လေပြင်းတစ်ချက်ကြောင့် ရုတ်တရက်ကြွေလွင့်ခဲ့ရသော ပန်းလေးတစ်ပွင့်အကြောင်း......
အချိန်ကား ညကိုးနာရီဝန်းကျင်ခန့်...
မန်းလေးမြို့တွင်လူစည်ကားသောလမ်းမကြီးတစ်ခုဖြစ်သည့်အလျောက်
ထိုလမ်းမပေါ်တွင် လူများရှုပ်ထွေးစွာ သွားလာလျက်ရှိသည်။ဒေါ်မြ၀င်း
တစ်ယောက် သူပိုင်ဆိုင်သော ကွမ်းယာဆိုင်လေးကို ပိတ်လျက်
ထိုလမ်းမကြီးအတိုင်း စက်ဘီးလေးနင်းလျက် ပြန်လာခဲ့သည်။
ယခင်နေ့များကဆယ်နာရီမှပိတ်သော်လည်း ယနေ့အတွက်
ကွမ်းယာတော်တော်ရောင်းရသဖြင့် နေ့တွက်ကိုက်သည်ဟု
ယူဆကာ စောစောပြန်လာခဲ့ခြင်းဖြစ်လေသည်။ခါးလည်ထိရှည်သော
သူ၏ဆံပင်များကို သားရေကွင်းလေးနှင့်စုစည်းလျက် နောက်သို့ချထားကာ
မြို့ပြ၏အလှအပများကိုခံစားရင်း အေးအေးလူလူနှင့် သီချင်းပင်ညည်းနေလိုက်
သေးသည်။အသက်လေးဆယ်ကျော်လာပြီဖြစ်သည့်အလျောက်
ဘာသာတရားလေးလည်း နည်းနည်းစွက်လာပြီဖြစ်သဖြင့်
နာနာဘာဝဆိုတာများကိုတော့ ဒေါ်မြ၀င်းတစ်ယောက် လုံးဝ
အယုံအကြည်မရှိပေ။ညအချိန်ဒေါ်မြ၀င်းကြောက်သည်က လူ ပဲ
ဖြစ်သည်။ သရဲ ကလူကိုမရိုက်နိုင်ပေမဲ့ လူ ကတော့ ဒေါ်မြ၀င်းကို
ရိုက်နိုင်သည်။ထို့ကြောင့် သီချင်းလေးကိုညည်းလျက် သတိလေးကိုလည်း
ကပ်ထားကာ စက်ဘီးကိုပုံမှန်နင်းလျက် အိမ်သို့ ပြန်လာခဲ့လေသည်။
(၂)
အဖြူရောင်ဂါဝန်ဖြူလွလွလေးကို ၀တ်လျက် ဆံပင်လေးကို
ချထားသော မိန်းကလေးတစ်ယောက်ကို ကားမီးရောင်များကြောင့်
ဒေါ်မြ၀င်း အဝေးကပင်လှမ်းမြင်နေရသည်။ထိုမိန်းကလေးက
လက်ကလေးကိုရှေ့သို့ဆန့်တန်းလျက် လာသမျှ ကားများ
ဆိုင်ကယ်များကို တားကာ အကူအညီတောင်းနေသယောင်..
ထူးဆန်းစွာပင် သူ့ကိုဘယ်ကားဆိုင်ကယ်မှလည်း ရပ်မပေးကြ...
ဟိုမှာကောင်မလေးတစ်ယောက် လက်တားနေပါလား..
ဒီအချိန် ကိုးနာရီလောက်ကြီး တစ်ယောက်တည်း..ဘာများဖြစ်လို့ပါလိမ့်..
ဒေါ်မြ၀င်း စက်ဘီလေးကို လက်တားနေသောကောင်မလေးနားမှာ
ရပ်လိုက်သည်။သူ့မှာလည်း သမီးနှစ်ယောက်ရှိသဖြင့် သားသမီးချင်း
ကိုယ်ချင်းစာသည့်စိတ်ဖြင့် ရပ်ပေးလိုက်ခြင်းဖြစ်သည်။
"သမီး ဘာဖြစ်လို့လဲ...တစ်ယောက်တည်းလား..."
