည်...အိပ်ပျော်နေတာမှ နှစ်နှစ်ခြိုက်ခြိုက်...
ကျွန်မထက်လူကောင်သေးလျှင် ကလေးငယ်များပွေ့သလို ပွေ့ထားလိုက်ချင်သည်..
နွေးထွေးစွာလည်းဖက်ထားချင်သည်...
တစ်ခါတစ်ခါတွေးတောဖူးသည်..ကိုယ့်အချစ်တွေများအရောင်စွန်းထင်း
နေသလား...အဲ့လိုတွေးလိုက်မိတိုင်း သူနှင့်ချစ်သူဘ၀ဆိုတာကို
စိတ်ကူးယဉ်ကြည့်ဘူးသည်...အဲ့လိုကျလည်း ၁၅၀၀ လို ချစ်လို့မရ...
၅၂၈ က လားဆိုတော့လည် မကဖူးဟုထင်မိသည်...
ကိုယ့်အတ္တက များ ကိုယ့်အချစ်တွေကိုအရောင်ပြောင်းလဲပစ်ခဲ့လေသလား..
ယောက်ျားသားများရဲ့နှိမ်တဲ့အကြည့်တစ်ချို့...မြေနိမ့်ရာလှံစိုက်တတ်သည့်
အပြုအမူတစ်ချို့..ကိုယ့်သိက္ခာပိုင်းကိုနင်းသည့် ကိစ္စရပ်တစ်ချို့...
ထိုထိုသောကိစ္စရပ်မျိုးနှင့်ရင်ဆိုင်ရသည့်အခါ..ဒါဟာကျွန်မချစ်သူပါ
ဆိုပြီး သူ့လက်မောင်းကိုချိတ်ကာလူပုံအလယ်မှာ သွားပြချင်ခဲ့ဖူးသည်..
ဒီလိုဆို ကျွန်မဟာသိပ်အတ္တကြီးတဲ့ လူသားတစ်ယောက်ဖြစ်နေမှာပေါ့..
ကိုယ့်ဘ၀လုံခြုံမှုအတွက် သူ့သိက္ခပိုင်းကို နင်းသလိုဖြစ်နေမှာပေါ့...
အရာရာမှာ ချွတ်ယွင်းချက်တွေနှင့် ကျွန်မလိုမိန်းမသားတစ်ယောက်နဲ့
သူတွဲသွားရတဲ့အတွက် သူ့ဂုဏ်သိက္ခာဆိုတာ ကျမှာပေါ့....
ကျွန်မဟာအတော်အတ္တကြီးတဲ့ မိန်းမတစ်ယောက်ဖြစ်နေခဲ့တာပေါ့..
အဲ့လိုတွေ တွေးလိုက်မိတိုင်း ကျွန်မ ဦးခေါင်းတစ်ခုလုံးဟာ ချာချာလည်လို့...
ကျွန်မသူ့ကိုနွေးထွေးစွာ ပွေ့ဖက်သလို သူ့ဆီကလည်း အပွေ့အဖက်တစ်ချို့
ပြန်လိုချင်သည်..ကျွန်မသူ့ကို ကြင်နာစွာ နမ်းသလို သူ့ဆီက
အနမ်းတစ်ချို့ကိုလည်း တောင်းတမိဖူးသည်...ကျွန်မသူ့ကိုချစ်သလို
သူ့ဆီက အချစ်အပိုင်းအစလေးများကိုလည်း မက်မောဖူးသည်..
ဘယ်လိုအချစ်မျိုးနဲ့ ချစ်သလဲ သေချာမသိပေမဲ့..
သေချာတာတစ်ခုကတော့ ကျွန်မသူ့ကိုချစ်သည်......
နှင်းငယ်
No comments:
Post a Comment