"ဟုတ်တယ်..အန်တီ..သမီး ဆိုင်ကယ်ဘီးပေါက်နေလို့ ဆိုင်မှာ
ဖာထားခဲ့တာ..ဒီနားတင်လေညှင်းခံဆိုပြီး ထွက်လာတော့ ပိုက်ဆံကလည်း
ပါမလာခဲ့ဘူး..ဆိုင်ကယ်ပြင်ဆိုင်မှာလည်း တစ်ယောက်တည်းထိုင်မစောင့်
ချင်တာနဲ့...သမီးအိမ်ကလည်း နည်းနည်းဝေးသေးတယ်..တစ်ယောက်တည်း
ဒီအချိန်ကြီးလည်း လမ်းလျှောက်မပြန်ရဲတာနဲ့...လူစည်တဲ့လမ်းမကြီးပေါ်
တက်လာတာအန်တီ..အန်တီ့ကိုလှမ်းမြင်လိုက်တော့ ကိုယ့်အမေလို
စိတ်ထဲဖြစ်လာတာနဲ့ လှမ်းတားမိတာပါ ..အပန်းမကြီးရင်
သမီးကို အိမ်လိုက်ပို့ပါလားဟင်...."
ဒေါ်မြ၀င်းတစ်ယောက် ကောင်မလေးကို အကဲခတ်ကြည့်လိုက်သည်။
မျက်ဝန်းထဲမှာ ကြောက်လန့်ညှိုးငယ်ခြင်းအရိပ်အယောင်လေးတွေကို
တွေ့လိုက်ရသည်။စိတ်ထဲတွင်လည်း ကိုယ့်သမီးလေးသာဖြစ်လိုက်ရင်
ဆိုသည့်အတွေးက ချက်ချင်းကြီးစိုးလာသည်။မကောင်းသည့်မိန်းကလေး
တော့မဟုတ်တန်ရာ..မကောင်းသည့်မိန်းကလေးဆိုလျှင်လည်း
.ကောင်လေးတွေကိုပဲ လက်တားမှာပေါ့..ပုံစံလေးကလည်း ငိုချင်နေသည့်
ပုံလေး..
"သမီး အိမ်ကဘယ်နားလေးလဲ..နောက်တစ်ခါလေညှင်းခံထွက်လည်း
အဖော်အလှော်လေးတော့ခေါ်ပါသမီးရယ်..ခေတ်ကြီးကကောင်းတာ
မဟုတ်ဘူး..မတော်တရော်တွေနဲ့တွေ့မှဖြင့်..အန်တီ့သမီးလေးလို
သဘောထားလို့ ပြောတာပါကွယ်..."
"ဟုတ်ကဲ့အန်တီ..သမီးကလည်းတစ်ဦးတည်းသောသမီးဆိုတော့..
မိန်းမဖော်မရှိလို့ပါအန်တီ..သမီးအိမ်က ဟိုနားလေးတင်ပါ.."
ကောင်မလေးကသူ့အိမ်လိပ်စာကိုပြောပြသည်..ဒေါ်မြ၀င်း
အိမ်ပြန်ရမည့်လမ်းမကြီး နှင့်သိပ်မဝေး..လမ်းကြားလေးတစ်ခုထဲသို့ပဲ
ဝင်စရာရှိသည်။ထို့ကြောင့် သူမ လိုက်ပို့ရန်ဆုံးဖြတ်လိုက်သည်။
"ကဲ..သမီး..နောက်ကတက်..အန်တီပဲနင်းမယ်..ညည်းပုံစံကြည့်ရတာ
ဖြူဖျော့ဖျော့ ယိုင်နဲ့နဲ့လေး..သွေးမရှိတဲ့ပုံစံလေးနဲ့... ငါပဲနင်းပါ့မယ်.."
"ဟုတ်ကဲ့..အန်တီ..ကျေးဇူးတင်ပါတယ်...သွေးမရှိဆို မနက်ကသမီး
သွေးတွေ တအားကုန်ထားတာကိုး အန်တီရဲ့..စက်ဘီးပေါ်တက်ပြီနော်
အန်တီ..."
ကောင်မလေးပြောစကားကြောင့် ဒေါ်မြ၀င်းတစ်ယောက်ဘာရယ်မသိ..
ကြက်သီးတွေဖြန်းကနဲ ထလာသည်။ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့လည်း
လူတစ်ချို့မျက်ဝန်းများက တစ်ယောက်တည်းစကားပြောနေသော အရူး
တစ်ယောက်ကို ကြည့်နေသလို...
(၃)
ကောင်မလေးကြည့်ရတာပိန်ပိန်ပါးပါးလေးပေမဲ့ သူ့ကိုတင်ပြီး တကယ်
နင်းကြည့်လိုက်တော့ တော်တော်အားစိုက်ရသည်။ငါလည်းအသက်ရလာလို့
ထင်တယ်..ဒီလိုဂျပိန်လေးကို တင်နင်းတာတောင် ငါ့မှာ မောနေတာဟု
ကိုယ့်ဇရာကိုပဲ အပြစ်တင်မိသည်။
နောက်သို့ချထားသော ကိုယ့်ဆံပင်တွေကို တို့ထိနေသလိုခံစားလိုက်ရ
သဖြင့် နောက်သို့လှည့်ကြည့်လိုက်မိသည်။ကောင်မလေးက
လေထဲလွင့်နေသောဒေါ်မြ၀င်းဆံပင်တွေကို သူ့လက်ကလေးများဖြင့်
တို့ထိကစားနေသည်။ဒေါ်မြ၀င်းနားမလည်နိုင်ဖြစ်သွားသည်။
သမီးအရွယ်လေးက ကိုယ့်အမေအရွယ်ဆံပင်ကို ကိုင်တွယ်ကစားနေသဖြင့်
စိတ်လည်းနည်းနည်းဆိုးသွားသည်။ပါးစပ်ကတော့ဘာမှမပြောမိ..
သူ့အိမ်နားလည်း ရောက်ခါနီးပြီဖြစ်သဖြင့် ဖြစ်ပေါ်နေသော ဒေါသတို့ကို
ထိန်းချုပ်ထားလိုက်သည်။
သူ့အိမ်လမ်းကြားထဲသို့ ချိုးကွေ့လိုက်သည်။သူပြောပြသောအိမ်နံပါတ်ရှေ့သို့တော့
မရောက်သေး။
"သမီး..သမီးအိမ်နားရောက်နေပြီနော်..ဟိုမြင်နေရတဲ့အိမ်လား..."
ကျွန်မမေးတော့ ကောင်မလေးဆီက ဖြေသံမကြားမိ..
စိတ်ထဲတွင် ထိတ်ကနဲဖြစ်သွားလျက် စက်ဘီးနောက်ခုံကို
လှည့်ကြည့်လိုက်မိသည်..ဘယ်သူမှမရှိတော့..မိန်းကလေးရော..
မိန်းကလေးဘယ်ရောက်သွားပါလိမ့်..မကောင်းသောအနံ့အသက်
များနှာခေါင်းထဲသို့ တိုးဝင်လာသည်။ကိုယ့်ဆံပင်တွေကိုလည်း တစ်ယောက်ယောက်က
လက်ဖြင့်တိုထိနေသယောာင်ယောင်...ကြောက်စိတ်တို့ဖြစ်ပေါ်လာလျက်
ကြက်သီးတို့ဖြန်းကနဲထသွားမိသည်..မသိစိတ်ကလည်း ဒီလမ်းကြားထဲကနေ
မြန်မြန်ထွက်သွားဟု ပြောနေသယောင်.စက်ဘီးလက်ကိုင်ကို
တင်းတင်းဆုပ်ကိုင်လျက် ဒေါ်မြ၀င်းတစ်ယောက် မည်းမှောင်နေသော
လမ်းကြားထဲမှ အမြန်ပြေးထွက်လာခဲ့လေသည်။။
(၄)
အိမ်ပြန်ရောက်တော့ ဒေါ်မြ၀င်း မျက်နှာရိပ် မျက်နှာကဲကို
အမြဲဖတ်နေသော အမျိုးသားက မေးသည်..မင်းဘာဖြစ်လာတာလဲတဲ့..
ဖြစ်ကြောင်းကုန်စင်ကို အမျိုးသားကို ဖွင့်ဟပြောပြမိသည်။
"မင်းကလည်း..နေ့တိုင်းသွားလာနေတဲ့လမ်းဖြစ်ပြီးတော့
အဲ့ဒီအကြောင်းမသိသေးဘူးလားကွာ..င့ါမိန်းမကတော့
ကွမ်းယာဖို့လောက် စိတ်ကရောက်နေတာကိုး...
အဲ့လမ်းထောင့်မှာ လွန်ခဲ့တဲ့တစ်ပတ်လောက်က မိန်းကလေး
ချောချောလေးတစ်ယောက် ကားကြိတ်မိပြီးသေသွားတာလေ..
သွေးတွေမှ အိုင်ထွန်းနေတာပဲ..အဲ့ဒီနားကလူတွေမကြည့်တောင်
မကြည့်ရက်ကြဘူးပြောတယ်...ကောင်မလေးက ငယ်ငယ်လေးကွာ..
ခေါင်းတစ်ခုလုံးပြားသွားတာ..အိုင်နေတဲ့သွေးတွေ ခပ်ရင်
ပလတ်စတစ်ပုံးတစ်လုံးလောက်တောင်ရမယ်ထင်တယ်..."
ဒေါ်မြ၀င်းတစ်ယောက်ယခုမှကြောက်စိတ်တို့က ငယ်ထိပ်သို့
တက်ဆောင့်သည်။။
"အန်တီကလည်း..သမီးမနက်ကသွေးတွေဆုံးရှုံးသွားတာကိုး" ဆိုတဲ့
စကားသံလေး နားထဲတိုးဝင်လာပြန်သည်။
ဘုရား..ဘုရား..သနားစရာ မိန်းကလေးပါလား...
အက်စီးဒန့်ဖြစ်ပြီးသေတာဆိုတော့ မကျွတ်မလွတ်ဖြစ်နေတယ်ထင်ပါရဲ့..
ဘုရားစာအုပ်တွေထဲဖတ်ဖူးတာတော့ ဒီလိုကိုယ်ထင်ပြတာ
အကူအညီတောင်းချင်လို့တဲ့....ငါသူ့အတွက် ကုသိုလ်လုပ်ပေးမှထင်တယ်..
"ယောက်ျားရေ.အိမ်မှာပဲသီးတွေဝယ်ထားတာရှိတယ်မလား..".
"အေးရှိတယ်လေ..မိန်းမရဲ့..ဘာလုပ်မလို့လဲ.."
"ကျုပ်မနက်ကျ ပဲသီးနဲ့ကြက်ဥလေးကြော်ပြီး ဘုန်းကြီးဆွမ်းလောင်ချင်လို့ပါတော်..
ကျုပ်နဲ့ အခုဘ၀မှာ ဘာမှဆွေမျိုးမတော်စပ်ပေမဲ့ သူဒီလိုကိုယ်ထင်လာပြတယ်ဆိုတော့
ကျုပ်ဆီက အမျှဝေတာများကြားချင်နေသလားလို့..ကျုပ်ကိုအကူအညီတောင်းသလို
ခံစားနေရလို့ပါတော်...ကျုပ်သူ့အတွက် ကျုပ်နိုင်တဲ့ ကုသိုလ်လေးပြုပေးချင်လို့ပါ.."
"င့ါမိန်းမကတော့..အေးပါကွာ..မင်းနဲ့ငါကလင်မယားဆိုတော့ မင်းနဲ့တူတူ
ငါလည်းကုသိုလ်ရအောင် ငါပဲသီးလှီးပေးပါ့မယ်ကွာ...."
..............................................................................................
မီးစာလည်းမကုန်..ဆီလည်းမခမ်သေးပါဘဲနဲ့
လေပြင်းကြောင့်ရုတ်တရက် မီးငြိမ်းသွားရရှာသော
ညီမငယ်လေးတစ်ယောက်သို့....................................
ကောင်းရာမွန်ရာဘုံဘ၀ကို ရောက်ရှိပါစေ ညီမငယ်.....
(နှင်းငယ်)
No comments:
Post a Comment